Thursday, January 21, 2010

တွေးစရာ ပြုံးစရာ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ကျွန်တော်တို့သူငယ်ချင်းတစ်တွေထိုင်နေကျ လ္ဘက်ရည်ဆိုင်ရဲ့ဘေးမှာ နွားနို့ဆိုင်အသစ်တစ်ခု လာဖွင့်ပါတယ်။ နွားနို့နဲ့ ပူတင်း ရောင်းတယ်လို့ သိရတယ်။ ဆိုင်အကြီး,ကြီးတော့ မဟုတ်ပါဘူး။ အမိုးတပ် ကောင်တာအကြီးတစ်လုံးနဲ့ ထိုင်ရောင်းရုံသာဖြစ်ပါတယ်။ အရောင်းစာရေးမက ကောင်တာနောက်မှာ ထိုင်နေမယ်။ လ္ဘက်ရည်ဆိုင်မှာ ထိုင်တဲ့လူတွေက မှာတာရှိရင် ထည့်ပေးမယ်။ လာပို့မယ်၊ ဒါပါပဲ။ ပြောချင်တာက ကောင်တာမှာ ရေးထားတဲ့ ဆိုင်နာမည်ကြီးကိုပါ။ "My Milk" တဲ့။ အဲဒီနာမည်ကိုလည်း ဖတ်မိရော ဘယ်လိုကြီးမှန်းမသိဘူး။ တစ်မျိုးကြီးဖြစ်သွားတယ်။ ကောင်တာနောက်မှာထိုင်နေတဲ့ စာရေးမကို လှမ်းကြည့်မိပြီး မဆီမဆိုင် ကျွန်တော့်မှာ မျက်နှာတွေပူလို့။ ဒင်းလေးကတော့ သိတောင်သိမယ့်ပုံ မပေါ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အဲဒီ My Milk ဆိုတဲ့ နာမည်ကို "ကျွန်မ၏ ......" ဆိုပြီး မြန်မာလိုချည်းပဲ ဘာသာပြန်နေလို့ မလုပ်ပါနဲ့ကွာလို့ တားထားရတယ်။ (ပြောသာပြောရတယ်၊ ဟုတ်တော့လည်း ဟုတ်သားနော်၊ ပြုံးစရာကြီးဗျ၊ အဲဒီဆိုင်က နွားနို့ကို ၀ယ်သောက်ဖို့တောင် အတော်စဉ်းစားရမယ်)

(၂)
ဒီနေ့မနက် လ္ဘက်ရည်ဆိုင်ထိုင်တော့ သူငယ်ချင်းတစ်တွေ ဟိုပြောဒီပြော၊ ဟိုရောက်ဒီရောက် ပြောကြတာပေါ့။ ပြောနေရင်းတန်းလန်းနဲ့ ဘယ်ကနေ ဘယ်လိုရောက်သွားတယ်မသိပါဘူး။ အစကတော့ အီကြာကွေးနှစ်ပွဲကို သူငယ်ချင်းလေးယောက် အားပါးတရ စားနေတဲ့အတွက် ဝေသာလီပြည်ကို ဘီလူးတွေဝင်စီးနေသလိုပဲ ဆိုတာပါ။ ဒါပေမယ့် ကျွန်တော်တို့ထဲကတစ်ယောက်က ဘယ်လိုစိတ်ကူးပေါက်သွားတယ်၊ ဘယ်လိုစဉ်းစားမိသွားတယ်မသိပါဘူး။ သူပြောတာလေးက တွေးစရာကောင်းသလို၊ ပြုံးစရာလည်း ကောင်းသဗျ။ ဒီလို၊ ဒီလို...။

"အေးကွာ... အရင်တုန်းကလူတွေများ အတော်သနားဖို့ ကောင်းတာပဲကွ၊ ဘီလူးကြောက်ရ၊ သရဲကြောက်ရ၊ တစ္ဆေကြောက်ရ၊ ဘုရင်ကိုကြောက်ရ၊ မှူးမတ်တွေကိုကြောက်ရနဲ့" တဲ့။

ဟုတ်ပါရဲ့နော်။ စာအုပ်တွေဖတ်တိုင်း ဘယ်ပြည်မှာတော့ ဘီလူးနှိပ်စက်လို့၊ သရဲဖမ်းစားလို့ စသည်ဖြင့် ကျွန်တော်တို့တွေ ဖတ်ခဲ့ဖူးပါတယ်။ ဘုရင်က အခွန်အတုပ်တွေ အဆမတန်ကောက်လို့၊ မှူးမတ်တွေက မတရားသဖြင့် ကုန်းချောကြလို့ စသည်ဖြင့် ရာဇ၀င်တွေ၊ နိပါတ်တော်တွေမှာ ဖတ်ခဲ့ရဖူးတယ်။ တစ်ခါမှ သူ့လို မတွေးခဲ့မိဖူးဘူး။ တစ်ဆက်တည်း ဒီနေ့ ကျွန်တော်တို့တွေရော သနားစရာကောင်းတဲ့ လူသားတွေ ဖြစ်နေပြီလားလို့ တွေးနေမိတယ်။

သေချာပါတယ်။ နောက် အနှစ် ၁၀၀ လောက်ကြာရင် အဲဒီခေတ်လူတွေက ပြောကြဦးမှာပဲ။ အရင်တုန်းကလူတွေများ သနားစရာကောင်းလိုက်တာကွာ။ ကြက်တုပ်ကွေးကြောက်ရ၊ ၀က်တုပ်ကွေးကြောက်ရ၊ အကြမ်းဖက်မှုတွေကြောက်ရ၊ အသေခံဗုံးခွဲမှာကို ကြောက်ရနဲ့ကွာလို့ ပြောကြဦးမလား မသိပါဘူးနော်။

(၃)
မနေ့ညက ဂျာနယ်ဖတ်တော့ ကာတွန်းလေးတစ်ကွက်ကို အတော်သဘောကျသွားတယ်။ ဆရာငွေကြည်ရဲ့ ကာတွန်းပါ။ ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ပါတယ်လို့ ထင်တာပါပဲ။ ကာတွန်းထဲမှာ မိန်းမတစ်ယောက်က မိုဘိုင်းလ်ဖုန်းပြောနေတယ်၊ ယောက်ျားလုပ်သူက စာစောင်တစ်ခုဖတ်နေတဲ့ပုံပါ။ မိန်းမလုပ်သူ ဖုန်းပြောနေတဲ့ ဒိုင်ယာလော့ခ်လေးကိုလည်း ဖတ်ကြည့်ပါဦး။
"မီးချွေတာရ၊ ရေချွေတာရနဲ့ အခု လေပါ ချွေတာနေရပြီ... ဖုန်းခတွေတက်သွားလို့... ဒါပဲနော်.." တဲ့။
ခပ်ဟဟရယ်မိရင်း တွေးတတ်ပါပေ့ ဆရာငွေကြည်ရယ်လို့ပဲ တိုးတိုးလေးရွတ်မိတယ်။ အားရပါးရ ရယ်ချင်ပေမယ့် အခန်းထဲက အိပ်နေတဲ့ သူငယ်ချင်းကို အားနာလို့ ကျိတ်ရယ်လိုက်ရတာ ဘယ်လိုကြီးမှန်းကိုမသိဘူး။ အခုမှ ပြန်တွေးပြီး အားရပါးရ ရယ်ရတော့တယ်။

ကျေနပ်ပျော်ရွှင်နိုင်ကြပါစေ...
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၉ နာရီ ၃၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics