Thursday, January 21, 2010

သမိုင်းစာမျက်နှာသစ်တွေကို တစ်ရွက်ပြီးတစ်ရွက် ရေးထိုးနေတဲ့ ရတနာပုံ အက်ဖ်စီ


မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့တာ၊ ရတနာပုံအသင်း ချန်ပီယံဖြစ်သွားခဲ့တာကို အားလုံးသိပြီး ဖြစ်မှာပါ။ ရတနာပုံအသင်းက ရှေ့တန်းတိုက်စစ်မှူး ရန်ပိုင်လည်း မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆု ရသွားခဲ့တာလည်း အားလုံးသိပြီးဖြစ်မှာပါ။ အားလုံးသိပြီးဖြစ်ပေမယ့် ကျွန်တော်ကတော့ ချန်ပီယံရတနာပုံအတွက် ဘာမှမရေးရသေးလို့ အခုမှပဲ ရေးလိုက်ရပါတော့တယ်။ ပထမဦးစွာ ၀န်ခံချင်ပါတယ်။ အခုဒီပို့စ်ကို ရေးတဲ့နေရာမှာ ကျွန်တော်ဟာ အစွန်းလွတ်စွာနဲ့ ရေးတာမဟုတ်တဲ့အတွက် အားလုံးနဲ့ သဘောထားချင်း တူချင်မှ တူပါလိမ့်မယ်။ ရတနာပုံပရိသတ်တစ်ဦး ဖြစ်တဲ့အတွက် ရတနာပုံအသင်းအပေါ် အကောင်းမြင်စိတ်ကဲပြီး ရေးမှာကို နားလည်ပေးနိုင်ဖို့ ကြိုတင်မေတ္တာရပ်ခံလိုပါတယ်။

Bravo Yadanarbon FC!
Congratulation Champions Yadanarbon!

ဂုဏ်ယူပါတယ် ရတနာပုံရေ...။ ငါတို့ပရိသတ်တွေအတွက် အောင်မြင်မှုတွေကို ဆောင်ကြဉ်းပေးခဲ့ပြန်ပြီနော်။ မြန်မာ့ဘောလုံးကို ပရော်ဖက်ရှင်နယ်အဖြစ် ပြောင်းလဲပြီးတဲ့နောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ မြန်မာနေရှင်နယ်လိဂ်ဖလားပြိုင်ပွဲတုန်းကလည်း ပထမဆုဖလားကို ရယူနိုင်တဲ့တယ်။ ဟော... အခုကျင်းပပြီးသွားတဲ့ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲမှာလည်း အမှတ်အများဆုံးနဲ့ ပြိုင်ပွဲမပြီးခင်မှာကတည်းက ချန်ပီယံအဖြစ် ကြေညာနိုင်ခဲ့တယ်။ ရတနာပုံဘောလုံးအသင်းဆိုတဲ့ မင်းအတွက်တော့ အောင်မြင်မှုဆုဖလားတွေဖြစ်ပေမယ့် ငါတို့အားပေးသူတွေအတွက်တော့ အင်မတန်မှ ချိုမြိန်တဲ့၊ မွှေးပျံ့တဲ့၊ ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းတဲ့ အရာတွေဆိုတာကို မင်းလည်းသိပြီး ဖြစ်မှာပါ။ လူဆိုတာမျိုးကလည်း ကိုယ်အားပေးတဲ့ဘက်က နိုင်တာကိုပဲ မြင်ချင်ကြတာမျိုးလေ။ "ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးကို နိုင်စေချင်တယ်" ဆိုတာ လူ့စိတ်ပေါ့။ အခုဟာက အဲဒီထက် အများကြီးပိုတယ်လေ။

ဘောလုံးယဉ်ကျေးမှုမှာ ကိုယ်အားပေးတဲ့အသင်း အမြဲတမ်းနိုင်စေချင်တယ်။ ရှိသမျှဖလားအားလုံး ရစေချင်တယ်။ ကိုယ်အားမပေးတဲ့ တစ်ဖက်အသင်းကို အမြဲတမ်းရှုံးစေချင်တယ်။ ကိုယ်နဲ့အတူ ချန်ပီယံဆုအတွက်ပါ ယှဉ်လာပြီလားဆိုရင်တော့ ပိုပြီးတော့ ဆိုးတော့တာပေါ့။ အဲဒါတွေကိုလည်း အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။ ဒါတွေကိုက ဘောလုံးယဉ်ကျေးမှုရဲ့ အမှတ်သင်္ကေတတွေလေ။ အဲဒီလို အစွဲအလန်းတွေနဲ့ အားပေးကြလို့သာ ဒီနေ့အထိ ဘောလုံးအသင်းတွေ တည်မြဲနေတာ၊ ဘောလုံးပြိုင်ပွဲတွေဟာ ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲတွေ၊ ဘောလုံးသမားတွေဟာ ကမ္ဘာသိတွေ ဖြစ်နေကြတာပေါ့။ အားလုံးကိုသာ ညီတူညီမျှ အားပေးနေရင် ဘယ်ကလာပြီး ဘောလုံးရသဆိုတာ ရှိပါတော့မလဲ။ ကိုယ်မကြိုက်တဲ့အသင်းနှစ်သင်း ကန်နေတာကို ထိုင်ကြည့်နေရင်တောင် ကြည့်နေတဲ့လူအနေနဲ့ တစ်ဖက်ဖက်ကို ပိုပြီးစိတ်ညွတ်မိမှာ အသေအချာပါပဲ။

ဒါတွေကို ဘာလို့ပြောနေရသလဲဆိုတော့ ရတနာပုံပရိသတ်လို့ ဆိုလိုက်တာနဲ့ နှာခေါင်းရှုံ့တတ်ကြလွန်းလို့ပါ။ မကောင်းပြောတတ်ကြလွန်းလို့ပါ။ ထားပါတော့။ အဲဒီလိုပြောတဲ့လူတွေဟာ ရတနာပုံပရိသတ်တွေ မဟုတ်တဲ့အတွက် သူတို့ အားမပေးတဲ့အသင်း၊ သူတို့အားပေးတဲ့အသင်းရဲ့ ပြိုင်ဘက်အသင်းအဖြစ် မကောင်းပြောမှာ၊ ရှုံ့ချမှာ သဘာဝပါပဲ။ နားလည်ပေးပါတယ်။ ဒါပေမယ့် သူတို့အသင်းတွေကို ပြန်ပြောရင်တော့ လုံးဝကို ဆတ်ဆတ်ထိမခံ ဖြစ်ကြတာကို မြင်ပြင်းကတ်တာပါ။ သူတို့တွေ ရတနာပုံကို မုန်းတီးသလို ငါတို့ရတနာပုံပရိသတ်တွေလည်း သူတို့အသင်းတွေကို မချစ်ဖူးဆိုတာကိုကျတော့ သူတို့တွေက နှာစေးနေကြတယ်လေ။ ငါတို့အားပေးတဲ့အသင်းကမှ အကောင်းဆုံးဆိုတဲ့စိတ်ဟာ နေရာတိုင်း မကောင်းဘူးဆိုတာကို နားလည်ထားကြသင့်တယ်ထင်တယ်။ ရတနာပုံအသင်းမှာရော၊ ရတနာပုံအသင်းကို အားပေးသူပရိသတ်တွေမှာပါ ဆိုးကွက်တွေ၊ အမှားတွေ ရှိမှာပါပဲ။ အဲဒါတွေကို ထောက်ပြတာ၊ ပြောဆိုဝေဖန်တာ၊ ရှုံ့ချကြတာကို နားလည်ပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် ပြောနေကြသူတွေ အားပေးနေတဲ့ အသင်းတွေမှာလည်း အဲဒီလို အမှားတွေ၊ ဆိုးကွက်တွေ ရှိမယ်ဆိုတာကို ဘာကြောင့် မမြင်နိုင်ရတာလဲ။

ထားပါတော့။ ဒါတွေမပြောတော့ပါဘူး။ ပြောချင်တာကတော့ မင်းရဲ့အောင်မြင်မှုအတွက် ငါတို့တွေ ဂုဏ်ယူတယ် ရတနာပုံ။ မင်းရဲ့ အောင်မြင်မှုတွေအတွက် မင်းနဲ့ထပ်တူ ငါတို့တွေ ပျော်ရွှင်တယ် ရတနာပုံ။ ဆက်လက်ပြီးတော့လည်း မင်းအတွက် အောင်မြင်မှုတွေ တစ်နည်း ငါတို့အတွက် ပျော်ရွှင်မှုတွေ ဆက်လက်ရယူသွားဦးမယ်လို့လည်း ယုံကြည်နေတယ် ရတနာပုံရေ...။


အသင်းကို စတင်တည်ထောင်ပြီ ဆိုကတည်းက နိုင်ငံခြားသား နည်းပြနဲ့ နည်းစနစ်ဒါရိုက်တာ နှစ်ယောက်ရဲ့လက်ကို ယုံကြည်စွာ ၀ကွက်အပ်ခဲ့တဲ့ အသင်းပိုင်ရှင်ကိုလည်း ချီးကျူးမိပါတယ်။ မြန်မာဘောလုံးလောကဆိုတာကို အစိမ်းသက်သက်နဲ့ ၀င်ရောက်လာခဲ့တဲ့ သူတို့နှစ်ယောက်နဲ့ သူတို့ကို ယုံကြည်ခဲ့တဲ့ အသင်းပိုင်ရှင်ရဲ့ စွန့်စားမှုဟာ အခုလိုများ မအောင်မြင်ခဲ့ရင် အတော်ကို တန်ဖိုးကြီးလွန်းမယ်ထင်တယ်။ အဆိုးဆုံးကတော့ ၀ိုင်းဝန်းပြီးထိုးကြမယ့် လက်ညှိုးတွေနဲ့ ၀ိုင်းကြည့်ကြမယ့် မျက်လုံးတွေပဲ ဖြစ်မယ်ထင်ပါတယ်။ ဘောလုံးသမားစုဖွဲ့မှုအပိုင်းမှာ တစ်သင်းနဲ့တစ်သင်း အများကြီး မကွာခဲ့ပါဘူး။ အခုပြီးသွားတဲ့ အမှတ်ပေးပွဲဆိုရင် ပိုလို့တောင် မြိုင်ဆိုင်သွားသေးတယ် ကမ္ဘောဇအသင်းကလွဲရင် ကျန်အသင်းအားလုံးက နိုင်ငံခြားသားကစားသမားတွေကို ခေါ်ယူပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာလေ။ အဲဒါကြောင့်လည်း ငါတို့က မင်းအတွက် ပိုလို့ဂုဏ်ယူတာပေါ့ကွာ။ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားကနေ ရလာတဲ့ အောင်မြင်မှုဟာ ပိုလို့ချိုမြိန်တတ်တာပဲ မဟုတ်လား။

မကြာတော့တဲ့ကာလမှာ ဒုတိယအကြိမ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲကြီး လာဦးမှာပါ။ အသင်းသစ်တွေထပ်တိုးလာမယ်လို့ သတင်းတွေကြားနေ၊ ဖတ်နေရတဲ့အတွက် ပြိုင်ဆိုင်ရမယ့် အသင်းတွေပိုများလာမှာပါပဲ။ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဆိုတာကြီးက စာရွက်ပေါ်မှာ၊ ပါးစပ်ပေါ်မှာ လွယ်ပေမယ့် လက်တွေ့ဖြစ်လာဖို့ဆိုတာတော့ မလွယ်သေးဘူးလို့ ငါတော့ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် တိုက်ကြက်ကောင်းဟာ အရပ်မရွေးဘူးဆိုသလိုပဲ ရတနာပုံအသင်းဟာလည်း နယ်မရွေးဘူး၊ ကွင်းမရွေးဘူးဆိုတာကို ထိုက်သင့်သလောက် သက်သေပြခဲ့ပြီးပြီလေ။ ချန်ပီယံဖြစ်ခဲ့တဲ့ နှစ်ကြိမ်စလုံးဟာ မန္တလေးမှာချည်းပဲ ကစားခဲ့ရတာ မဟုတ်ပါဘူး။ မပြောပလောက်တဲ့ ပွဲအရေအတွက်ကိုသာ မန္တလေးဗထူးကွင်းမှာ ကစားခဲ့ကြရတာပါ။ ဒါပေမယ့် ချန်ပီယံကတော့ မင်းပဲဖြစ်ခဲ့တာပါပဲလေ။


ကဲ.. စကားတွေရှည်နေလိုက်တာ။ မင်းချန်ပီယံဖြစ်တဲ့အတွက် ငါပျော်တယ် ရတနာပုံရေ...။ မင်းကိုအမြဲတမ်း အားပေးနေဦးမယ်။ ရသအမျိုးမျိုးပေးတဲ့ မင်းရဲ့ကစားကွက်တွေကြားမှာ ငါတို့တွေ စီးမြောကြဦးမယ်။ မင်းရဲ့ ကျော်ကြားမှုတွေအတွက် ငါတို့တွေ ဂုဏ်ယူကြမယ်၊ ပီတိဖြစ်ကြမယ်။ သမိုင်းစာမျက်နှာသစ်တွေကို တစ်ရွက်ပြီးတစ်ရွက် မင်းရေးထိုးသွားဦးမယ်ဆိုတာ ငါတို့ ယုံကြည်နေတယ်။ အားပေးလျက်ပါ ရတနာပုံ။

[ဓာတ်ပုံများကို SoccerMyanmar မှ ရယူထားခြင်းဖြစ်ပါသည်]
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၁၀ နာရီ ၄၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics