Sunday, January 24, 2010

လကွယ်အိပ်မက် - ကိုဉာဏ် (ပန်းလောင်မြေ)


lionsdream.jpg
ခြင်္သေ့မင်းကြီး အိပ်မက်,မက်နေသည်။ အိပ်မက်ထဲတွင် သူကခြင်္သေ့ကြီးမဟုတ်။ ၀ံပုလွေတစ်ကောင် ဖြစ်နေသည်။

အခုလောလောဆယ် သူရောက်နေသည်က ၀ံပုလွေတွေအုပ်လိုက်ကြီး စုရုံးစုရုံးနှင့် ဘာလုပ်နေမှန်းမသိသောနေရာတစ်ခု။ စင်မြင့်ပေါ်က ၀ံပုလွေအိုကြီးတွေက တစ်ကောင်ပြီးတစ်ကောင် ဟောပြောနေကြသည်။ အောက်တွင်ရှိသော ၀ံပုလွေတွေအားလုံးက တစ်လုံးမကျန် လွတ်မသွားရအောင် အာရုံစိုက်ပြီး နားထောင်နေကြဟန်အပြည့်နှင့်။ ထူးခြားသည်က စင်ပေါ်က ပြောနေသော ၀ံပုလွေအိုကြီးတွေအားလုံးသည် ဒဏ်ရာတစ်ခုမဟုတ်တစ်ခုနှင့် ရှိနေကြခြင်းပင်။ တစ်ချို့က မျက်လုံးတစ်ဖက်မရှိ၊ တစ်ချို့က ချိုင်းထောက်ကြီးနှင့်၊ တစ်ချို့ကျပြန်တော့ ခန္ဓာကိုယ်မှာ ကြီးမားလှသော သေရာပါ အစင်းရာကြီးများနှင့်၊ တစ်ချို့ကတော့ နားရွက်မပါ၊ ဘာမပါနှင့်။ ဒါကိုပင် သူတို့က သူရဲကောင်းတို့၏ အမှတ်တံဆိပ်အဖြစ် ကြွေးကြော်သွားတာကို ကြားလိုက်မိသည်။

နောက်ဆုံးနားတွင် ရောက်နေသည့်အတွက် ဘာတွေပြောနေကြမှန်း သဲသဲကွဲကွဲ မကြားရချေ။ တစ်ချက်တစ်ချက် လေအဝေ့တွင်သာ ၀ံပုလွေအိုကြီးတွေ၏ တုန်ချိချိ စကားသံကို မကြားတစ်ချက်၊ ကြားတစ်ချက်နှင့် ကြားရတတ်သည်။ အနားတွင်ရှိနေသည့် ၀ံပုလွေတစ်ကောင်ကို မေးလိုက်မိသည်။

"ဘာလုပ်နေကြတာလဲဗျ၊ အပေါ်ကလူတွေကရော ဘာတွေပြောနေတာလဲ"

အမေးခံရသည့် ၀ံပုလွေက ဘုကြည့်ပြန်ကြည့်သည်။ မလိုလားမနှစ်သက်ဟန် အပြည့်ဖြင့်။ "ရှူး" ဆိုပြီး သူလက်ချောင်းတွေဖြင့် ပါးစပ်ကို ပိတ်ပြသည်။ စကားမပြောနဲ့၊ တိတ်တိတ်နေ၊ သေချာနားထောင်ဆိုသည့်သဘော။ ဘာလဲဟ၊ မသိလို့မေးတာပဲ ဘာဖြစ်လို့ အဲသည်လောက် ခါးခါးသီးသီး ဖြစ်နေရသလဲဆိုတာ သူစဉ်းစားလို့မရ ဖြစ်မိသည်။

သူ့ခါးကို တစ်ကောင်ကောင်က တို့နေသည့်အထိအတွေ့ကို ခံစားရသဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။ သူနှင့်ရွယ်တူလောက်ရှိမည့် ၀ံပုလွေငယ်တစ်ကောင်ကို တွေ့ရသည်။ သူက မျက်စပစ်၍ ခေါ်သွားသည်။ နောက်ဆုံးအစွန်နေရာသို့ရောက်တဲ့အထိ ဘာမှန်းမသိ၊ ညာမှန်းမသိနှင့် လိုက်လာရသည်။ ရောက်တော့မှ သူက သူ့ကိုယ်သူ မိတ်ဆက်သည်။ သူဘယ်သူဖြစ်ကြောင်း၊ စင်ပေါ်တွင် ပြောနေသည့် ၀ံပုလွေအိုကြီးတွေထဲမှ မျက်လုံးတစ်ဖက်မရှိသည့် ၀ံပုလွေကြီးတစ်ကောင်၏ သားဖြစ်ကြောင်း မိတ်ဆက်သည်။ ထို့နောက် သူကပင် စကားဆက်သည်။

"မင်းကို တစ်ခါမှ ငါမတွေ့ဖူးဘူးနော်၊ ဒီတောက ဟုတ်ပုံမရဘူး၊ အခုမှ ပြောင်းလာတာလား"

သူအလျင်အမြန် ခေါင်းညိတ်လိုက်သည်။ ၀ံပုလွေငယ်က ခေါင်းတညိတ်ညိတ်ဖြင့် စကားဆက်သည်။

"အေး၊ မင်းကအခုမှရောက်လာတဲ့ အသစ်ဆိုတော့ ဒီတောရဲ့အထာကို ဘယ်သိဦးမတုန်းကွ၊ လကွယ်နေ့ရောက်တိုင်း ငါတို့ဝံပုလွေတွေ အစည်းအဝေးရှိတယ်လေ"

သူပြန်မေးမိသည်။
"ဘာအတွက် လုပ်တာတုန်းကွ"

"ခြင်္သေ့မင်းကြီးကို တော်လှန်ဖို့လေ"

"ဘာ"

"ဟုတ်တယ်၊ ခြင်္သေ့မင်းကြီးကို တော်လှန်ဖို့ ငါတို့တွေကြိုးစားနေတာ ကြာလှပြီ၊ ငါတို့ဘိုးဘွားတွေလက်ထက်ကတည်းက ဆိုပါတော့၊ အခုလည်း မင်းမြင်တဲ့အတိုင်းပဲ၊ စင်ပေါ်မှာပြောနေတဲ့ ငါတို့အဖေတွေဆိုလည်း ဒဏ်ရာတွေဗရပွနဲ့"

"ဘာဖြစ်လို့ မင်းတို့က ခြင်္သေ့မင်းကြီးကို တော်လှန်ချင်ရတာလဲ၊ ရန်ငြိုးရန်စ ရှိလို့လား"

"အဲဒီလိုတော့ မဟုတ်ပါဘူးကွာ၊ ဒါပေမယ့် ဒီတောထဲမှာ သူရှိနေတော့ ငါတို့တွေ လုပ်ချင်ရာလုပ်လို့ မရဘူးကွ၊ ငါတို့က တစ်ခုခုလုပ်ပြီဆိုတာနဲ့ အကောင်ငယ်လေးတွေက ခြင်္သေ့မင်းကြီးကို သွားတိုင်ကြတယ်ကွ၊ အဲဒီအခါ ငါတို့ကို ခြင်္သေ့မင်းကြီးက ဒေါသတကြီးနဲ့ အမြဲတမ်းခေါ်ပြီး ဆူတယ်ကွ။ တစ်ခါတလေ သူစိတ်တိုလွန်းတဲ့အခါ ငါတို့ဝံပုလွေတွေ အသက်ပေးရတဲ့အထိပေါ့ကွာ"

"အေး၊ အဲဒါဆိုရင် ဟုတ်ပါပြီ၊ မင်းတို့က ဘယ်လိုလုပ်ကြမှာလဲကွ"

"အဲဒါတော့ ငါတို့လည်း သေချာမသိဘူး၊ အခုစင်ပေါ်မှာ ပြောနေတဲ့လူတွေက အတွေ့အကြုံရှိတဲ့လူတွေချည်းပဲ၊ သူတို့အားလုံးဟာ ခြင်္သေ့ကြီးဆီမှာသွားပြီး အဆူခံဖူးတဲ့ လူတွေချည်းပဲ၊ အသက်မသေလို့ ဒဏ်ရာတွေနဲ့ အခုအချိန်ထိ ဒုက္ခိတဘ၀နဲ့ ရှင်သန်နေတဲ့လူတွေပေါ့ကွာ၊ ငါတို့အားလုံးက သူတို့ကို လေးစားရတယ်ကွ"

"ထားပါတော့ကွာ၊ တကယ်လို့ ခြင်္သေ့ကြီးကို မင်းတို့တွေ အောင်နိုင်ပြီပဲဆိုပါတော့၊ မင်းတို့က ဘာလုပ်မှာလဲ"

"ဟ... ဘာလုပ်ရမှာလဲ၊ ဒီတောတစ်ခုလုံးကို ငါတို့တွေ လုပ်ချင်သလို လုပ်လို့ရပြီပေါ့၊ ၀ံပုလွေတွေအုပ်စိုးတဲ့တောကြီးအဖြစ် ငါတို့တွေ ဂုဏ်ယူနိုင်တာပေါ့၊ ငါတို့ရဲ့ ကိုယ်ပိုင်စည်းကမ်းချက်တွေ ပြဋ္ဌာန်းမယ်၊ မလိုက်နာတဲ့ကောင်တွေမှန်သမျှကို ဂုတ်ချိုးပြီး သတ်စားပစ်မယ်"

"ဟေ... မင်းတို့ဟာက တစ်မျိုးကြီးပါလား"

"အေး၊ တစ်မျိုးကြီးတင်မဟုတ်ဘူး၊ နှစ်မျိုးကြီး၊ သုံးမျိုးကြီးဖြစ်အောင် လုပ်ပစ်ဦးမယ်။ ဒါမှ ငါတို့ဝံပုလွေတွေ ဘယ်လောက်အစွမ်းထက်တယ်၊ မြင့်မြတ်တယ်ဆိုတာကို ဒီတောမှာ ရှိတဲ့အကောင်တွေအားလုံး သိသွားကြမှာ၊ ငါတို့ကို ရိုသေလာကြမှာ"

ဝံပုလွေငယ်ကိုကြည့်ရတာ တကယ့်ကို တက်တက်ကြွကြွနဲ့ ယုံကြည်မှုအပြည့် ရှိနေပုံရပါတယ်။ စင်ပေါ်က ၀ံပုလွေအိုကြီးတွေရဲ့ စကားလုံးတွေဟာ ဒီလို ၀ံပုလွေငယ်တွေရဲ့ ရင်ထဲမှာ ဘယ်လောက်အထိ နေရာယူထားသလဲဆိုတာကို အတိုင်းသားမြင်လိုက်ရတယ်။

"သြော်... ဒါနဲ့ မေ့နေလို့၊ မင်းတို့တွေ ခြင်္သေ့မင်းကြီးကို အနိုင်ရပြီပဲ ဆိုပါတော့၊ ခြင်္သေ့မင်းကြီးပြီးရင် ဒီတောထဲမှာ ဦးကျားကြီးရှိသေးတယ်လေ၊ ခြင်္သေ့မင်းကြီးမရှိရင် ဦးကျားကြီးကလည်း ငြိမ်နေမှာမဟုတ်ဘူးနော်။ သူက စီနီယာအကျဆုံးဆိုတော့ သူလည်းတောဘုရင် လုပ်မှာပဲ"

"အဲဒီအခါကျရင်လည်း အဲဒီကျားကြီးကို တော်လှန်ရမှာပေါ့၊ ဘာခက်တာမှတ်လို့၊ ခြင်္သေ့မင်းကြီးကိုတောင် အောင်နိုင်ပြီးရင် ကျားလောက်တော့ မှုစရာလိုမယ်မထင်ပါဘူး၊ အခြားတောတွေမှာရှိတဲ့ ငါတို့ဝံပုလွေမျိုးနွယ်တွေကိုလည်း အကူအညီပေးဖို့ ပြောထားပြီးသား၊ လိုအပ်ရင် လှမ်းခေါ်လိုက်ရုံပဲ"

"နေဦးကွ၊ ကျားကြီးကိုနိုင်ရင်လည်း ကိုဆင်ကြီးရှိသေးတယ်လေ"

"ဆင်ကြီးလည်း ချမှာပဲ၊ ဘယ်သူပဲဖြစ်ဖြစ် ငါတို့ရဲ့ ၀ံပုလွေနိုင်ငံတော်စီမံချက်ကို နှောင့်ယှက်မယ့်လူမှန်သမျှကို ငါတို့က ချရမှာပဲ"

စကားပြောကောင်းနေတုန်းရှိသေးတယ်။ ရှေ့က၀ံပုလွေတွေအားလုံးက လက်သီးလက်မောင်းတွေတန်းပြီး အော်ဟစ်နေတာကို တွေ့ရတယ်။ ဘေးက ၀ံပုလွေငယ်ကလည်း စကားပြောတာကိုရပ်ပြီး လိုက်အော်နေတာကို တွေ့ရတယ်။ ပြီးတော့ လက်တို့ပြီး ပြောတယ်။ "ခင်ဗျားလည်း လိုက်အော်လေ"တဲ့။

"သြော်... အေး၊ ဘာအော်ရမှာလဲ"

"အောင်ရမည်၊ အောင်ရမည်လို့ အော်လေ"

အဲဒီအချိန်မှာ စင်ပေါ်က ၀ံပုလွေအိုတစ်ကောင်ရဲ့အော်သံက လေနဲ့အတူ လွင့်ပါလာတယ်။

"၀ံပုလွေနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေး"

ဘေးက၀ံပုလွေငယ်က ဒေါသတကြီးနဲ့ လှည့်ကြည့်နေတာကြောင့် သူလည်းအလျင်အမြန် ပြန်အော်လိုက်ရတယ်။

"အောင်ရမည်၊ အောင်ရမည်"

အဲဒီလိုအော်လိုက်တဲ့အချိန်မှာပဲ ခြင်္သေ့မင်းကြီး အိပ်မက်ကနေ လန့်နိုးသွားသည်။ သူမက်ခဲ့သည့် အိပ်မက်ကို ပြန်စဉ်းစားရင်း သူပြုံးလိုက်မိသည်။ ပြီးတော့ တိုးတိုးလေး ရွတ်လိုက်မိသည်။

"အောင်ရမည်၊ အောင်ရမည်"

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၄ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၁ နာရီ ၁၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics