Monday, January 11, 2010

ကြားရင် နားခါးတဲ့စကား - လူထုစိန်ဝင်း


"လူတွေဟာ ကိုယ့်တာဝန်ကိုယ် မသိတတ်ဘူး၊ နိုင်ငံကြီးသားပီသဖို့ အများကြီးလိုသေးတယ်"

နေရာတကာမှာ ဒီစကားပြောတာ မကြာခဏ ကြားရတတ်တယ်။ စာတွေလည်း ရေးကြတာ ဖတ်ရတယ်။ လမ်းဖြတ်ကူးတာ၊ အမှိုက်ပစ်တာ၊ မရိုမသေစကား လမ်းဘေးအပေါ့သွားတာ စတာမျိုးတွေကို လက်ညှိုးထိုးပြပြီး လူမျိုးတစ်မျိုးလုံးကို နိုင်ငံကြီးသားစိတ် နားမလည်သေးဘူး၊ မယဉ်ကျေးဘူးလို့ ကဲ့ရဲ့တတ်ကြတယ်။

ဒီစကားမျိုးတွေကြားတိုင်း တအားစိတ်ဆိုးတယ်။ အထူးသဖြင့် အဲဒီလို ကဲ့ရဲ့တဲ့သူတွေက နှိုင်းနှိုင်းပြီးပြောလေ့ရှိတဲ့ နိုင်ငံတွေအမည်ကြားရင် ပိုပြီး ဒေါသဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်အထိ အဲဒီနိုင်ငံတွေဟာ စာမတတ် ပေမတတ်နဲ့ လူဆင်းရဲတွေ အများဆုံး၊ ဒုစရိုက်မှုတွေ အများဆုံးနိုင်ငံတွေအဖြစ် နာမည်ဆိုးရခဲ့ရပြီး အခုခေတ်မှာလည်း စီးပွားရေးတိုးတက်လာမှုတစ်ခုကလွဲရင် ကျန်တဲ့ လူမှုရေး၊ ယဉ်ကျေးမှုရေးတို့မှာ ခပ်ရိုင်းရိုင်းစရိုက်တွေ ပပျောက်ကြသေးတာ မဟုတ်ပါဘူး။

မြန်မာလူမျိုးတွေဟာ လူဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ စိတ်ဓာတ်ယဉ်ကျေးမှု မဆင်းရဲကြပါဘူး။ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေကို သူ့ထိုက်နဲ့သူကံပဲဆိုပြီး ပစ်ပယ်ထားတာမျိုးတော့ မဆိုးထားနဲ့။ ရန်ကုန်လို မြို့ကြီးပြကြီးမှာတောင် ပြောရလောက်အောင် မရှိပါဘူး။ အမိုးတစ်ခုတည်းအောက်မှာ ဘိုးဘွားတွေလို သားသမီးမြေးမြစ်တွေက မရှိအတူ ရှိအတူ ပြုစုစောင့်ရှောက်ပေးကြမြဲ ဖြစ်တယ်။

တောကနေပြီး မြို့ပေါ်က ဦးလေး၊ အဒေါ်တွေအိမ်မှာ၊ အစ်ကို၊ အစ်မတွေအိမ်မှာ လာနေရင်း ကျောင်းတက်တဲ့ဓလေ့ ရှိနေဆဲပဲ။ အများအားဖြင့် လာနေခ၊ စားစရိတ် စသဖြင့် တောင်းယူလေ့မရှိပါဘူး။ အတူနေ အတူစားပေါ့ဆိုပြီး ကိုယ်စားရသလို ကျွေးကြတာပါပဲ။ ဒီဓလေ့မျိုး တခြားနိုင်ငံတွေမှာ ရှိလို့လား။ ပိုပြီး ထင်ရှားတဲ့နမူနာ ပြရရင်တော့ မန္တလေးဗြဟ္မစိုရ် နာရေးကူညီမှုအသင်းက စတင်လိုက်တဲ့ လူမှုရေးပရဟိတစစ်စစ် လုပ်ငန်းမျိုးတွေ ရန်ကုန်မြို့ကြီးနဲ့ နိုင်ငံအနှံ့ မြို့နယ်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့တာကို ကြည့်ပါ။ ဒီလို အခမဲ့နာရေးကိစ္စအ၀၀ကို ကူညီတဲ့အသင်းအဖွဲ့မျိုး ဘယ်နိုင်ငံမှာ ကြားဖူးပါသလဲ။

ဒီအသင်းအဖွဲ့တွေဟာ ဘီလ်ဂိတ်လို သူဌေးကြီးတွေ၊ ဖောင်ဒေးရှင်းကြီးတွေရဲ့ အလှူငွေနဲ့ တည်ထောင်ခဲ့ကြတာတွေ မဟုတ်ပါဘူး။ စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ လူကြီးတွေက စတင်ဝါယမ စိုက်ထုတ်ခဲ့ကြပြီး စိတ်ယဉ်ကျေးမှု အဆင့်မြင့်တဲ့ လူငယ်တွေက ကိုယ့်ထမင်းကိုယ်စားပြီး ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။ ဒါ နိုင်ငံကြီးသားစိတ်ဓာတ် မဟုတ်ဘူးလား။ ဒါ တာဝန်သိတတ်မှု မဟုတ်ဘူးလား။

လူသားချင်း မေတ္တာစေတနာထားတာ၊ တစ်ဦးနဲ့တစ်ဦး ၀ိုင်းဝန်းကူညီစောင့်ရှောက်တာ၊ ကိုယ့်အိမ်က ဟင်းကောင်းလေးချက်ရင် ဘေးအိမ်ကို သွားပို့တတ်တာဆိုတာမျိုးကို စိတ်ယဉ်ကျေးမှုလို့ မခေါ်ဘူးလား။ စက်မှုနည်းပညာအရာမှာသာ အောက်ကျနောက်ကျ ရှိပါတယ်။ စိတ်ယဉ်ကျေးမှုအရာမှာတော့ ဘယ်လူမျိုးနဲ့ယှဉ်ယှဉ် မနိမ့်ကျပါဘူး။

သူများတွေကို တာဝန်မသိတတ်ဘူးလို့ ပြောတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ်လည်း "ငါရော ငါ့တာဝန်ငါ လုပ်ရဲ့လား" လို့ ပြန်မေးကြည့်သင့်တယ်။ တကယ်တော့ လူတိုင်းလူတိုင်း ကိုယ့်အလုပ်ကိုယ် လုပ်နေကြမယ်၊ ကိုယ့်တာဝန်ကိုယ် ကျေကြမယ်ဆိုရင် ဘာပြဿနာမှ မရှိနိုင်တော့ပါဘူး။

ဒီနေ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ စိုက်ပျိုးရေးကို အခြေခံအဖြစ် ထားနေသေးတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျေးလက်က လူတွေက မြေကြီးကို ထွန်ယက်စိုက်ပျိုးတယ်။ မြို့ပေါ်ကလူတွေက လယ်ယာစိုက်ပျိုးထုတ်ကုန်တွေကို ရောင်းဝယ်ဖောက်ကားတယ်။ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ကျေးလက်နဲ့ မကင်းကြဘူးလို့ ဆိုနိုင်လိမ့်မယ်ထင်တယ်။ ကျေးလက်နဲ့မကင်းတော့ နေရာတကာမှာ ကျေးလက်ရနံ့တွေ ထုံနေဆဲ လူ့အဖွဲ့အစည်း ဖြစ်တယ်။ ကျေးလက်ရနံ့၊ ကျေးလက်စရိုက်ဆိုတာက သူ့လယ် ကိုယ်စိုက်ပေး၊ ကိုယ့်လယ် သူစိုက်ပေးတဲ့ သဘာဝဖြစ်တယ်။ စာရင်းငှားနဲ့ စာရင်းဒိုင်ဆိုပြီး ခွဲခြားမှုရှိတာမျိုးလည်း မဟုတ်ဘူး။ တကယ်ကို သန့်ရှင်းပြီး ချစ်စရာကောင်းတဲ့ ဓလေ့မျိုး၊ လူ့အဖွဲ့အစည်းမျိုးဖြစ်တယ်။

ဒီလူ့အဖွဲ့အစည်းမျိုးမှာ လူတိုင်းရပ်ရေးရွာရေးကို ပါဝင်ဆောင်ရွက်ကြမြဲဖြစ်တယ်။ အဲဒါကြောင့် တစ်မျိုးလုံးကို သိမ်းကျုံးပြီး တာဝန်မသိတတ်ဘူး၊ နိုင်ငံကြီးသားမပီသဘူးလို့ မြို့သားပညာတတ်တွေက ပုတ်ခတ်သံကြားတိုင်း စိတ်ဆိုးတာဖြစ်တယ်။ ခဏတစ်ဖြုတ်ရောက်ဖူးတဲ့ ဟိုနိုင်ငံ ဒီနိုင်ငံကလူတွေကို သိပ်စည်းကမ်းရှိတာပဲ၊ သိပ်တာဝန်သိတတ်တာပဲ၊ သိပ်ယဉ်ကျေးတာပဲလို့ ပြောတတ်တဲ့ လူတွေကို ကိုယ့်နိုင်ငံထဲက ကျေးလက်တောရွာတွေမှာ တစ်ပတ်၊ ဆယ်ရက်လောက် သွားနေကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ချင်ပါတယ်။

("မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး"စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics