Friday, January 22, 2010

ဟာသတိုတိုထွာထွာ


ဟာသတွေလည်း မဖတ်ရတော့ဘူးနော်လို့ ဆိုလာသူတွေအတွက် အချိန်လေးပေးပြီး ဘာသာပြန်ပေးလိုက်ပါတယ်။ အရမ်းရယ်ရရင်၊ သဘောကျရင် သူ့မူလဟာသကိုက ကောင်းနေလို့ဖြစ်ပါလိမ့်မယ်။ ရယ်လည်းမရယ်ရဘူး၊ ဘယ်လိုကြီးမှန်းလည်းမသိဘူး ဆိုရင်တော့ သေချာတယ်... ဗေဒင်မေးမနေနဲ့တော့၊ ကျွန်တော်ဘာသာပြန်တာညံ့လို့ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်နော်။ ကဲ... ရယ်ချင်တဲ့လူတွေအတွက် ကျေနပ်နိုင်ကြပါစေဗျာ...။


(၁)
ဇနီးဖြစ်သူ စူပါမားကတ်တစ်ခုသို့ ဈေးဝယ်သွားသည်။ ယောက်ျားဝတ်အတွင်းခံများကို လျှော့ဈေးဖြင့် ရောင်းချနေသည်ကို တွေ့သဖြင့် ခင်ပွန်းသည်အတွက် အရောင်တူအတွင်းခံ တစ်ဒါဇင် ၀ယ်လာခဲ့သည်။
အိမ်ပြန်ရောက်သောအခါ ယောက်ျားဖြစ်သူအား အဆိုပါအတွင်းခံဘောင်းဘီများ ပေးသည်။
ယောက်ျားဖြစ်သူက ဒေါသတကြီးဖြင့်
"ဟာကွာ... မင်း ဘယ်လိုစိတ်ကူးပေါက်ပြီး ဘောင်းဘီတွေအားလုံးကို အရောင်တစ်မျိုးတည်း ၀ယ်လာရတာလဲ၊ ငါက အတွင်းခံတစ်ထည်ကိုပဲ နေ့တိုင်းဝတ်တယ်လို့ လူတွေက ပြောကြမှာပေါ့ကွ" ဟု ရန်တွေ့သည်။
မိန်းမဖြစ်သူကလည်း ချက်ချင်းပြန်ပက်သည်။
"ကဲ... ပြောစမ်းပါဦး၊ ဘယ်သူက ပြောမှာလဲ" တဲ့။

(၂)
မေး - ဘုရားကျောင်းမှာ ၀တ်ပြုဆုတောင်းတဲ့လူနဲ့ ကာစီနိုဝိုင်းမှာ ၀တ်ပြုဆုတောင်းတဲ့လူရဲ့ ခြားနားချက်က ဘာလဲ။
ဖြေ - ကာစီနိုဝိုင်းမှာ ၀တ်ပြုဆုတောင်းသူရဲ့ ယုံကြည်ချက်က ပိုပြီးတည်ကြည်လေးနက်တယ်လေ။

(၃)
သားငယ်လေးက အိမ်အပေါ်ထပ်ကို အလောတကြီးနဲ့ ပြေးတက်လာပြီး ဖခင်ဖြစ်သူကို မေးလိုက်တယ်။
"အဖေ... သားရဲ့ အသိဉာဏ်တွေက ဘယ်ကနေ ရောက်လာတာလဲဟင်"
အဖေဖြစ်သူက စဉ်းစဉ်းစားစားနဲ့ ပြန်ဖြေတယ်။
"ဒီလိုသားရဲ့... သားရဲ့အသိဉာဏ်တွေက သားအမေဆီကနေ သားဆီကို ရောက်လာတာပဲဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ အဖေ့အသိဉာဏ်တွေက အခုအချိန်ထိ အဖေ့ဆီမှာ ရှိနေတုန်းမို့ပဲ"။

(၄)
ဘိုဘိုရဲ့ဆရာမက သူ့အမေဆီကို စာရေးပေးလိုက်တယ်။ စာထဲမှာက-
"ဘိုဘိုလေးဟာ အရမ်းကို ဉာဏ်ရည်ထက်မြက်ပြီး စာတော်တဲ့ ကလေးတစ်ယောက်ပါ။ ဒါပေမယ့် သူ့အချိန်အများစုကို မိန်းကလေးတွေအကြောင်းပဲ စဉ်းစားပြီး ဖြုန်းတီးပစ်နေတယ်"
နောက်တစ်နေ့တွင် အမေဖြစ်သူက ဆရာမထံ စာပြန်ရေးပေးလိုက်တာက-
"ဆရာမအနေနဲ့ သူ့ကိုဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းရရင် ကျွန်မကို အကြောင်းကြားပါဦးနော်။ ကျွန်မမှာလည်း သူ့အဖေနဲ့ပတ်သက်ပြီး အလားတူပြဿနာ ဖြစ်နေလို့ပါ" ဟူသတည်း။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၂ ရက်၊ သောကြာနေ့။
နံနက် ၉ နာရီ ၀၆ မိနစ်။

No comments:

Post a Comment

 
Web Statistics