နွားနှင့်ရေအိုး
ဒီမိုကရေစီတည်ငြိမ်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်မှာ အင်စတီကျူးရှင်းဖြစ်သည်။ ပုဂ္ဂိုလ်မဟုတ်ပေ။ ဤအခြေခံမူကို ဦးတည် စဉ်းစားကြည့်လျှင် မြန်မာ့ရိုးရာပြက်လုံးပုံပြင်တစ်ခုကို သွားသတိရသည်။ ဤပြက်လုံးပုံပြင်က ဒီလိုပါ။ ရွာတစ်ရွာတွင် အဘိုးကြီးတစ်ယောက်ရှိသည်။ ဤအဘိုးကြီးသည် ရွာသားတွေအပေါ်လည်း အတော်သြဇာရှိရာ သူ့ကို ရွာ၏အဖေကြီးလို့ ခေါ်ကြသည်။
ရွာမှာ ဘာကိစ္စဖြစ်ဖြစ် သူနှင့်တိုင်ပင်ကြသည်။ တစ်နေ့ နွားတစ်ကောင်က သောက်ရေအိုးထဲ ခေါင်းစွပ်သောက်နေရာ နွားချိုနှင့်ရေအိုး စွပ်မိသွားသည်။ ပြန်ထုတ်လို့မရပေ။ နွားဖြစ်ပုံကို မြင်သော ရွာသားတို့သည် ဘာလုပ်ရမှန်းမသိဘဲ အကြံအိုက်ပြီး အဘိုးကြီးအား ဘာလုပ်ရမလဲဟု သွားမေးသည်။
ဤတွင်အဘိုးကြီးက "မင်းတို့ရွာလည်း ငါမရှိရင် ဘာမှမဖြစ်တော့သလိုပဲ" ဟု မြည်တွန်တောက်တီးကာ စိတ်တိုတိုဖြင့် "နွားခေါင်းဖြတ်လိုက်ပေါ့" ဟု အကြံပေးလိုက်သည်။ သူအကြံပေးသည့်အတိုင်း နွားခေါင်းကိုဖြတ်လိုက်ရာ နွားလည်ပြတ်သွား၍ အမဲသားလုပ်လိုက်ကြရသည်။
အင်စတီကျူးရှင်းအဓိက
ဒီမိုကရေစီတွင် "ငါမရှိရင် ဘာမှမဖြစ်တော့သလို" ပုဂ္ဂိုလ်စွဲ မရှိထိုက်ပြီ။ ဤခေတ်လည်း ကုန်သွားပြီ။ အင်စတီကျူးရှင်းတို့ကသာလျှင် အရေးကြီးသည်။ ပေါ်လာမည့် လမ်းညွှန်ဒီမိုကရေစီတွင် (၁) လွှတ်တော်များ၊ (၂) စစ်တပ်နှင့် (၃) နိုင်ငံရေးပါတီ စသည့် အင်စတီကျူးရှင်းတို့က အဓိက အရေးကြီးသည်။ ဒီမိုကရေစီတည်ငြိမ်ရေးသည် ဤအင်စတီကျူးရှင်း သုံးပါးအပေါ် မူတည်သည်။ အင်စတီကျူးရှင်းတွေ ခိုင်မြဲအောင် ပြုလုပ်ဖို့ အရေးကြီးသည်။ ပုဂ္ဂိုလ်သြဇာ၊ ပုဂ္ဂိုလ်အာဏာ ထူထောင်ရန် အရေးမကြီးပေ။ ဤအချက်သည် အရပ်ဘက်၊ စစ်ဘက် နှစ်ဘက်စလုံးအတွက် အကျုံးဝင်ဖို့ကောင်းသည်။
အလွဲသုံးစားမပြုရေး
ခေတ်သည် အိုင်ဒီအိုလိုဂျီလွန်ခေတ်ဖြစ်ရုံမက သူရဲကောင်းတွေ ခေတ်ကုန်သောကာလလည်း ဖြစ်သည်။ ဟီးရိုးတို့က သမိုင်းကို ခါလှုပ်ပစ်နိုင်သည်ဆိုသောခေတ် မရှိပြီ။ မဟာလူသားခေတ်ဟူ၍ မရှိပြီ။ "ငါမရှိရင် ဘာမှမဖြစ်ပါဘူး" လို့ ခေါင်းဆောင်တို့က သဘောမထားသင့်သလို နောက်လိုက်တို့ကလည်း "သူမရှိရင် ဘာမှမဖြစ်ပါဘူး" ဟူ၍ ပုဂ္ဂိုလ်စွဲစိတ် မမွေးသင့်ပြီ။ ယခုခေတ်သည် ပညာခေတ်ဖြစ်သည်။ ပညာခေတ်သည် လူသားတို့၏ပါဝါကို မြှင့်တင်ပေးသည့်နည်းတူ အင်စတီကျူးရှင်းတို့၏ ပါဝါကိုလည်း မြှင့်တင်ပေးသည်။
လူသားတို့၏ပါဝါသည် အင်စတီကျူးရှင်း၏ပါဝါကို အသုံးချနိုင်သလို အင်စတီကျူးရှင်း၏ပါဝါကို အလွဲသုံးစားမပြုရန်လည်း ထိန်းရသည်။ အင်စတီကျူးရှင်းကို အလွဲသုံးစားမပြုနိုင်ရန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ထိန်းသိမ်းပေးသည်။ အင်စတီကျူးရှင်းတို့သည် လူသားတို့၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရုံသာမဟုတ်ဘဲ အင်စတီကျူးရှင်းတို့ကို အလွဲသုံးစားမပြုနိုင်ရေးအတွက်လည်း စောင့်ရှောက်ရသည်။
ကွာလတီသာကောင်း
ဒီမိုကရေစီ တည်ငြိမ်ရေးသည် အင်စတီကျူးရှင်းတို့အပေါ်၌ မူတည်သလို လုပ်ထုံးကျင့်ထုံးတို့၏ အရည်အသွေးကွာလတီ (Quality of Procedures) တို့အပေါ်၌လည်း မူတည်သည်။ ဒီမိုကရေစီသည် အခြေခံအားဖြင့် လုပ်နည်းလုပ်ထုံး ကျင့်ထုံးတို့အကြောင်း ဖြစ်ပေသည်။ ဒီမိုကရေစီဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ကွာလတီမြင့်သည်နှင့်အမျှ ဒီမိုကရေစီတည်ငြိမ်မည်။
ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးရန် ကတိက၀တ်ပြုထားသည်။ လွတ်လပ်သော တရားမျှတသည့် ရွေးကောက်ပွဲ အမှန်တကယ် ဖြစ်ထွန်းရေးသည် လုပ်ထုံးလုပ်နည်းတို့အပေါ် မူတည်သည်။ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတို့ကသာ လူအများမြင်သာ၍ ခန့်မှန်းနိုင်စွမ်းရှိလျှင် ရွေးကောက်ပွဲရလဒ်ကို ကြိုတင်မခန့်မှန်းနိုင်ဟု ထောက်ပြသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီလုပ်ထုံးတို့ကသာ ကွာလတီကောင်းလျှင် ရွေးကောက်ပွဲသည် လုပ်ပွဲပါဟု စွပ်စွဲရန် အလွန်ခက်မည်။ ဘယ်သူတွေနိုင်မှာလဲဟု ကြိုတင်မပြောနိုင်ခြင်းဖြစ်သည်။
Monday, January 04, 2010
အင်စတီကျူးရှင်းနှင့် လုပ်ထုံးလုပ်နည်းကွာလတီတို့၌ ဒီမိုကရေစီတည်ငြိမ်မှုတည် - မောင်စူးစမ်း
အညွှန်း - The Limits of Electoral Engineering by Carrie Manning
(၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် The Waves မဂ္ဂဇင်း 8/09 မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 8:40 AM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment