Thursday, January 07, 2010

မဲဆွယ်ရောဂါပိုး


(၂၅-၄-၁၉၅၁ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာပါ ဆောင်းပါး)
ကျင်းပလတံ့သော အထွေထွေရွေးကောက်ပွဲသည် လာမည့် ဇွန်လ ၁၅ ရက်နေ့ထက် နောက်ကျလိမ့်မည်မဟုတ်သည်မှာ သေချာသည့်အတွက် နိုင်ငံရေးပါတီ အဖွဲ့အစည်းအသီးသီးတို့သည်လည်းကောင်း၊ တစ်သီးပုဂ္ဂလအဖြစ်နှင့် ယှဉ်ပြိုင်အရွေးခံကြမည့် သူများသည်လည်းကောင်း၊ ကျန်ကြားကာလ တစ်လသာသာမျှသော အချိန်တိုကလေးအတွင်းတွင် ၎င်းတို့နှင့်နီးစပ်ရာ မဲဆန္ဒရှင်အပေါင်းတို့အား ဖုတ်ပူမီးတိုက် နားပူနားဆာ လုပ်နေကြရပြီဖြစ်လေသည်။

ထိုသို့ဖြစ်ခြင်းကြောင့် အချို့အချို့သော မဲဆန္ဒရှင်တို့မှာ ဟိုလည်းမျက်နှာပူရ၊ ဒီလည်းမျက်နှာပူရနှင့် အတော်ပင် အနေခက်နေကြလေသည်။ အချို့အချို့သော မဲဆန္ဒရှင်များသည်လည်း မိမိတို့မနှစ်သက်သော အမတ်လောင်းများကို မဲမပေးလိုကြသောလည်း မနိုင်အင်္ဂါလူများ၏ တတွတ်တွတ် နားချမှုများကြောင့်လည်းကောင်း၊ လာဘ်သပကာရများနှင့် မြှူချော့ကြသည်ဖြစ်သောကြောင့်လည်းကောင်း၊ အန္တရာယ်ပြုရန် ခြိမ်းခြောက်ကြသောကြောင့်လည်းကောင်း စိတ်ထောင်းကိုယ်ကြေ ဖြစ်နေကြရလေသည်။ ၎င်းတို့မှာ ယခုအခါ စိတ်မပါသော အလုပ်ကို ဇွတ်လုပ်ရတော့မည့် ဘ၀သို့ ဆိုက်ရောက်နေကြရရှာလေသည်။

ဤသို့ဖြစ်ရခြင်းကို အကြောင်းပြု၍ ဆရာဝန်များ၏အဆိုအရ လူတိုင်းတွင် "Autoinfection" ဆိုသည့် အလိုလိုဖြစ်ပေါ်တတ်သော ရောဂါတစ်မျိုး ရှိနေလေသည်။ အဓိပ္ပါယ်မှာ လူတစ်ဦးတစ်ယောက်သည် အဆိပ်ကိုမျိုသောအားဖြင့်လည်းကောင်း၊ ကိုယ်တွင်းရောဂါ ဖောက်ပြန်မှုကြောင့်လည်းကောင်း၊ တစ်ပါးသူထံမှ ရောဂါကူးစက်သောကြောင့်လည်းကောင်း သေကြေပျက်စီးခြင်းသို့ ရောက်နိုင်ခြင်းပင် ဖြစ်လေသည်။

ထိုနည်းအတူ အသက်နှင့်ခန္ဓာကိုယ်ကို ဒုက္ခပေးသော ရောဂါရှိသကဲ့သို့ စိတ်ကိုလည်း ဒုက္ခပေးတတ်သော ရောဂါမျိုးလည်း ရှိသေးလေသည်။ စိတ်ကို ဒုက္ခပေးတတ်သော ရောဂါမျိုးသည် မိမိ၏အကျင့်စာရိတ္တကို ပျော့ညံ့အောင်လည်းကောင်း၊ မသန့်ရှင်းမစင်ကြယ် နောက်ကျိအောင်လည်းကောင်း၊ သိမ်ဖျင်းအောင်လည်းကောင်း၊ မကောင်းသောအကျိုးကို ပေးတတ်လေသည်။ အချို့သောသူတို့မှာ စိတ်ပျက်ပြားမှုကြောင့် တစ်သက်လုံး နလံမထူသည်လည်း ရှိ၏။ အချို့သူများမှာ တစ်ပါးသူတို့၏ ဖြားယောင်းမှုကြောင့် စိုက်လိုက်မတ်တတ် အယူလွဲပြီး လိပ်ပြာလည်းမသန့်၊ အသိဉာဏ်လည်းကင်း၍ အလုပ်အကိုင်လည်း အပေါက်အလမ်းမတည့်ဖြစ်တတ်လေသည်။

ယင်းသို့ဖြစ်လေရာ ဤသို့သော ခန္ဓာနှင့်စိတ်ကိုပါ အကျိုးပေးမကောင်းသည့်ရောဂါမျိုးမှ ကင်းရှင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာ၍ တည်ကြည်ဖြောင့်မတ်စွာ နေနိုင်ရန်မှာ အဆိုပါရောဂါမျိုးကို ဖြစ်ပွားစေတတ်သော ပိုးမွှားများအား၊ ဗျတ္တိတည်းဟူသော ကာဘော်လိပ်ဆေးနှင့် သတ်ပြီး၊ သမာဓိတည်းဟူသော တို့ဆေးနှင့် အကင်းသေအောင် ဖန်တီးနိုင်စွမ်းရှိမှသာလျှင် ဖြစ်နိုင်ပေမည်။

လောကတွင် ကိုယ့်စိတ်ကိုမှ ကိုယ်နိုင်အောင်မထိန်းနိုင်ပါက အဘယ်မှာလျှင် လူရာဝင်နိုင်ပါအံ့နည်း၊ လူရာမ၀င်သောသူများနှင့်သာ ပြွမ်းသောတိုင်းပြည်သည်လည်း အဘယ်လျှင် တိုးတက်ကြီးပွားနိုင်ပါအံ့နည်း။ ထို့ကြောင့် တိုင်းပြည်အတွင်းရှိ မဲဆန္ဒရှင်အပေါင်းတို့သည် ယခုအခါ အဆိုပါ မိမိအလိုနှင့် မတိုက်ဆိုင်ဘဲ နားပူနားဆာလုပ်မှု၊ လာဘ်သပကာရများနှင့် ချော့မြှူမှု၊ ခြိမ်းခြောက်မှု စသော ရောဂါပိုးများကို မသေ,သေအောင်သတ်ရန်မှာ မိမိအလုပ်ဖြစ်ကြောင်းကို ကောင်းစွာသိရှိနားလည်ထားကြရန် လိုအပ်ပေသည်။

၎င်းအလုပ်ကိုလုပ်ရာတွင် ပထမအချက်မှာ မိမိမဲဆန္ဒပေးမည့် အမတ်လောင်း၏အကြောင်းကို ဇာစ်မြစ်နှင့်တကွ သိကြရန်လိုလေသည်။ ဒုတိယအချက်မှာ လောကတွင် မည်သူမှ နတ်ရေကန်၊ ပုတ္တလုတ်အိုင်၊ ပဒေသာပင် စသည်တို့ကို တမဟုတ်ချင်း ဖန်တီးပေးနိုင်သည်မဟုတ်ဘဲ ပဉ္စလက်ဆရာချည်းသာ ဖြစ်ကြပေရာ ထာဝစဉ် မိမိ၏အခွင့်အရေးနှင့် သားစဉ်မြေးဆက်၏ အခွင့်အရေးများကို ပေးနိုင်လောက်မည့် ပုဂ္ဂိုလ် ဟုတ်မဟုတ်ကို ချင့်ချိန်ရမည်။ တတိယအချက်မှာ မိမိစိတ်ကို မိမိပိုင်နိုင်အောင်လုပ်ပြီး စိတ်နှင့်မတိုက်ဆိုင်သည့် ပုဂ္ဂိုလ်အား အဆိပ်ပင်ရေလောင်းသကဲ့သို့ မဲမပေးဖြစ်အောင် ချုပ်တီးနိုင်ရပေမည်။ သို့မှသာလျှင် မိမိ၏လိုရာဖြစ်သော ကိုယ်စိတ်နှစ်ဖြာချမ်းသာမှုနှင့် ဖြောင့်မတ်တည်ကြည်စွာ နေထိုင်နိုင်မှုကို အဓွန့်ရှည်စွာ မိမိနှင့်တကွ သားစဉ်မြေးဆက် ခံစားကြရမည့်အကြောင်းကို ရေးသားဖော်ပြလိုက်ရပေသတည်း။

(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၆၊ အမှတ် ၁ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

ဝန်ခံချက်
ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ဖော်ပြထားတဲ့ဆောင်းပါးက ယခင်ခေတ်ဟောင်း ဟံသာဝတီသတင်းစာပါအတိုင်း စာလုံးပေါင်းသတ်ပုံတွေကို ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အဲဒီသတ်ပုံသတ်ညွှန်းတွေကို ရိုက်ရတာ လုံးဝကို အဆင်မပြေတဲ့အတွက် ဒီနေ့ခေတ် စာလုံးပေါင်းတွေနဲ့ ပြန်ရိုက်ပေးလိုက်ပါတယ်။ အဲဒီအတိုင်းဖြစ်အောင် သတိထားရိုက်တဲ့အခါ စာရိုက်ရတာ လုံးဝကိုမတွင်ပါဘူး။ ပါးစပ်ကဖတ်တဲ့အသံကို လက်ကရိုက်တဲ့အခါ ဒီနေ့အသုံးအနှုန်းတွေက လက်ယဉ်နေပြီဖြစ်တာကြောင့် ပြန်ပြန်ပြီး ပြင်နေရတာ အင်မတန်လက်ဝင်လှပါတယ်။ အဲဒါကြောင့်ပါ။ မူလအတိုင်းမဟုတ်ဘဲ ကျွန်တော်အဆင်ပြေသလို ရိုက်ထားတဲ့ စာလုံးအချို့ကို အောက်မှာ နမူနာအဖြစ် ဖော်ပြထားပါတယ်။
ဥပမာအားဖြင့် - "တလ၊ တမျိုး" စသည်တို့ကို "တစ်လ၊ တစ်မျိုး" ဟုလည်းကောင်း၊ "၎င်း" ကို "လည်းကောင်း" ဟုလည်းကောင်း၊ "ပဋ္ဌမ" ကို "ပထမ" ဟုလည်းကောင်း ပြန်ရိုက်ထားကြောင်း အသိပေးလိုပါသည်။

No comments:

Post a Comment

 
Web Statistics