Friday, January 08, 2010

မဟာဗျူဟာ၊ သပိတ်မှောက်ခြင်း


မဟာဗျူဟာ Strategy
နည်းဗျူဟာ (Tactics) နှင့် မတူကွဲပြားသည်။ မဟာဗျူဟာက ရေရှည်အတွက် ရည်မျှော်ပြင်ဆင်ခြင်းဖြစ်သည်။ နည်းဗျူဟာက လက်ငင်းဆောင်ရွက်သည့် နည်းလမ်းများကို ချမှတ်ခြင်းဖြစ်သည်။ မဟာဗျူဟာ နည်းဗျူဟာ စသည်တို့သည် မူလက စစ်ဘက်အသုံးအနှုန်းများဖြစ်သည်။ နောက်ပိုင်းတွင် အခြားပဋိပက္ခဖြေရှင်းမှုများ၌ပါ ထိုဝေါဟာရများကို သုံးနှုန်းလာကြသည်။ မဟာဗျူဟာ ချမှတ်သည်ဆိုခြင်းမှာ ပြိုင်ဘက်များထံမှ ထွက်ပေါ်လာနိုင်သော ခြေလှမ်းများကို မည်သို့ရင်ဆိုင်မည်ကို ကြိုတင်တွက်ဆ၍ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားခြင်းဖြစ်သည်။ နိုင်ငံရေးတွင် ရွေးကောက်ပွဲအောင်နိုင်ရေးသည် နည်းဗျူဟာပိုင်းဖြစ်သည်။ တိုင်းပြည်စီးပွားရေးကို မည်သို့ပြန်လည်ပုံစံချမည်ဟု ကြံစည်ခြင်းသည် မဟာဗျူဟာဖြစ်သည်။

သပိတ်မှောက်ခြင်း Strike
အလုပ်သမားအခွင့်အရေးများ တောင်းဆိုရာတွင် အလုပ်ရှင် သို့မဟုတ် အစိုးရက လိုက်လျောလာအောင် အကျပ်ကိုင်သည့်နည်းလမ်း ဖြစ်သည်။ ၁၉ ရာစုမှစ၍ စက်မှုထွန်းကားသော နိုင်ငံများတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခဲ့ကြသည်။ စိုက်ပျိုးရေးအလုပ်သမားများကလည်း အဖွဲ့အစည်းများ တည်ထောင်ကြသည်။ သပိတ်မှောက်ခြင်းသည် အရင်းရှင်များအား ဥပဒေတွင်းမှ ထိရောက်သော တိုက်ပွဲဝင်ခြင်းဖြစ်သည်။ စက်ရုံအလုပ်ရုံများ၊အလုပ်သမားများသည် တောင်းဆိုချက်များမရမချင်း အလုပ်မဆင်းခြင်း၊ အလုပ်ခွင်သို့လာသော်လည်း အလုပ်မလုပ်ဘဲ ထိုင်သပိတ်မှောက်ခြင်းတို့ကို ပြုလုပ်ကြသည်။ အလုပ်ရပ်နားထားရ၍ ဆုံးရှုံးသောဒဏ်ကို မခံနိုင်သည့်အဆုံး အလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်က လိုက်လျောခြင်း၊ စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်းများ ဖြစ်ပေါ်လာသည်။ အလုပ်သမားနှင့် အလုပ်ရှင်ကြား စေ့စပ်ပေးရန် အစိုးရများက ဖျန်ဖြေရေးဝါဏိဇ္ဇခုံရုံးများ ထားရှိသည်။ ဗြိတိန်နိုင်ငံတွင် အလုပ်သမားသပိတ်များ မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။ လေဘာပါတီအစိုးရတက်နေချိန်တွင် အလုပ်သမားအခွင့်အရေးများ တိုး၍ ရရှိသော်လည်း ကွန်ဆာဗေးတစ်အစိုးရခေတ်တွင် သပိတ်များကိုပါ နှိမ်နင်းချေမှုန်းလေ့ရှိသည်။

(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၆၊ အမှတ် ၁ တွင် ဖော်ပြပါရှိသည့် မောင်ဝံသ ၏ ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics