Sunday, January 24, 2010

မန်ယူအတွက် သူရဲကောင်း ၀ိန်းရွန်းနီ


မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်ပရီမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဟားလ်စီးတီးအသင်းတို့ပွဲမှာ မန်ယူက လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မန်ယူအတွက် လေးဂိုးလုံးကို တိုက်စစ်မှူး ၀ိန်းရွန်းနီတစ်ဦးတည်းက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

rooneyy.jpg

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲဒီပွဲအနိုင်နဲ့အတူ ပရီမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဦးဆောင်သူနေရာကို ဒုတိယနေရာမှာ အမှတ်တူနဲ့ရှိနေတဲ့ အာစင်နယ်နဲ့ ချဲလ်ဆီးတို့ကို နှစ်မှတ်ဖြတ်ပြီး ကျော်လွှားရယူခဲ့ပါတယ်။ အာစင်နယ်နဲ့ ချဲလ်ဆီးတို့အတွက် ပွဲကျန်တွေရှိနေသေးပေမယ့် အခုပွဲအနိုင်ဟာ မန်ယူအတွက် အလွန်အရေးပါခဲ့ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးနဲ့အာစင်နယ်တို့ ထိပ်တိုက်တွေ့မယ့်ပွဲမတိုင်မီ အခုလို အမှတ်ပေးဇယားရဲ့ ဦးဆောင်သူနေရာကို ရယူထားတာဟာ မန်ယူအတွက် အရမ်းကို အရေးကြီးပါတယ်။

မန်ယူအနေနဲ့ ဟားလ်စီးတီးအသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် အလွယ်တကူတော့ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ ခံစစ်ကစားပုံကောင်းလွန်းတဲ့ ဟားလ်စီးတီးကြောင့် မန်ယူတို့ အခက်တွေ့ခဲ့ရပါတယ်။ ပွဲအစမှာ သွင်းထားတဲ့ တစ်ဂိုးရခဲ့လို့သာ ဟားလ်စီးတီးအပေါ် အသာစီးရခဲ့တာပါ။ ဟားလ်စီးတီးကလည်း ပေးထားတဲ့တစ်ဂိုးကို ပြန်ချေပပြီး သရေတစ်မှတ်ရအောင် တန်ပြန်တိုက်စစ်တွေနဲ့ ကစားခဲ့ပါတယ်။ ဒါပေမယ့် ၀ိန်းရွန်းနီကို မထိန်းနိုင်တာတစ်ချက်တည်းနဲ့ ဟားလ်တို့ အိမ်အပြန် မျက်နှာပန်းမလှ ဖြစ်သွားခဲ့ရပါတယ်။ ညာတောင်ပံမှာ ကစားခဲ့တဲ့ နာနီခြေပေါ်ခဲ့တာကလည်း ဟားလ်တို့အတွက် ကံဆိုးသွားစေခဲ့ပါတယ်။

ပထမဂိုး
ပေါစခိုးလ်က သူ့ရဲ့အမှတ်အသားဖြစ်တဲ့ အံ့ဖွယ်အဝေးကစ်ကန်ချက်နဲ့ ကိုက် ၂၀ ခန့်ကနေ အပြင်းကန်သွင်းတယ်။ ဟားလ်စီးတီးဂိုးသမား ဘယ်လိုမှ အမိမဖမ်းနိုင်ဘူး။ ပြန်ထွက်လာတာကို ရွန်းနီက အပြင်းကန်ပြီးပိတ်သွင်းတယ်။ ဂိုးဝင်သွားတယ်။

ဒုတိယဂိုး
နာနီရဲ့ ဖရီးကစ်ကန်ချက်ကို ဂိုးသမားဘယ်လိုမှ မိအောင်မဖမ်းနိုင်ဘူး။ လက်ကလွတ်ထွက်ပြီး ဂိုးတိုင်ကို မှန်ပြီးပြန်ထွက်တယ်။ အဲဒါကို ရွန်းနီက စည်းမကျော်ခင် ပြန်တင်ပေးတယ်။ ဒါပေမယ့် ပိတ်မယ့်လူ မရှိဘူး။ နာနီပြန်ရပြီး ပေါစခိုးလ်နဲ့ အပေးအယူလုပ်တယ်။ ရွန်းနီကို ပေးလိုက်တဲ့အခါ ရွန်းနီက အမြောက်ပစ်ချက်ပမာ အပြင်းကန်သွင်းပြီး ဘောလုံးနဲ့ပိုက်ကို မိတ်ဖွဲ့ပေးလိုက်တယ်။ အဲဒီဂိုးအတွက် ဟားလ်စီးတီးနောက်ခံလူတစ်ယောက် လဲကျနေတာကို မန်ယူအသင်းအနေနဲ့ Fair Play လုပ်သင့်တယ်လို့ ပြောကြတယ်။ ကျွန်တော့်အမြင်ကတော့ လုပ်စရာမလိုဘူးလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ မန်ယူအသင်းက ၁၈ ကိုက်စည်းအတွင်းမှာ ဂိုးရဖို့အတွက် တိုက်စစ်ဆင်နေတဲ့အချိန်မို့ပဲ။ ပြီးတော့ လဲကျနေတဲ့လူ ရှိပေမယ့် မန်ယူအသင်းသားတွေဟာ ကျန်တဲ့နောက်တန်းတွေကိုကြည့်ပြီး လူကျွံထောင်ချောက်လွတ်အောင် ကစားသွားခဲ့ပါတယ်။ ဂိုးတိုင်ရှေ့မှာ လဲကျနေတဲ့လူ ရှိတာကို အခွင့်အရေးမယူခဲ့ကြပါဘူး။

တတိယဂိုး
ဒီနေ့ပွဲမှာခြေစွမ်းပြနေတဲ့ နာနီရဲ့ အံ့သြဖွယ် ဖြတ်တင်ဘောကနေ ရွန်းနီက ခေါင်းတိုက်ပြီး သူ့ရဲ့ ဟက်ထရစ်ဂိုးအဖြစ် ပြောင်းလဲခဲ့တယ်။ ပေးပို့တဲ့လူရော၊ ခေါင်းတိုက်တဲ့လူရော အံကိုက်ဖြစ်သွားလို့သာ အဲဒီဂိုးဝင်သွားခဲ့တာပါ။

စတုတ္ထဂိုး
လူစားဝင်ကစားသမား ဘာဘာတော့ဗ်က သူ့ရဲ့ပင်ကိုယ်စတိုင်လ်အတိုင်း ကျွမ်းကျင်မှုအပြည့်နဲ့ ၁၈ ကိုက်ထဲမှာ ရွန်းနီကို အသာလေးနောက်ပြန်ချပေးလိုက်တယ်။ ရွန်းနီကလည်း နောက်ခံလူသုံးယောက်ကြားကနေ လဲကျလုအနေအထားကနေ ကန်သွင်းပြီး သူ့ရဲ့ လေးဂိုးမြောက် ဟက်ထရစ်ဂိုးကို အရယူသွားခဲ့တယ်။

သွင်းဂိုးအများဆုံးဖြစ်နေတဲ့ ရွန်းနီ
အခုလောလောဆယ်အချိန်အထိတော့ မန်ယူရဲ့ ၀ိန်းရွန်းနီဟာ ၁၉ ဂိုးနဲ့ ပရီမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးအဖြစ် ဦးဆောင်နေပါတယ်။ စီရော်နယ်လ်ဒို မရှိတော့တဲ့ မန်ယူတိုက်စစ်ကို အပြည့်အ၀တာဝန်ယူနိုင်တယ်ဆိုတာ သူ့ရဲ့ သွင်းဂိုးတွေနဲ့ သက်သေတွေပြရင်းနဲ့ပေါ့။

အားပေးလျက်ပါ မန်ယူ။ အားပေးလျက်ပါ ၀ိန်းရွန်းနီ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၄ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၂ နာရီ ၄၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics