နိဒါန်း
မြန်မာဟူသည် ဘာတွေညာတွေကို ပြောမနေတော့ပါ။ အားလုံးသိပြီးဖြစ်ပါသည်။ ကိုယ့်ထီးကိုယ့်နန်းတွေ၊ ကိုယ့်ကြငှာန်းတွေလည်း ဇာချဲ့မနေတော့ပါ။ လိုရင်းကိုပြောပါမည်။ ကျွန်တော်တို့မြန်မာတွေ သူ့ကျွန်ဘ၀ကို ရောက်ခဲ့ရဖူးပါသည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ ဖိနှိပ်ချုပ်ချယ်မှု၊ ဖက်ဆစ်ဂျပန်တို့၏ ညှဉ်းပန်းနှိပ်စက်အုပ်ချုပ်မှုများကို မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတွေ ခံခဲ့ရခြင်းသည် ပုံပြင်မဟုတ်၊ ယုံတမ်းမဟုတ်ပါ။ အမှန်တကယ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်ဘ၀တွင် နေထိုင်ခဲ့ရသည့် နိုင်ငံတစ်နိုင်ငံ၏အဖြစ်ကို ခံစားကြည့်နိုင်မည်ထင်ပါသည်။ မိမိတို့မှာ လူတစ်ဦးချင်းအနေဖြင့်ပင် မိမိအိမ်မှ မိဘများ၊ ဇနီးမယားများ၊ လင်သားများကသော်လည်းကောင်း၊ မိမိအလုပ်ခွင်မှ အလုပ်ရှင်များ၊ မန်နေဂျာများ၊ အထက်အကြီးအကဲများက သော်လည်းကောင်း စည်းကမ်းနှင့်တင်းကျပ်အုပ်ချုပ်မှုများကို လွတ်လွတ်လပ်လပ်မရှိဟု ခံစားတတ်ကြသည်ဖြစ်ရာ နိုင်ငံတစ်ခုလုံးနှင့် လူမျိုးတစ်မျိုးလုံး တိုင်းတစ်ပါးသားများ၏ လက်အောက်တွင် သူတို့စံ၊ သူတို့ယဉ်ကျေးမှု၊ သူတို့စည်းမျဉ်းဥပဒေများနှင့် နေထိုင်ခဲ့ရသည့် ကျွန်ုပ်တို့ ဘိုးဘေးမြန်မာကြီးများ၏ စိတ်ခံစားမှုကို ကိုယ်ချင်းစာနိုင်လိမ့်မည်ထင်ပါသည်။ ကိုယ့်တိုင်းပြည်တွင်နေပြီး သူများကို ဘုရားထူးနေရသည့်ဘ၀၊ သူတို့ခိုင်းသမျှလုပ်ပေးနေရသည့်ဘ၀၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ထိပါးစော်ကားနေသည်ကို အားမတန်မာန်လျှော့ကာ လက်ပိုက်ကြည့်နေရသည့် အဖြစ်များသည် ထိုအချိန်က မြန်မာလူမျိုးများ၏ ရင်ထဲတွင် ဘယ်လောက်အထိ စူးဝင်နာကျင်နေခဲ့မည်ကို မှန်းဆကြည့်နိုင်လိမ့်မည်ထင်ပါသည်။ ပြောချင်သည်ကတော့ မြန်မာတွေကျွန်ဖြစ်ခဲ့ကြသည်။ တစ်နည်းဆိုရလျှင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရဖူးသည်။
လွယ်သလောက် ခက်လိုက်တာ
လွယ်တာက လွတ်လပ်ရေးဆုံးရှုံးသွားတာကို ပြောတာပါ။ မြန်မာဆိုတဲ့ နိုင်ငံတစ်ခုကို ၀င်ရောက်သိမ်းပိုက်သွားတဲ့ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ လုပ်ရပ်ဟာ လွယ်ကူလွန်းလှပါတယ်။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနဲ့ နေခဲ့တယ်ဆိုတဲ့ မြန်မာတွေအတွက် အင်္ဂလိပ်တို့ရဲ့ ကျူးကျော်မှုကို ဘယ်လိုမှကို မတားဆီးနိုင်ခဲ့တာ၊ ကိုယ့်တိုင်းပြည်ကို သူများလက်ပါမသွားအောင် မကြိုးပမ်းနိုင်ခဲ့တာတွေအတွက် အကြောင်းပြချက်တွေ ပေးမနေလိုတော့ပါ။ ဘာကြောင့်၊ ညာကြောင့်စသည့် အကြောင်းပြချက်များသည် ခေတ်စကားနှင့်ပြောရလျှင် ချဲထီထွက်ပြီးကာမှ ဘယ်ဟာကို ပါဝါမချိန်းမိလို့၊ ဘာကို သတိမထားမိလိုက်ဘူး စသည်ဖြင့် ပေါက်ဖောက်ကြီးလုပ်နေသည်နှင့် တူနေသည်ဟု မြင်ပါသည်။ နဂိုကတည်းက ပေါက်အောင်ထိုးသင့်ပါသည်။ မိမိတို့၏ လက်နက်များသည် ခေတ်မမီတော့ခြင်းဟု အကြောင်းပြခြင်းသည် နဂိုကတည်းက ကိုယ့်လက်နက်များကို ခေတ်မီအောင်မလုပ်ခဲ့ခြင်းဆိုသည့် မသိခြင်းတရားကို ပြနေခြင်းပင်မဟုတ်ပါလော။ အင်္ဂလိပ်တို့သည် ကိုယ့်နိုင်ငံကို အရင်ဦးဆုံး ကျူးကျော်ခဲ့ကြခြင်းမဟုတ်ပါ။ အခြားနိုင်ငံများစွာကို သိမ်းပိုက်လာခဲ့ပြီး ဖြစ်ပါသည်။ နေမ၀င်အင်ပါယာထူထောင်ရန်အတွက် သူတို့တွေ အကြံကြီးကြံလာကြခြင်းကို ထိုအချိန်က မြန်မာတွေ သတိမထားမိနိုင်ခဲ့တာ၊ နိုင်ငံရေးအမြင်မရှိခဲ့တာ၊ စစ်ရေးအမြင်မရှိခဲ့တာတွေသည် သူများကို လက်ညှိုးထိုးတာထက် ကိုယ့်ဘာသာကိုယ် ညံ့ခဲ့ကြောင်းကိုသာ သင်ခန်းစာယူသင့်ပါသည်။
ခက်လိုက်တာဆိုတာကတော့ အင်္ဂလိပ်တွေ ကျူးကျော်စစ် သုံးကြိမ်မျှဖြင့် နိုင်ငံတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ကိုယ်မြန်မာတွေမှာဖြင့် ကိုယ့်နိုင်ငံကြီး ပြန်လည်လွတ်လပ်အောင် နှစ်ပေါင်းတစ်ရာကျော်အောင် ကြိုးစားအားထုတ်ခဲ့ရခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံကကိုယ့်နိုင်ငံ၊ နေတာက ကိုယ့်လူမျိုးတွေ၊ ထိုသို့သော အခြေအနေတွင်ပင် လူနည်းစုအင်္ဂလိပ်လူမျိုးတွေက နှစ်တစ်ရာကျော်အုပ်ချုပ်နိုင်ခဲ့သည်မှာ သူတို့တွေကို ချီးကျူးရမှာလား၊ ကိုယ်မြန်မာတွေကိုပဲ အားမလိုအားမရဖြစ်ရမှာလားဆိုတာကို မဝေခွဲနိုင်ပါ။ သေချာတာကတော့ စုစည်းမှုမရှိသည့် အရေအတွက်သည် ဘယ်လောက်ပင်များများ အသုံးမ၀င်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဟိုနေရာကပုန်ကန်လိုက်၊ ဒီနေရာကပုန်ကန်လိုက်ဖြင့် နှစ်ပေါင်းရာနှင့်ချီပြီး အသက်စွန့်ကာ တော်လှန်ကြပါသော်လည်း လွတ်လပ်ရေးနှင့် ဝေးနေခဲ့ရခြင်း ဖြစ်ပါလိမ့်မည်။
သင်ခန်းစာယူသင့်ပြီ
အတိတ်သမိုင်းဟူသည် ပြန်လည်လွမ်းဆွတ်နေဖို့ မဟုတ်ပါ။ ထိုသမိုင်းတို့မှ သင်ခန်းစာယူ၍ ယခုလက်ရှိတွင် မည်ကဲ့သို့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြမည်ဆိုသည်ကသာ တကယ့်အနှစ်သာရဟု ကျွန်တော်ယုံကြည်ပါသည်။ ငါတို့တွေ ကျွန်ဖြစ်ခဲ့တာပဲဟု တောက်တခေါက်ခေါက်ဖြစ်နေတာ၊ အင်္ဂလိပ်တွေလူပါးဝတယ်ဟု ဒေါသထွက်နေတာ၊ ဂျပန်တွေမိုက်ရိုင်းခဲ့လိုက်ကြတာဟု မခံချိမခံသာဖြစ်နေတာ၊ ငါတို့ဘိုးဘေးတွေ အသက်တွေဆုံးရှုံးခဲ့ရတယ်ဟု ၀မ်းနည်းနေတာတွေထက် ထိုအဖြစ်အပျက်တို့မှနေ၍ သင်ခန်းစာယူ၍ ကိုယ့်လက်ထက်တွင် မဖြစ်အောင် မည်ကဲ့သို့ ကာကွယ်ရမည်ကို ရှုမြင်သုံးသပ်ခြင်းသည်သာ ဓမ္မဓိဋ္ဌာန်ကျမည်ဟု ထင်ပါသည်။
နားလည်မှုမလွဲစေရန်
အပေါ်တွင် ရေးခဲ့သည်များအတွက် စာဖတ်သူအနေဖြင့် စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်စရာတွေ၊ စာရေးသူကျွန်တော့်အပေါ်တွင် နှာခေါင်းရှုံ့ချင်စရာတွေ ရှိခဲ့ကောင်း ရှိခဲ့နိုင်ပါလိမ့်မည်။ သစ္စာဆိုဝံ့ပါသည်။ ကျွန်တော်၏ ရေးသားမှုများသည် ထိုစဉ်က မြန်မာကြီးများ၊ တစ်နည်း ကျွန်တော်တို့အားလုံး၏ ဘိုးဘေးများကို စော်ကားလိုခြင်းမဟုတ်ပါ၊ သူတို့တွေကို အပြစ်ပုံချနေခြင်းမဟုတ်ပါ၊ သူတို့တွေ ညံ့ခဲ့လိုက်တာဟု လက်ညှိုးထိုးနေခြင်း မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် သူတို့တွေ အားမတန်မာန်လျှော့ခဲ့ကြရသည်များ၊ သူ့ကျွန်မခံစိတ်ဓာတ်ဖြင့် နှစ်တစ်ရာကျော်ကာလပတ်လုံး အသက်ကိုစွန့်၊ အိုးအိမ်ကိုစွန့်၊ မိသားစုကိုစွန့်ကာ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သည်များကို အသိအမှတ်ပြုပါသည်။ သူတို့၏ ကျေးဇူးများကို ဦးထိပ်ထားပါသည်။ သူတို့၏ တိုင်းချစ်၊ ပြည်ချစ်၊ လူမျိုးချစ်စိတ်၊ လွတ်လပ်ရေးကို ချစ်မြတ်နိုးစိတ်များကို ကမ္ဗည်းတင်ပါသည်။ သူတို့တွေကြောင့်သာ ကျွန်တော်တို့တွေ အခုလို လွတ်လပ်သောတိုင်းပြည်နိုင်ငံတွင် နေထိုင်နေရသည့်ကျေးဇူးကို အမြဲမပြတ် အောက်မေ့မိပါသည်။ သူတို့တွေ၏ သွေးချွေးများကြောင့် ယခုအချိန်တွင် ကျွန်တော်တို့၏ ခံစားချက်ဝိညာဉ်များ လွတ်လပ်နေရသည်ကို ဆင်ခြင်မိပါသည်။ ကျွန်တော်ဆိုလိုသည်များကို အသေးစိတ်ရှင်းမပြလိုပါ။ နားလည်မှုမလွဲစေရန်သာ ဒီလိုစိတ်ကြောင့် ရေးတာမဟုတ်ပါဘူးဆိုတာတော့ ကျွန်တော်ရှင်းပြခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့်၏ ဆိုလိုရင်းကို စာဖတ်သူက ဆင်ခြင်တွေးတောနိုင်လိမ့်မည်ဆိုတာ ကျွန်တော်လုံးဝ သံသယမရှိပါ။
နိဂုံး
ယနေ့အချိန်အခါတွင် ပြည်ထောင်စုမြန်မာနိုင်ငံအလံတော်သည်ုမြန်မာနိုင်ငံ၏ နေရာအားလုံးတွင် ပျံ့လွင့်နေပါသည်။ လွတ်လပ်ရေးတေးသံများကို နေရာတိုင်းတွင် ကြားရနိုင်ပါသည်။ ကမ္ဘာမကြေသီချင်းကို နေရာတိုင်းမှာ သီဆိုနိုင်ပါသည်။ လွတ်လပ်တဲ့နိုင်ငံကွဟု ကြိုက်သည့်အချိန် လက်မထောင်နိုင်ပါသည်။ ကိုယ့်စကား၊ ကိုယ့်စာ၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် လွတ်လပ်စွာနေထိုင်နေနိုင်ပါသည်။ ထိုကဲ့သို့ နေထိုင်နေရသည့်အတွက် လွတ်လပ်ရေးကို ပေါ့ပေါ့တန်တန် သဘောမထားကြစေလိုပါ။ လွတ်လပ်ရေးဟူသည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်လေးအတွင်းမှာပင် ဆုံးရှုံးသွားနိုင်ကြောင်း အတိတ်သမိုင်းကို ဆင်ခြင်သင့်ကြပါသည်။ လွတ်လပ်ရေးဆုံးရှုံးသွားခြင်း၏ ဆင်းရဲဒုက္ခများ၊ လွတ်လပ်ရေးတိုက်ပွဲများ၏ ခက်ခဲကြမ်းတမ်းမှုများကို မြင်အောင်ကြည့်သင့်ကြပါသည်။ နိုင်ငံတစ်ခု၏ လွတ်လပ်ရေးဆိုသည်မှာ ထိုနိုင်ငံကို အုပ်ချုပ်နေသော အစိုးရ၏အလုပ်သက်သက်သာ မဟုတ်ပါ၊ အဖွဲ့အစည်းတစ်ခုချင်းစီ၏ တာဝန်လည်းမဟုတ်ပါ၊ နိုင်ငံအတွင်း နေထိုင်ကြကုန်သော နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်ပါသည်။ သမိုင်းပေးတာဝန်ဖြစ်ပါသည်။ ထိုလွတ်လပ်ရေးအမွေကို ကျွန်တော်တို့အားလုံး၏ ဘိုးဘေးဘီဘင်များက ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုအမွေကို ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်သည် သားသမီးမြေးမြစ်များဖြစ်ကြသော နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ လက်ဆင့်ကမ်းအမွေပင် မဟုတ်ပါလော။ ကိုယ့်လက်ထက်တွင်မှ မညံ့အောင် ကြိုးစားသင့်ကြပါသည်။ ကိုယ့်လက်ထက်တွင်မှ လွတ်လပ်ရေးပန်း မညှိးနွမ်းရအောင် ၀ိုင်းဝန်းကြိုးပမ်းသင့်ကြပါသည်။ သမိုင်းပေးတာဝန်ကို ကျေပွန်ခြင်းသည် သမိုင်းတွင်သည့် အနှိုင်းမဲ့ဂုဏ်တစ်ခုဖြစ်သည်ကို အားလုံးကိုယ်စီ ခံယူနားလည်ထားကြပါလျှင်….။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၄ ရက်၊ တနင်္လာနေ့။
နံနက် ၇ နာရီ ၁၇ မိနစ်တွင်ပြီး၏။
No comments:
Post a Comment