Monday, January 11, 2010

မသိကိန်းများသော ပုစ္ဆာ - အောင်ထွဋ်


၂၀၀၉ ခုနှစ်သည် စာရေးသူ၏ဘ၀တွင် များစွာ အမှတ်ရနေမည့် နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ အကြောင်းမှာ နှစ်ပေါင်းများစွာ စာရေးသူ၏ ရင်ထဲတွင် သိမ်းဆည်းထားခဲ့ရသော နိုင်ငံရေနှင့်ပတ်သက်သည့် အယူအဆရေးရာများကို ချရေးခွင့် ရရှိခဲ့သောနှစ် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

အမှန်ပြောရလျှင် စာရေးသူအနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်ထုတ်ဝေနေသော မီဒီယာတစ်ခုပေါ်မှ ယခုကဲ့သို့ ခေတ်ပြိုင်နိုင်ငံရေးနှင့် ပတ်သက်သော အယူအဆများကို ရေးသားဖော်ပြခွင့် ရလိမ့်မည်ဟု ထင်မှတ်မထားချိန်တွင် ရရှိခဲ့ခြင်းဖြစ်ရာ ထိုသို့ စဉ်းစားခွင့်ပြုခဲ့သူများကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်။

တစ်ဖက်တွင်လည်း ထိုသို့သော် ခေတ်ပြိုင်နိုင်ငံရေး ထင်ဟပ်ချက်များကို ရေးသားရာတွင် အကန့်အသတ်များရှိသောကြောင့် တစ်ပတ်လည်အောင် ရှင်းလင်းရေးသားရသည်မှာ များစွာခက်ခဲပါသည်။ ဖန်ခွက်၏ တစ်ဝက်ကို ရေဖြည့်ထားသည့် အခြေအနေကို ရေတစ်ဝက်ရှိသည်ဟု ပြော၍ရသကဲ့သို့ ရေတစ်ဝက်လျော့သည်ဟု ပြော၍လည်းရပါသည်။ တစ်ပတ်လည်အောင် ပြောခွင့်ရလျှင် မည်သည့်အရာများပြည့်စုံ၍ မည်သည့်အရာများ လိုအပ်သည်ဟု ပြောရပေလိမ့်မည်။ အခြေအနေအရ တစ်ဝက်ပြည့်သည်ဟု (တစ်ဝက်လျော့သောအပိုင်းကို မပြောဘဲ) ရေးခဲ့သည်ကို မိတ်ဆွေအချို့၊ စာဖတ်သူအချို့က အထင်လွဲခဲ့ကြသည်။ အကျိုးဆက်အဖြစ် စာရေးသူသည် ရန်သူများစွာ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်တွင်လည်း မိတ်ဆွေများစွာ ရရှိခဲ့သည်ကို ၀န်ခံရမည်ဖြစ်ပေသည်။ မြန်မာနိုင်ငံ ပြင်ပတွင် နေထိုင်သော စာရေးသူနှင့် အလွန်ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက စာရေးသူထံ အောက်ပါအတိုင်း စာတစ်စောင် ရေးပို့ပါသည်။

"You do seem to have upset a lot of people through by taking a glass half full approach. I hope that you can steer a path which maintains your intellectual integrity and reputation."

စာရေးသူက ပုစ္ဆာကို ပေးထားချက်အတိုင်း တွက်ရမည်ဟု ယူဆသောကြောင့် ပေးထားချက်ဖြစ်သည့် ရေတစ်ဝက်အကြောင်းကို တစ်စုံတစ်ဦးက ပြောဖို့လိုသည်၊ ပုစ္ဆာကို တွက်မည်ကြံလျှင် ပေးထားချက်ကို သိဖို့လိုသည်၊ Blame game မှာ နှစ် ၂၀ ကြာခဲ့ပြီဖြစ်၍ လုံလောက်ပြီဟု ထင်ပါသည်ဟု ပြန်ကြားခဲ့ပါသည်။

ယနေ့မြန်မာနိုင်ငံ၏ ခေတ်ပြိုင်နိုင်ငံရေးပြဿနာသည် တဖြည်းဖြည်း ပါရာဒိုင်းပြောင်းလဲလာနေရာ ယခုလောလောဆယ် ပြဿနာသည် ဖန်ခွက်ထဲတွင် ရေတစ်ဝက်ရှိသည်ဟု အမြင်သန်သူများနှင့် ဖန်ခွက်ထဲတွင် ရေတစ်ဝက်လျော့နေသည်ဟု အမြင်သန်သူများ၏ ပဋိပက္ခဖြစ်သည်ဟု စာရေးသူထင်သည်။

တစ်ပတ်လည်အောင် ပြောမည်ဆိုလျှင် မည်သည့်အရာများ ပြည့်စုံ၍ မည်သည့်အရာများ လိုအပ်သည် စသည်ဖြင့် ပြောရမည်ဖြစ်သော်လည်း မည်မျှ လက်ဝယ်ရှိသည်ဆိုသောအပိုင်းက လက်တွေ့ပုစ္ဆာတွက်ရာတွင် အရေးကြီးသည်ဟု စာရေးသူ ယူဆသောကြောင့် အကန့်အသတ်ရှိသည့်တိုင် တစ်ဝက်ရှိသည်ကို ပြောမည်ဟု စာရေးသူ ဆုံးဖြတ်၍ ခေတ်ပြိုင်နိုင်ငံရေး ဆောင်းပါးများ ရေးခဲ့ပါသည်။ မရှိကိန်း (မသိကိန်း)များမှာ အားလုံးသိရှိပြီးဖြစ်၍ ထည့်မရေးရသည့်တိုင် ပြဿနာမရှိဟု စာရေးသူယူဆ၍ ဖြစ်သည်။

ဤနေရာတွင် စာရေးသူပြောလိုသည်မှာ ရှုထောင့်ကိစ္စဖြစ်သည်။ ဖန်ခွက်ထဲတွင် ရေမည်မျှရှိသည်ဆိုသောအပိုင်းက လက်တွေ့ပုစ္ဆာတွက်ရာတွင် အရေးကြီးသည်ဟု စာရေးသူပြောခဲ့ပါသည်။ သို့သော် ဤအချက်ကို ပုစ္ဆာတွက်မည်ဟု ကြံစည်သူများကသာ သဘောတူပါလိမ့်မည်။

ပုစ္ဆာတွင်အဖြေရှိသည်။ တွက်၍ရသည်။ တွက်မည်ဆိုသူများသည် ပေးထားချက်ကို စုံလင်စွာ ဖတ်ရှုသိရှိထားရုံမျှမက မသိကိန်း (မရှိကိန်း)များကိုလည်း စုံလင်စွာ သိရှိထားသူများနှင့်တူပြီး အဖြေမရှိ၊ တွက်၍မရနိုင်ဆိုသူများသည် မသိကိန်း (မရှိကိန်း)ကိုသာ ကြည့်၍ ပေးထားချက်ကို မဖတ်သူများနှင့်တူသည်။ တွက်ရန်စိတ်ကူးမရှိခြင်း သို့မဟုတ် ဤပေးထားချက်ဖြင့် ပုစ္ဆာကိုတွက်၍ရနိုင်သည်ဟု ယုံကြည်မှုမရှိခြင်းလည်း ဖြစ်နိုင်ပါသည်။

ရှုထောင့်ကိစ္စဆိုသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပုစ္ဆာကို တွက်မည်၊ အဖြေထုတ်မည်ဟု စဉ်းစားခြင်းရှိ၊ မရှိ ဆိုသောအချက်ကို ဆိုလိုပါသည်။ အကြင်သူသည် ပုစ္ဆာကိုတွက်မည်ဟု စဉ်းစားလျှင် လက်ဝယ်ပေးထားချက် ဘာတွေရှိသည်ဟု သိဖို့ မဖြစ်မနေ လိုအပ်သည်ဖြစ်၍ ရေခွက်ကိုကြည့်လျှင် တစ်ဝက်ရှိသည်ဟု မြင်ရလိမ့်မည်။ မသိကိန်း အရေးကြီးသည်မှန်သော်လည်း ပေးထားချက်ဖြင့်သာ ပုစ္ဆာကို အဖြေထုတ်ကြရသောကြောင့် ဖြစ်သည်။

ပုစ္ဆာကို မတွက်ဘူးဟုဆိုလျှင် ပေးထားချက်သည် အရေးမကြီးတော့ပေ။ ဘာတွေလျော့နေသည် ဆိုသည့်ကိစ္စမှာ Moral Highground ဖြစ်၍လက်ခုပ်သံလည်း အလွယ်တကူရနိုင်သည်။ Comfort Zone ထဲတွင် လူအုပ်နှင့် အတူနေရခြင်းသည် အန္တရာယ်ကင်းသည်။ ရန်သူလည်းမရှိ။ သို့သော် ပုစ္ဆာကို တွက်နေခြင်းမဟုတ်၍ အဖြေလည်း ထွက်လိမ့်မည်မဟုတ်ပေ။

ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် ပုစ္ဆာကို တွက်မည်ဟု ကြံနေသူများနှင့် ပုစ္ဆာကိုတွက်ရန် စိတ်မကူးသူများ၏ ပဋိပက္ခဖြစ်သည်။ ရှုထောင့်မတူသူ နှစ်မျိုးနှစ်စား၏ အမြင်နှစ်မျိုး ပဋိပက္ခဖြစ်သည်။ နိုင်ငံရေးကို စိတ်ဝင်တစားပြောဆိုကြသူ ပညာတတ်များစွာ စာရေးသူ တွေ့ခဲ့ဖူးပါသည်။ မျှော်လင့်ချက်မဲ့သည်ဟု ပြောဆိုနေသူ အများစုကိုကြည့်လျှင် နိုင်ငံရေးကို စိတ်ဝင်စားသော်လည်း မြန်မာ့နိုင်ငံရေးပုစ္ဆာကို တွက်မည်ဟု စိတ်ကူးမရှိသူများ ဖြစ်သည်ကို တွေ့ရသည်။ သူတို့သည် စာရေးသူကို ရေတစ်ဝက်လျော့နေတာ မတွေ့ဘူးလားဟု ပြောလေ့ရှိသည်။

မြန်မာ့နိုင်ငံရေးပုစ္ဆာကို တွက်မည်ဟု စိတ်ကူးနေသူများသည် အဖြေရှိသည်ဟု ယုံကြည်သူများဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးကို အဖြေရှာ၍ ထိုအဖြေတို့ဖြင့် နိုင်ငံကို တည်ဆောက်မည်ဟု ပြောနေသောသဘောဖြစ်သည်။ ထိုကိစ္စကို လက်တွေ့ကျသည်ဟု မမြင်နိုင်လျှင် "ကြီးကျယ်ရန်ကော" ဟု ပြောနိုင်ပါသည်။ သို့သော် လက်တွေ့ကျကျ စဉ်းစားကြည့်လျှင် ထိုသို့ နိုင်ငံရေးပုစ္ဆာကို တွက်မည်ဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်ရန်အတွက် မည်သို့သော Confidence ခေါ် ယုံကြည်မှု၊ မည်သို့သော Knowledge ခေါ် အသိပညာတို့ လိုအပ်သည်ကို မြင်နိုင်ပါလိမ့်မည်။

ထို့ကြောင့် ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် အဆိုပါနိုင်ငံရေးပြဿနာကို အဖြေရှိနိုင်သည်ဟုမြင်၍ ပေးထားချက်ထဲမှ ပုစ္ဆာကို တွက်မည်ဟု မိမိကိုယ်မိမိ ယုံကြည်မှုရှိနေသူများနှင့် (ပေးထားချက်မစုံ) ပုစ္ဆာမှားနေသောကြောင့် ပုစ္ဆာကို ပြင်ပေးသည့်နေ့တွင်ကျမှ ပုစ္ဆာကိုတွက်မည်ဟု စဉ်းစားနေသူများ၏ ပဋိပက္ခဖြစ်ပေသည်။

စာရေးသူသည် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူ Stakeholder အားလုံး ဤနိုင်ငံရေးပုစ္ဆာအား တွက်မည် ဆိုသည့် ရှုထောင့်မှပြောင်းကြည့်လျှင် ပေးထားချက်များကို တွေ့ရှိ၍ ပေးထားချက်အတိုင်း တွက်နိုင်သည့်နည်းကို ၀ိုင်းဝန်းစဉ်းစားလာကြလိမ့်မည်ဟု ယုံကြည်ထားဆဲဖြစ်ပါသည်။ ပေးထားချက်ပိုစုံ၍ မသိကိန်း၊ မရှိကိန်းနည်းလျှင် တွက်ရသည်မှာ ပိုကောင်းပါလိမ့်မည်။ (သို့သော် ဤကိစ္စမှာ too good to be true ဖြစ်သည်။ ထို့အပ်ြင Challenge မရှိလျှင် ပုစ္ဆာဟု မခေါ်နိုင်ပါ။ Achievement လည်း နည်းပါလိမ့်မည်။)

စာရေးသူတို့အားလုံး အရည်အချင်းပြည့်ဝသူများဖြစ်ခဲ့လျှင် ပုစ္ဆာပြင်ရေးဖို့၊ ပိုမိုစုံလင်သော ပေးထားချက်များ ရရှိဖို့ထက် ပေးထားချက်အတိုင်း အဖြေထွက်အောင် တွက်နိုင်သူများ ဖြစ်ခဲ့လျှင် အကျအရှုံးအနည်းဆုံးဖြင့် ပန်းတိုင်ကို ရရှိနိုင်ပါလိမ့်မည်။

ပထမဆုံးလိုအပ်ချက်မှာ ပုစ္ဆာကို တွက်မည်ဟူသော ရှုထောင့်မှကြည့်ဖို့ဖြစ်သည်။ ဒုတိယလိုအပ်ချက်မှာ ပေးထားချက်များ စုံလင်အောင် တွေ့မြင်နိုင်ရေးဖြစ်သည်။ တတိယလိုအပ်ချက်မှာ ပေးထားချက်အတိုင်း ပုစ္ဆာကို တွက်မည်ဟူသော မိမိကိုယ်ကိုယ်ယုံကြည်မှု Confidence ဖြစ်သည်။ (ဤမသိကိန်းများသော ပုစ္ဆာကိစ္စကို မက်ခရိုသဘော ရှုမြင်ကြပါမည့်အကြောင်း မေတ္တာရပ်ခံပါသည်။)

စာဖတ်သူများအနေဖြင့် ဤမရွေ့နိုင်သော ကျောက်တုံးကို တွန်းမည်ဟု ခါချဉ်ကောင် မာန်ကြီးခဲ့ပါလျှင် ပေးထားချက်များကို တွေ့ရှိနိုင်ရုံမျှမက ပေးထားချက်များ၏ အနုစိတ်အဓိပ္ပါယ်ကိုလည်း ပိုမိုတွေ့ရှိ တန်ဖိုးထားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၀ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics