Thursday, January 21, 2010

လှပသောထိတွေ့မှုနှင့် ပြန်လည်ရှင်းပြချက် လှပစွာကြိုဆိုသင့်သည် - စိုးမြင့်သိန်း


ရွေးကောက်ပွဲကျင်းပရေးကို တပ်မတော်က ဦးဆောင်ပြောဆိုရေးသား လမ်းညွှန်မြေပုံဆွဲပေးခဲ့သည်။ လမ်းညွှန်လမ်းပြမြေပုံအရ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ (အောင်မြင်စွာ) ယနေ့ ၂၀၁၀ တွင် ရွေးကောက်ပွဲ စနစ်တကျ ကျင်းပပေးတော့မည်။ ပြည်သူလူထုကသာ ရွေးချယ်မှု မှန်ကန်ပါစေဟု နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲက မှာကြားလာသည်။

ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဖဆပလ ခေတ်များစနစ်များ ဖြတ်သန်းလာခဲ့သူ ဘောဂဗေဒ နိုင်ငံရေးပညာရှင် မောင်စူးစမ်းကတော့ ရွေးကောက်ပွဲကျင်းပပေးသည့် နိုင်ငံရေးအခြေအနေကို မပြတ်ထောက်ခံလာခဲ့သည်။ ထိုသို့ ထောက်ခံပြီး ကျယ်ပြန့်စွာ ဆွေးနွေးလာရာ၌ လွန်စွာ ပွင့်လင်း၍ စေတနာပါ၍ ဉာဏ်မြင့်မားလှသည်ကို အံ့သြဖွယ် တွေ့ရှိရသည်။

ဆရာမောင်စူးစမ်းက တပ်မတော်သည် ရွေးကောက်ပွဲပြီး၍ လွှတ်တော်များ ပေါ်လာသောအခါ နောက်ထပ် လမ်းပြလမ်းညွှန်မြေပုံများ ရေးဆွဲပြဋ္ဌာန်းပေးဖို့ မလိုတော့ဘူးထင်တယ်ဟု အတိအလင်း ထိတွေ့ရေးသားလာသည်ကိုလည်း ဂျာနယ် မီဒီယာများ၌ ဖတ်ရှုနေရသည်။ ရန်ကုန်တိုင်းမ်၊ The Voice ဂျာနယ်တို့မှာ ဖတ်ရှုနိုင်ပါသည်။)

ယင်းလှပသော ထောက်ကွက်ကို သက်ဆိုင်ရာမှ လှပစွာ ဖြေရှင်းချက်ထုတ်ပြန်ရေးသားသည်ကို ကြေးမုံသတင်းစာ ဆောင်းပါးကဏ္ဍ၌ တရားဝင်ဖတ်ရှုရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဆရာမောင်စူးစမ်းက ယခု ဇန်န၀ါရီ ၇-၁၃၊ ၂၀၁၀ ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် နိုင်ငံရေးအချပ်ပိုနှင့် The Voice 11-17, 2010 ထုတ်တို့တွင် ရေးသားရာ၌ ဖြစ်ပေါ်လာမည့် မြန်မာ့နောင်ရေးနိုင်ငံရေးဒီမိုကရေစီ အခြေအနေတွင် တပ်မတော်က ဆက်လက်ပါဝင်ဦးမည်၊ မြန်မာ့ဒီမိုကရေစီသည် လမ်းညွှန် ဒီမိုကရေစီဖြစ်မည်ဟု ရေးသားခဲ့သည်။ တပ်မတော်၏ နိုင်ငံရေးတွင်ပါဝင်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင် ပြဋ္ဌာန်းထားသဖြင့် တပ်မတော်ပါဝင်မှုသည် အမြဲတမ်းသဘော ထာဝရသဘော ဆောင်လိမ့်မည်ဟု ယူဆခဲ့ကြောင်း၊ သို့သော် သို့သော် ပေါ်လာတာ တွေ့ရသည်။ တပ်မတော်အနေဖြင့် ဒုတိယလမ်းပြမြေပုံ ဖန်တီးပေးဖို့ မလိုတော့ဘူးထင်ကြောင်း၊ ပထမမြေပုံသာ ရေးဆွဲတာ သဘာဝကျကြောင်း၊ ပထမမြေပုံအရ ပေါ်လာသော လွှတ်တော်(ဖိုရမ်) တို့ကသာ နောက်ထပ်မြေပုံကိစ္စ ဆွေးနွေးသင့် ရေးဆွဲသင့် အခွင့်အရေးရှိကြောင်း အကြံပေးရေးသားလာသည်။

ဤတွင် တပ်မတော်ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတို့က နောက်ဆက်တွဲ ဖြေရှင်းချက် ရေးသားလာသည်။ လွှတ်တော်က၊ လူထုရွေးချယ်ရွေးကောက်ပုဂ္ဂိုလ် ကိုယ်စားလှယ်များက လိုအပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြည့်စွက်ဖို့လိုလျှင် လိုအပ်လျှင် (ရေးဆွဲပြင်ဆင်တာကို) လက်ခံသွားမည် (တပ်မတော်က လက်ခံသွားမည်)။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်တို့က တပ်မတော်ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆုံးဖြတ်လျှင် ယင်းဆုံးဖြတ်ချက်ကို လေးစားလိုက်နာမည်ဟု ကတိက၀တ်ပြုလာသော လှပသော နောက်ဆက်တွဲ ဖြေရှင်းချက်၊ ထိုကတိက၀တ်သည် တပ်မတော်မျိုးဆက်သစ်တို့ အပေါ်လည်း ခိုင်မြဲလိမ့်မည် မျှော်လင့်ရသည်။

ယင်းသည် ဥပဒေအရလည်း လိုအပ်/မှန်ကန်သည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်တို့သည် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရှိလိမ့်မည်။ မည်သူမျှ လွှတ်တော်အထက်တွင် မရှိကောင်းပေ။ မည်သူမျှ ဥပဒေအထက်တွင် မရှိကောင်းပေ။ ယင်းကို တပ်မတော်ကလည်း တစ်ကြိမ်မက ထုတ်ဖော်ပြောဆို ရေးသားခဲ့ပြီ။ လွှတ်တော်၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် ဥပဒေကို အသိအမှတ်ပြုလေးစားသော ၎င်းနောက်ဆက်တွဲ ဖြေရှင်းချက်သည် လှပ၍ ကြိုဆိုအပ်သည်။ လှပစွာ ကြိုဆိုအပ်သည်။

ကျွန်တော်တို့သည် နိုင်ငံရေးသဘောထားများ၌ Narrow Focus အမြင်ကျဉ်းကျဉ်း မရှိသင့်။ Rigidity တင်းတင်းကျပ်ကျပ် မဖြစ်သင့်။ ပြဿနာတွေကို အမြင်ကျဉ်း/တင်းကျပ်စွာ ရှုမြင်လျှင် တရားသေ ဆန်သွားမည်။ ကောင်းဖို့ဖြစ်မှာမဟုတ်။

လှုပ်သာလှည့်သာ ရှိမှာမဟုတ်။

ယခု အနာဂတ်မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ဘက်မှ ပါဝင်ပတ်သက်မည့် ဤအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားသဖြင့် ယင်းကို ဖိုးကပ်စ်ကျဉ်းကျဉ်းနှင့် ကြည့်ရှုဖို့ စေ့ဆော်ဖိတ်ခေါ်သလို ဖြစ်နေသည်။ တင်းကျပ်သောဘောင်ဟု အနက်အဓိပ္ပါယ် ထွက်နေသည်။

သို့ရာတွင် ဒုတိယကတိက၀တ် ပေါ်လာသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်တို့ကသာ တပ်မတော်ပါဝင်မှုကို တစ်စုံတစ်ရာ ဆုံးဖြတ်လျှင် ယင်းကို လေးစားလိုက်နာမည်ဟု… တပ်မတော်၏ နိုင်ငံရေးသည် အသေပိတ် ကျဉ်းကျဉ်းကျပ်ကျပ် မဟုတ်ကြောင်း ထင်ရှားသည်။ တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုသည် အရှင် Open-Ended Game ဟု ဆိုနိုင်သည်။

တပ်မတော်ပါဝင်သော နိုင်ငံရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားပြီးဖြစ်၍ ယင်းသည် ဥပဒေပြဿနာ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတရားတစ်ခု ရှိသည်။ ယင်းမှာ ရေးဆွဲသူကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနာဂတ်ကို အလုံးစုံ ကြိုတင်မမြင်နိုင် ဟူသော အချက်၊ တစ်နည်းဆိုရသော် ယနေ့ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကံကြမ္မာသည် နောက်မျိုးဆက်သစ်တို့က ဘယ်လိုမြင်သလဲ ဟူသော အချက်ပေါ်တွင် မူတည်ခြင်း၊ ယခုရေးဆွဲသူ၏ လက်ထဲတွင် ဖွဲ့စည်းပုံဥပဒေ၏ ကံကြမ္မာ မရှိပေ။

ထို့ကြောင့် အမြော်အမြင်ရှိစွာပင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လှုပ်သာလှည့်သာ ပျော့ပျောင်းစွာ ရှိဖို့လိုသည်ဟု မောင်စူးစမ်း ၁-၁-၂၀၁၀ နေ့စွဲဖြင့် The Voice ဂျာနယ် Vol 6 / No.10 Monday January 11-17, 2010 တွင် ရေးသားသည်ကို ဖတ်ရှုရပါသည်။

ပါရဒိုင်းအသစ်
ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီရေးတို့တွင် ပါရဒိုင်း တဖြည်းဖြည်း ပြောင်းရွှေ့သွားသည်ကို တွေ့နေရသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယနေ့အချိန်တွင် ဗဟိုပြုစဉ်းစားရမည့်အရာသည် ရွေးကောက်ပွဲ ဖြစ်နေပါသည်။ Player သစ်များကို ရွေးကောက်ပွဲတွင် မြင်တွေ့ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကသာ ယနေ့ ပါရာဒိုင်းအသစ် ဖြစ်နေသည်မှာ ထင်ရှားလှသည်။

အမေရိကန် အသိုင်းအ၀ိုင်းကိုယ်တိုင်က Creditable Election ဟု ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲနေပြီ။ အဓိပ္ပါယ်ကတော့ ရှေ့ပိုင်းကိစ္စရပ် (ရွေးကောက်ပွဲမတိုင်မီ) တွေကို ပြဿနာလုပ် မပြောတော့ဘူး၊ လက်တွေ့မကျတော့ဘူးဟူသော သဘော…

ယင်းပါရဒိုင်းသစ် အခြေအနေသစ်ကို စိတ်ကြည်လင် ချမ်းသာစွာပဲ အကောင်းဘက်မှ ငြိမ်းချမ်းစွာ စည်းလုံးညီညွတ်ရေး လိုလားစွာ ဥပဒေအရ ကြည့်ရှုသင့်သည်မှာ လိုအပ်နေသည်။ လိုအပ်နေပါသည်။

ပြောင်းနေသော ပါရာဒိုင်းလှိုင်းကို တွန်းကာဆီးကာ ပိတ်ဆို့၍ မရနိုင်တော့ပါ။ နည်းလမ်းဟောင်းများ စွန့်ကြလော့။ အဆိုးကျော့သံသရာစခန်း မသွားနှင့်တော့။ နိုင်ငံသား သန်း ၅၀ ကျော်၏ မျက်နှာ၊ ကံကြမ္မာကို ကောင်းစွာ ထောက်ထား စဉ်းစားသင့်။ ချုပ်လိုက်လျှင် မောင်စူးစမ်း၏ လှပသော ထိတွေ့မှုကို သက်ဆိုင်ရာမှ လှပစွာ ပြန်လည်ရှင်းပြချက်ပေးတာ တွေ့ရသည်။ ၀မ်းသာကျေနပ်မိသည်။ လှပစွာ ကြိုဆိုသင့် ကြိုဆိုအပ်သည် မဟုတ်လော။

(Northern Star ဂျာနယ် အမှတ် ၅၀ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics