ကြိုတင်စိတ်ကူးယဉ်
လက်မှတ်တစ်စောင်ကို ၆၀၀၀ ကျပ် သတ်မှတ်ထားတဲ့အတွက် ပရိသတ်နည်းနည်းပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အရင်နှစ် ပန်းပွဲတော်တွေတုန်းက စတေ့ခ်ျရှိုးလက်မှတ်တစ်စောင်ကို ၃၀၀၀ ကျပ်နဲ့ ရောင်းတာတောင် မကုန်တဲ့အတွက် နောက်ဆုံး ရှိုးပွဲတွေ စတဲ့အချိန်မှာ ၂၅၀၀ ကျပ်အထိ ဈေးချပြီးရောင်းခဲ့ကြရတာ တွေ့ခဲ့ရလို့ပါ။ ဘာပဲဖြစ်ဖြစ် လူနည်းနည်းနဲ့ အိုင်စီရှိုးကို အေးအေးဆေးဆေးကြည့်ရတဲ့ အခွင့်အရေးရမယ်ဆိုရင်တော့ တကယ့်ကို ကံထူးတာပဲလို့ စိတ်ထဲမှာ တွေးမိပါတယ်။ ဒီကပရိသတ်တွေအကြောင်းကို အသိဆုံးမို့ပါ။ အလကားနေရင်းကို ရွှေဓူဝံသွေး၊ ၀မ်းချိုင်းသွေး အပြည့်ပါနေတဲ့လူတွေမို့လေ။ ဒီကြားထဲ ကိုကြီးကျော်သေလို့ ၀င်စားသလားမသိဘူး၊ ဒီကိုမလာခင်ကလည်း သောက်လာခဲ့တယ်၊ ဒီအထဲရောက်တော့လည်း ဘယ်နေရာမှာခိုးရောင်းတယ်မသိဘူး၊ ပုလင်းလိုက်၊ ခွက်လိုက်သောက်ကြတာတွေကလည်း ရှိသေးတယ်မဟုတ်လား။
ပွဲစချိန်အမီ သွားကြမည်
လက်မှတ်မှာ အချိန် - နေ့လည် (၁၂)နာရီ (ပွဲချိန်သတိပြု) လို့ ထင်ရှားစွာရေးထားပါတယ်။ စာစောင်တွေမှာ ကျွန်တော်ဖတ်ဖူးတာ၊ ရန်ကုန်ကသူငယ်ချင်းတွေ ပြောပြဖူးတာကလည်း အိုင်စီဟာ ပရိသတ်မစောင့်ဘူး။ သူစမယ်ဆိုတဲ့ အချိန်ရောက်ရင် ပွဲကို စဖြစ်အောင်စတယ်တဲ့။ ယုံစားမိလို့ ကျွန်တော်မောင်ဉာဏ် မှားခဲ့ပါတယ်ဗျာ။ နေ့လည် ၁၁ နာရီကတည်းက ကန်တော်ကြီးဥယျာဉ်က နန်းမြင့်မျှော်စင်ကို ချီတက်ခဲ့ကြပါတယ်။ သူငယ်ချင်းတွေကတော့ ပွစိပွစိပေါ့လေ။ ၁၂ နာရီမှ စမယ့်ပွဲကို ၁၁ နာရီကတည်းက ဘာသွားလုပ်မှာလဲပေါ့။ ကျွန်တော်တွက်တာက လမ်းမှာ ကား၊ ဆိုင်ကယ်တွေကို ရှောင်ရတာနဲ့ လုံခြုံရေးအရ စစ်ဆေးခံရတာတွေကို ရပ်စောင့်ရတာနဲ့၊ ဥယျာဉ်ဝင်ပေါက်ကနေ နန်းမြင့်မျှော်စင်ကို ၁၅ မိနစ်လောက် လမ်းလျှောက်ရမှာနဲ့ အဲဒီအချိန်တွေကိုတွက်ချက်ပြီး ၁ နာရီ ပိုယူလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ ပြောဖြစ်အောင် ပြောလိုက်ပါသေးတယ်။ အိုင်စီက ၁၂ နာရီအတိမှာ စမှာကွလို့။ သူတို့က ပြန်မေးတယ်။ မင်းကို ဘယ်သူပြောသလဲတဲ့။ ဘယ်ရမလဲ ကျွန်တော်ကလည်း အိုင်စီမို့ ငါပြောရတာကွပေါ့။ ဒီလိုနဲ့ စတေ့ခ်ျရှိုးကို ချီတက်ခဲ့ကြရော ဆိုပါတော့။
မျက်လုံးပြူးသွားရတဲ့ ဆိုင်ကယ်အပ်ခ
ကန်တော်ကြီးဥယျာဉ်ဝင်ပေါက်ရောက်တော့ ဆိုင်ကယ်တွေကို အဲဒီနေရာမှာပဲ အပ်ခဲ့ရမယ်လို့ ဆိုပါတယ်။ အပ်ရမယ်ဆိုလည်း အပ်ပေါ့လေ။ တစ်စီးကို ၁၀၀၀ ကျပ် ဆိုတော့ ကျွန်တော်မျက်လုံးပြူးသွားတယ်။ ဘုရားရေ… ဘယ်တုန်းကမှ မရှိတဲ့ဈေးနှုန်းတွေနဲ့ တောင်းနေပါလား။ ဟုတ်ရဲ့လားကွာလို့ မေးမိတော့။ ဟုတ်ပါတယ်တဲ့။ လက်မှတ်မှာလည်း ဆိုင်ကယ်တစ်စီးလျှင် ၁၀၀၀ ကျပ်လို့ ရေးထားတဲ့အတွက် ပိုတောင်းတာတော့ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။ ကန်ထရိုက်နဲ့ ဥယျာဉ်ကလူတွေ ဘယ်လိုပေါင်းပြီး ရိုက်လိုက်တယ်တော့ ကျွန်တော်မသိဘူး။ စတေ့ခ်ျရှိုး လက်မှတ်တစ်စောင်ကို ၆၀၀၀ ကျပ် ဖြစ်တဲ့အတွက် ဆိုင်ကယ်အပ်ခလည်း ၁၀၀၀ ကျပ် ယူလိုက်မယ်ကွာဆိုပြီး လုပ်လိုက်ကြသလားတော့ မသိပါ။ ကျွန်တော်တို့မြို့မှာ ပုံမှန် ဆိုင်ကယ်အပ်ခက ၂၀၀ ကျပ်မို့ပါ။ ဈေးရှေ့မှာ တစ်နေကုန်အပ်ပြီး ဈေးရောင်းသွားရင်လည်း ၂၀၀ ကျပ်ပဲ။ ရုပ်ရှင်ရုံတွေမှာ အပ်ရင်လည်း ၂၀၀ ကျပ်ပါပဲ။ အိုင်စီပွဲကျမှ ချက်ချင်းလက်ငင်းကြီး ၁၀၀၀ ကျပ်ဖြစ်သွားတာကတော့ စဉ်းစားစရာပါပဲ။
ဝင်ကြေးလည်းကောက်သဗျ
ဒါနဲ့ ဆိုင်ကယ်အပ်ပြီး ပြန်ထွက်လာတော့ ဥယျာဉ်ဝင်ကြေးပေးရပါမယ်တဲ့။ လုပ်ပြန်ပြီ။ အိုင်စီရှိုးကို ဒီအထဲမှာလုပ်တာ ဒီဥယျာဉ်အတွင်းဝင်ခွင့်အတွက် ပိုက်ဆံပေးရဦးမှာလား။ ဘယ်ကိုမှလည်း လျှောက်ကြည့်မှာ၊ လျှောက်လည်မှာမဟုတ်ဘူး။ အိုင်စီကိုကြည့်ဖို့ပဲလာတာ။ လက်မှတ်ခလည်း ၆၀၀၀ ကျပ် ပေးခဲ့ရပြီးပြီ။ ပွဲစီစဉ်သူကလည်း ဒီဥယျာဉ်အတွင်းမှာ လုပ်တဲ့အတွက် ထိုက်သင့်တဲ့ပိုက်ဆံပမာဏတစ်ရပ်တော့ ပေးရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဆိုရင် ဘာကိစ္စ လာကြည့်တဲ့ ပရိသတ်တွေဆီက ၀င်ကြေးတောင်းရသေးသလဲဆိုတာကို စဉ်းစားလို့မရဘူး။ ကျွန်တော်က ဉာဏ်မမီတာလည်း ဖြစ်နိုင်ပါတယ်။ ၆၀၀၀ ကျပ်ဆိုတာက အိုင်စီကိုကြည့်ဖို့သတ်သတ်၊ ၁၀၀၀ ကျပ်က ဥယျာဉ်ထဲကို ၀င်ဖို့အတွက် ၀င်ကြေးသတ်သတ်ပဲ ဖြစ်မှာပါလေ။ ဒါပေမယ့် ငါတို့တော့ အရိုက်ခံနေရပြီဆိုတာကို အလိုလိုသိနေမိတယ်။ ထားပါတော့လေ ကိုယ်တွေကလည်း ဒီအထဲမှာလုပ်တဲ့ ရှိုးပွဲကိုမှ လာကြည့်နေမိတာကိုး။ သူ့အရပ်ရောက်တော့လည်း သူ့ဇာတ်ကို ကရတော့မှာပေါ့။
အထင်နဲ့အမြင် တက်တက်စင်
နန်းမြင့်မျှော်စင်ရှေ့ရောက်တော့ ပရိသတ်က ချောက်တိချောက်ချက်ပဲ ရှိသေးတယ်။ ကြိုတွေးထားသလို လူမများလောက်ဘူးလို့ ထင်လိုက်မိတယ်။ ဟိုနားမှာ တစ်ဖွဲ့၊ ဒီနားမှာ တစ်အုပ်စုနဲ့ စကားပြော၊ နေကြာစေ့စား လုပ်နေကြတာပေါ့။ နေကလည်း ပူလိုက်တာမှအရမ်းပဲ။ လူတစ်ကိုယ်လုံး ပေါင်းတင်ခံနေရသလိုပဲ။ ညနေစောင်းတာနဲ့ အေးမှာသိနေတဲ့အတွက် အပေါ်အနွေးထည်ကလည်း မ၀တ်လာဘဲ မနေရဲဘူးလေ။ အခုတော့ နေ့ခင်းကြီး နေပူပူအောက်မှာ ချွေးသံတရွှဲရွှဲနဲ့ အတော်ကို ပူစပ်ပူလောင်ပါပဲ။
၁၂ နာရီထိုးခါနီးတော့ ပရိသတ်က အတော်လေးများလာပါပြီ။ ဒါပေမယ့် စင်ပေါ်မှာက ဘာအရိပ်အယောင်မှ မတွေ့ရဘူး။ ဒီအတိုင်းချထားတဲ့ တီးဝိုင်းပစ္စည်းတွေရယ်၊ အစောင့်တွေရယ်ပဲ ရှိတယ်။ ကျွန်တော်နည်းနည်းတော့ စိတ်ထင့်သွားတယ်။ အခုအချိန်အထိ အိုင်စီအဖွဲ့က အရိပ်အယောင်တောင် မမြင်ရဘူး။ ၁၂ နာရီထိုးဖို့ကလည်း မိနစ်ပိုင်းလောက်ပဲ လိုတော့တယ်။ ဘယ်လိုလုပ်ပြီး ၁၂ နာရီအတိမှာ စနိုင်မလဲမသိဘူးလို့ တွေးနေရပြီ။ ဘေးကသကောင့်သား သူငယ်ချင်းအကောင်းစားကြီးတွေကလည်း ကျွန်တော့်ကို မျက်လုံးစိမ်းတွေ၊ မျက်လုံးဝါတွေ၊ မျက်လုံးနီတွေနဲ့ ကြည့်ပြီး ရယ်နေကြပြီ။ ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ပဲ မဟုတ်လား။ စောင့်ကြည့်ပါဦးကွလို့ အနည်းငယ်တုန်နေတဲ့အသံလေးနဲ့ မာန်တင်းရတာပေါ့။ ၁၂ နာရီ ၅ မိနစ်ကျတော့ စတေ့ခ်ျစင်ရှေ့က ပရိသတ်အချို့က မရတော့ဘူး။ မစသေးဘူးလား၊ ဘာလားဆိုပြီး အော်ဟစ်နေကြပြီ။ အမယ်.. အဲဒီတော့ ဘာလုပ်တယ်မှတ်လဲ သီချင်းဖွင့်ပေးထားလိုက်သဗျ။ စိတ်ညစ်လိုက်တာဆိုတာလေ။ အငဲရဲ့ "ကိုး" အခွေနဲ့ လေးဖြူရဲ့ "BOB" အခွေတွေကို အမုန်းကို ဖွင့်ပေးထားကြသဗျ။ ဆိုးဝါးလိုက်တဲ့ အိုင်ဒီယာဗျာ။ ဒီအဆိုတော်တွေ ဖျော်ဖြေတာကို လာနားထောင်တာပါဆိုမှ သူတို့ရဲ့ သီချင်းခွေတွေကို ဖွင့်ပြတဲ့စိတ်ကူးလောက် မိုက်မဲစုတ်ပြတ်နုံချာတဲ့ အတွေးအခေါ် ရှိဦးမလားဗျာ။ သူငယ်ချင်းတစ်ယောက်ပြောတဲ့ စကားနဲ့ပြောရရင်တော့ "စတေ့ခ်ျရှိုးလာကြည့်ပါတယ်ဆိုမှ လဘက်ရည်ဆိုင် ရောက်နေတယ်ကွာ" တဲ့။ တကယ်လည်း ပြောထိုက်ပါတယ်။ အငဲနဲ့ လေးဖြူကို စီးပွားဖြစ်ကို ဖွင့်ပေးထားတော့တာကိုး။ တစ်ပုဒ်ဆုံးသွားတဲ့အချိန်တိုင်း ပရိသတ်တွေက အော်ဟစ်ဆဲဆိုနေတာတွေကို ကြားနေရတယ်။ ဒီတစ်ခါတော့ ကျွန်တော်သူတို့ကို အပြစ်မတင်တော့ဘူး။ သူတို့မှန်တယ်။ သူတို့အော်သင့်တယ်။ ဆဲသင့်တယ်မဆဲသင့်ဘူးကတော့ သူတို့ခံယူချက်နဲ့သူတို့ပါ။ မကျေနပ်ချက်ကို ဖော်ထုတ်တဲ့အနေနဲ့ ဆဲတယ်လို့ယူဆရမယ်ဆိုရင်တော့ သူတို့ကို မှားတယ်လို့ မပြောချင်ဘူး။ ဘာပဲပြောပြော ကျွန်တော့်အထင်နဲ့ အမြင်တွေ တက်တက်စင်လွဲသွားရတာတော့ အသေအချာပါပဲ။ အိုင်စီအပေါ်ထားတဲ့ ကျွန်တော့်လေးစားမှုလေး တစ်ဆစ်လျော့သွားတယ်။
ပရိသတ်ကို မလေးစားတာလား၊ လုပ်ချင်ရာလုပ်တာလား
နေ့လည်ခင်း နေပူကြဲကြဲကြီးထဲမှာ အစောကြီးကတည်းက လာရောက်စောင့်မျှော်နေတဲ့ ပရိသတ်တွေကို အိုင်စီက စော်ကားလိုက်တာလို့ မြင်ပါတယ်။ အစကတည်းက ပွဲစချိန်ကို ၁၂ နာရီမှာ မစနိုင်ရင် အခြားအချိန်တစ်ခု ရေးပေါ့။ ပြီးတော့ သူတို့ကပဲ လက်မှတ်ထဲမှာ (ပွဲချိန်သတိပြု) ဆိုပြီး ကြီးကြီးကျယ်ကျယ် ထည့်ထားသေးတယ်။ ဒါဟာ ပရိသတ်ကို စော်ကားတာဖြစ်သလို သူတို့ကိုယ်တိုင်လည်း အချိန်ကို တန်ဖိုးမထားဘူး၊ အချိန်ကို မလေးစားဘူးဆိုတာကို ပြနေတာပါ။ အခုအချိန်မှာတော့ ပြိုင်ဘက်မရှိအနေနဲ့ သူတို့လုပ်ချင်သလို လုပ်နေတာ မှန်နေသလို ဖြစ်နေပါလိမ့်မယ်။ နောင်တစ်ချိန် တီးဝိုင်းတွေ အပြိုင်အဆိုင် ရှိလာတဲ့အခါကျရင် အများကြီး စကားပြောသွားပါလိမ့်မယ်။ သေချာတာကတော့ "အိုင်စီဟာ ပရိသတ်ကို မစောင်ဘူး၊ စမယ့်အချိန်မှာ အတိအကျကို စတယ်"ဆိုတဲ့ ကျွန်တော့်ယုံကြည်ချက်ကလေး လုံးဝကို ပျက်စီးသွားပါတယ်။ ကျွန်တော်တို့မြန်မာတွေက ပြောလိုက်ရင်တော့ ကမ္ဘာပတ်တော့မှာလိုလို၊ ကမ္ဘာကြီးကို အုပ်စိုးတော့မှာလိုလိုနဲ့ သောက်ကြီးသောက်ကျယ်နဲ့။ ပြီးတော့ ၁၂ နာရီမှာ စမယ်လို့ လက်မှတ်ထဲမှာရေးထားတဲ့ အချိန်ကိုတောင် မစနိုင်ဘူး။ ၁၀ မိနစ်လောက် နောက်ကျရင်တောင် မြန်မာတွေပဲလေဆိုပြီး နားလည်ပေးလို့ရသေးတယ်။ အခုတော့ ၁၅ မိနစ်လည်းမဟုတ်၊ နာရီဝက်လည်းမဟုတ်။ မိနစ် ၄၀ လောက်ကို နောက်ကျပစ်လိုက်တယ်။ ကြိုရောက်နေတာက ၁ နာရီ၊ သူတို့နောက်ကျတာက ၄၀ မိနစ် ပေါင်း ၁ နာရီနဲ့ ၄၀ မိနစ် (၂ နာရီနီးပါးလောက်) နေပူထဲမှာ ငုတ်တုတ်ထိုင်ပြီး လာစောင့်နေတဲ့ ပရိသတ်တွေက သောက်ရူးတွေကျနေတာပဲ။ ပြောလိုက်ရင် ပရိသတ်ဆိုတာ ကျွန်တော်တို့ ထမင်းရှင်ပါဘာညာနဲ့ အခုတော့ကြည့်ပါဦး ပိုက်ဆံ ၈၀၀၀ ကျပ်အကုန်ခံပြီး နေပူထဲမှာ ဒုက္ခလာခံနေရတယ်။ အဲဒါလား ပရိသတ်ကို လေးစားတာ။ ရထားတွေ အချိန်မှန်မထွက်ရင်၊ ကားတွေအချိန်မှန်မထွက်ရင် ဒင်းတို့တွေပဲ တောပြောတောင်ပြော ပြောကြတာ။ သူတို့ကျတော့ ပြောတဲ့အချိန်အတိုင်း လုပ်နိုင်ကြတာ မဟုတ်ပါပဲလျက်နဲ့။
၁၂ နာရီ ၄၀ မိနစ်ကျော်မှာ အသံစမ်းကြတယ်
တီးတဲ့အဖွဲ့တွေဖြစ်တဲ့ ကိုဗညား၊ ကိုခင်မောင်သန့်၊ ကိုခရမ်းနဲ့ ကိုချစ်စမ်းမောင်တို့ စင်ပေါ်တက်လာတယ်။ ဟိုတီးဒီတီးလုပ်ကြတာ ၁၀ မိနစ်လောက်ကြာတယ်။
ပွဲစပြီ
၁၂ နာရီ မိနစ် ၅၀ မှာတော့ ကိုဗညားက အစီအစဉ်ကြေညာသူအဖြစ်နဲ့ အိုင်စီရှိုးစတင်ပါတယ်။ အပိုင်း(၂)ပိုင်းခွဲပြီး ဖျော်ဖြေမယ်လို့ ကြေညာပါတယ်။
ပထမပိုင်းဖျော်ဖြေမှု
ချမ်းချမ်း
ပထမဆုံး ချမ်းချမ်းနဲ့ ဖွင့်ပါတယ်။ ပရိသတ်က အောက်ကနေပြီး လေးဖြူနာမည်ကိုပဲ တရစပ်အော်နေကြတယ်။ စီစဉ်ထားမှုဆိုးဝါးတာကတော့ ချမ်းချမ်းက ကြားလည်းမကြားဖူး၊ ဘယ်သူမှလည်း မရတဲ့ သီချင်းတစ်ပုဒ်နဲ့ ဖွင့်လိုက်တာပါပဲ။ အောက်ကပရိသတ်က ငြိမ်လို့။ စိတ်ဝင်စားလို့ နားထောင်နေတာမဟုတ်ဘူး။ ဘာတွေ အော်နေမှန်းမသိလို့။ သူကတော့ ခံစားချက်အပြည့်နဲ့ သီဆိုနေပုံပေါက်ပါတယ်။ ပြီးတော့ ဘာတွေပြောနေမှန်းလည်း မသိဘူး။ "ချမ်းချမ်း မေမြို့ကို ပထမဆုံး ရောက်ဖူးတာပါ" တဲ့။ အောက်ကလည်း ပြန်အော်တယ် "အဲဒါ ဘာလုပ်ရမှာလဲ" တဲ့။ တကယ်ဆိုရင် ပရိသတ်သိပြီးသား သီချင်းတစ်ပုဒ်နဲ့ စဖွင့်လိုက်ရင်တောင် အဲဒီလောက်အထိ မဆိုးလောက်ပါဘူး။ တစ်ပုဒ်ပြီးသွားတော့ အောက်ကပရိသတ်က လေးဖြူနာမည်ကိုပဲ အော်နေကြတယ်။ ချမ်းချမ်းက စုစုပေါင်း (၃)ပုဒ် ဖျော်ဖြေပါတယ်။ ကျန်တဲ့(၂)ပုဒ်ကတော့ ပရိသတ် သိပြီးသားသီချင်းတွေပါ။
တော်လိုက်တဲ့ပရိသတ်
စောစောက ကျွန်တော်ပြောသလို ပရိသတ်က လေးဖြူနာမည်ကို တရစပ်အော်နေပါတယ်ဆိုမှ ချမ်းချမ်းကလည်း ဘာတွေပြောနေ၊ လုပ်နေမှန်းကို မသိပါဘူး။ "အဆင်ပြေတယ်မလား" တဲ့ မေးတယ်။ အောက်ကပရိသတ်က "မပြေဘူး" ဆိုပြီး လက်တွေထောင်ပြီး လက်ခါပြကြတယ်။ အဲဒါကို "Thank you" တဲ့။ အံ့ရော။ အမယ် အဲဒါနဲ့တင် အရှက်မရှိသေးဘူးဗျာ။ ပရိသတ်အခြေအနေကို ကိုယ်က သိနေပြီပဲ။ ပြီးတော့ ကိုယ်က ပရိသတ်ကို ထိန်းတတ်တာလည်း မဟုတ်ပါဘဲနဲ့။ ဒီအတိုင်း ဆိုစရာရှိတာဆိုပေါ့။ မနေတတ်မထိုင်တတ် ထပ်ပြော၊ ထပ်မေးသေးတယ်။ "ချမ်းချမ်းက မေမြို့မှာ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ။ မေမြို့ပရိသတ်ကြီးက ချမ်းချမ်းကို ကြိုဆိုတယ်ဆိုရင် လက်လေးတွေ ထောင်ပြပါဦး" တဲ့။ အဲဒီအချိန်မှာ ပရိသတ်က လေးဖြူနာမည်ကို အသည်းအသန်ကို အော်နေတဲ့အချိန်။ ကျွန်တော်ထင်လိုက်တာက သွားပြီ၊ ချမ်းချမ်းတော့ ကွဲပြီပေါ့။ ဒါပေမယ့် ပရိသတ်တွေကလေ တော်လိုက်တာဗျာ။ အားလုံးနီးပါးလောက် ချမ်းချမ်းကို လက်ထောင်ပြကြရှာပါတယ်။ ကွင်းတစ်ခုလုံး လက်တွေထောင်လိုက်တာမှ ဖွေးနေတာပဲ။ ပါးစပ်ကတော့ လေးဖြူ၊ လေးဖြူဆိုပြီး အော်နေကြတာ။ လက်တွေတော့ ထောင်ပေးလိုက်ကြရှာပါတယ်။ ဘယ်လောက်များတော်လိုက်တဲ့၊ ချစ်စရာကောင်းလိုက်တဲ့ မြန်မာလူမျိုးတွေလဲဗျာ။ ကိုယ်ကြည့်ချင်နေတာက အခြားအဆိုတော်တစ်ယောက်၊ ဒါပေမယ့်လို့ လက်ရှိသီဆိုနေတဲ့ အဆိုတော်ကိုလည်း အရှက်မကွဲရအောင် သူတို့တတ်နိုင်တဲ့ဘက်က လုပ်ပေးလိုက်ကြပါတယ်။ တကယ်လို့များ ပရိသတ်တွေကသာ လက်မထောင်ဘဲ အော်ဟစ်နေမယ်ဆိုရင် ချမ်းချမ်းခမြာ အတော်လေးကို စိတ်မကောင်းဖြစ်သွားမယ်ထင်ပါရဲ့ဗျာ။ ဒီလိုပရိသတ်တွေကို ပြောထားတဲ့အချိန်ထက် မိနစ် ၄၀ လောက်နောက်ကျပြီးမှ ရောက်လာတဲ့ အိုင်စီကို သနားသွားတယ်။ ပရိသတ်တွေကို နေ့တိုင်းကို ထိုင်ရှိခိုးသင့်တယ်။
ဝိုင်ဝိုင်း
ဒုတိယတစ်ယောက်အနေနဲ့ ၀ိုင်ဝိုင်းက ဖျော်ဖြေပါတယ်။ ထုံးစံအတိုင်း "အချိန်မှန်ရထားကြီး ခရီးဆက်ဆဲ" ဆိုပြီး စလိုက်တာပေါ့လေ။ အလွမ်းအဆွေးသီချင်းတွေချည်းပါပဲ။ သူ့သီချင်းတွေအများစုက ပရိသတ်ရပြီးသား ဖြစ်တဲ့အတွက် အောက်ကနေပြီး လိုက်ဆိုကြတာ တွေ့ရပါတယ်။
ခင်ဘုဏ်း
တတိယတစ်ယောက်အနေနဲ့ ခင်ဘုဏ်းက ဖျော်ဖြေပါတယ်။ သူကတော့ ပရိသတ်ကို ထိန်းတတ်သူဆိုတော့ သူပြောချင်ရာပြော သူဆိုချင်ရာဆိုပြီး မမောနိုင်မပန်းနိုင် သီဆိုဖျော်ဖြေသွားပါတယ်။ အောက်ကပရိသတ်ကိုပါ ပါအောင်ဆွဲခေါ်သွားတာကိုတော့ အသိအမှတ်ပြုမိပါတယ်။
အငဲ
အစီအစဉ်ကြေညာတဲ့ ကိုဗညားက မေမြို့သားမက် ကိုအငဲဖြစ်ပါတယ်ဆိုကတည်းက ပရိသတ်က ဟေးကနဲ ဖြစ်နေပြီ။ အငဲကလည်း စလာကတည်းက "၈၅ မန္တလေးညများတမ်းချင်း" နဲ့ ဟစ်ထုတ်လိုက်တယ်။ ပရိသတ်ဆိုတာ ဘယ်ပြောကောင်းမလဲ။ ကတဲ့သူက၊ ဆိုတဲ့သူဆို၊ လက်တွေမြှောက်သူမြှောက်နဲ့ အတော်လေးကို အရှိန်ရသွားကြတယ်။ အငဲကလည်း သီချင်းတစ်ပုဒ်မဆိုခင် သူဆိုမယ့် သီချင်းကို မိတ်ဆက်တဲ့အခါ အောက်ကပရိသတ်တွေက သဘောကျနေကြတာကို တွေ့ရပါတယ်။ ဥပမာ - "ကျွန်တော့်ညီတွေက မိန်းမတွေနဲ့ ပတ်သက်ရင် အရမ်းကို ခံစားကြလွန်းတယ်၊ သောက်သုံးမကျတဲ့ မိန်းမတစ်ယောက်ကြောင့် ကျွန်တော့်ရင်ဘတ်ကြီး စုတ်ပြတ်သွားတဲ့အကြောင်းကို ဆိုပြပါ့မယ်" တို့လိုပေါ့။ ပြီးတော့ ပြောသွားတယ်။ "မန္တလေးတက္ကသိုလ်က ထွက်တဲ့လူတွေက သီချင်းဆိုကောင်းတယ်" တဲ့။
လေးဖြူ
ကိုဗညားက အခုတစ်ခါ ခင်ဗျားတို့နာမည်အော်နေတဲ့လူကို စင်ပေါ်ခေါ်လိုက်မယ်လည်းဆိုရော ပရိသတ်က "လေးဖြူ၊ လေးဖြူ" ဆိုပြီး ဆူညံကုန်တော့တာပါပဲ။ လေးဖြူကလည်း အားပါးတရကို အများကြီး ဖျော်ဖြေသွားပါတယ်။ သူဆိုတဲ့အချိန်မှာ ရန်ဖြစ်နေလို့ "ငါ့ညီ… ရှော်လိုက်ကွာ.. အစ်ကိုတောင်းပန်ပါတယ်.. ကိုလေး ဆက်ဆိုချင်သေးလို့ပါ" လို့ပြောတော့ ရန်ဖြစ်နေတဲ့လူတွေက ရပ်သွားတာကို တွေ့ရပါတယ်။ လေးဖြူကိုယ်တိုင် တောင်းပန်နေတဲ့အတွက် ဘေးကလူတွေကလည်း ၀ိုင်းပြီး pressure ပေးလိုက်ပုံ ရပါတယ်။
မျိုးကြီး
ပထမပိုင်းဖျော်ဖြေမှုရဲ့ နောက်ဆုံးအဖြစ် မျိုးကြီးက သီဆိုဖျော်ဖြေပါတယ်။ သူကလည်း တကယ့်ကို အော်ဟစ်ရတဲ့ သီချင်းတွေချည်းပဲ ရွေးပြီး သီဆိုသွားပါတယ်။ ပရိသတ်ကဆိုလိုက်၊ သူကဆိုလိုက်နဲ့ ပရိသတ်နဲ့ တစ်လှည့်စီ ဆိုနေလိုက်တာများ မသိရင် ဇာတ်တိုက်ထားသလိုပဲ အဆင်ကိုချောလို့။ ပရိသတ်ကလည်း မျိုးကြီးကို အားပေးကြတာ တွေ့ရပါတယ်။ အမယ်… မျိုးကြီးက စင်ပေါ်မှာ အဆိုတော်တွေ သောက်ဖို့ချထားပေးတဲ့ ရေသန့်ဗူးတွေကိုတောင် ပရိသတ်ကို ပစ်ပေးပြီး ဝေငှနေသေးတယ်။ ဘေးကစောင့်နေတဲ့ လုံခြုံရေးတွေကတော့ မျက်လုံးတွေ ပြူးလို့ပေါ့။ မပြူးဘဲ နေမလား။ အပြင်မှာရေသန့်ရောင်းရင်တောင် ဗူးပေးလိုက်တာမဟုတ်ဘူး။ အိတ်ထဲကိုပြောင်းထဲပြီးပဲ သယ်လို့ရတာလေ။ တော်ကြာ ရေဗူးတွေနဲ့ ပစ်မှာကြောက်လို့။ အခုတော့ ကိုမျိုးကြီးက ရေဗူးတွေလှမ်းပစ်ပေးနေတော့ သူတို့မှာ တားရအခက်၊ အောက်ကပရိသတ်ကို ကြည့်ရထိန်းရတာတစ်ဖက်နဲ့ အတော်ကို ပူစပ်ပူလောင် ဖြစ်သွားကြပုံပါပဲ။ မျိုးကြီးအနေနဲ့လည်း စေတနာနဲ့ ပရိသတ်ကို ပေးတာဖြစ်ပေမယ့် တားမြစ်ထားတာတစ်ခုကို လုပ်တော့မယ်ဆိုရင်တော့ စဉ်းစားသင့်ပါတယ်။ တကယ်လို့များ သူပစ်ပေးလိုက်တဲ့ရေဗူးတွေက အရင်နှစ်တွေကလိုများ စင်ပေါ်ကို ပျံဝဲတက်လာရင် အလကားနေရင်း မခက်ချေဘူးလား။ ဘာပဲဖြစ်ဖြစ် မလုပ်သင့်ဘူးလို့ ကျွန်တော်က မြင်ပါတယ်။ လုံခြုံရေးရှုထောင့်ကပါ။ မျိုးကြီးရဲ့ စေတနာကိုတော့ နားလည်လေးစားပါတယ်။
ဒုတိယပိုင်းဖျော်ဖြေမှု
ချမ်းချမ်း
ပထမဆုံးအနေနဲ့ ချမ်းချမ်းကိုပဲ ပြန်ခေါ်ပါတယ်။ သီချင်း (၃)ပုဒ် သီဆိုဖျော်ဖြေသွားပါတယ်။ "I believe myself" ဆိုတဲ့ သီချင်းကိုတော့ အောက်ကပရိသတ်တွေပါ လိုက်ဆိုပြီး အားပေးခဲ့တာကို တွေ့ရပါတယ်။ "ဘ၀ခြားနေရင်တောင် ချစ်မှာ" ဆိုတဲ့ သီချင်းကိုတော့ ဘယ်သူမှ ရကြပုံလည်း မရပါဘူး။ အသစ်တစ်ပုဒ်ပဲ ဖြစ်မယ်ထင်တာပဲ။ အဲဒီသီချင်းနဲ့ နှုတ်ဆက်သွားပါတယ်။ ချမ်းချမ်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သတိထားမိတာတစ်ခုတော့ Body structure ပါပဲ။ ချမ်းချမ်းကလည်း ချမ်းချမ်းပါပဲ။ အခုလက်ရှိ သူ့ခန္ဓာကိုယ်ကိုပဲ ဂုဏ်ယူနေတာလားတော့ မပြောတတ်ပါဘူး။ ၀တ်ထားတာက သူနဲ့ လုံးဝကို မလိုက်ဖက်ဖူးလို့ မြင်မိပါတယ်။ ပိန်သော်လှ၏ ဆိုတာ သူ့ရဲ့ ခံယူချက်ဆိုရင်တော့ သူလှတယ်ပေါ့ဗျာ။ တကယ်ဆိုရင် တခြားအ၀တ်အစား ခပ်ဆန်းဆန်းလေးတွေ ၀တ်ပြရင် ဒီထက်ပိုပြီး ဆွဲဆောင်မှု ရှိမလားလို့ပါ။
ဝိုင်ဝိုင်း
ဒုတိယပိုင်းရဲ့ ဒုတိယမြောက်အဆိုတော်အနေနဲ့ ၀ိုင်ဝိုင်းက တက်လွမ်းပါတယ်။ အောက်ကပရိသတ်တွေကတော့ လက်ကလေးတွေယမ်းပြီး လိုက်ဆို၊ လိုက်လွမ်းကြရတာပေါ့။ ပြီးတော့ ၀ိုင်ဝိုင်းကပဲ ကိုခရမ်းရေ လက်စွမ်းပြစမ်းပါဦး ဆိုပြီး ထုံးစံအတိုင်း ကျန်တဲ့ တီးဝိုင်းအဖွဲ့တွေ အနားယူကြပါတယ်။ ကိုခရမ်းလက်စွမ်းပြနေတာကို ပရိသတ်က စိတ်ဝင်စားပုံ မပြပါဘူး။ အားလုံးက သူတို့လည်း အနားရပြီးဆိုတဲ့စိတ်နဲ့ အောက်မြေကြီးပေါ်မှာ ထိုင်ချတဲ့လူနဲ့၊ ဆေးလိပ်ထုတ်သောက်တဲ့လူနဲ့၊ ရေသောက်တဲ့လူနဲ့ပေါ့။ ပြီးတဲ့အချိန်မှာ ၀ိုင်ဝိုင်းက ဆက်ပြီး ဖျော်ဖြေပါတယ်။ နောက်ဆုံးပိတ်ကိုတော့ ပရိသတ်တွေနဲ့အတူ "ဖြေသိမ့်လိုက်" ကြပါတယ်။
ခင်ဘုဏ်း
ခင်ဘုဏ်းကတော့ သူ့ဟန်အတိုင်းပဲ mood အပြည့် feeling အပြည့်နဲ့ မြူးမြူကြွကြွ သီဆိုဖျော်ဖြေသွားပါတယ်။ "မေမြို့ပရိသတ်ကြီးက အရမ်းချစ်ဖို့ကောင်းတာပဲ" ဆိုပြီး ချွေးသိပ်သွားပါသေးတယ်။ နောက်ဆုံးပိတ်ကိုတော့ သူနဲ့ ရှင်ဖုန်း ဆိုထားတဲ့ Atomic Kitten ရဲ့ သီချင်းတစ်ပုဒ်ကို ပရိသတ်နဲ့အတူ စုံတွဲသီဆိုသွားပါတယ်။ "မင်းပေးခဲ့တဲ့ အိပ်မက်တွေ… အခုထိ မက်နေမိ… အမြန်ပြန်လာပါ ချစ်သူရယ်…. ကိုယ် ဆက်ဆက်စောင့်မယ်အချစ်လေး…. အတူတူတွဲထားတဲ့ တို့လက်တွေ… ချစ်သူလေးရေ… ဝေးခဲ့ရပြီ… အသည်းလေးတွေ ကွဲအက်ကြေ… လွမ်းနေရတယ် အချစ်ဆုံး.. ဘေဘီ" ဆိုတဲ့ စာသားတွေကို ပရိသတ်က အားပါးတရကို လိုက်လံသီဆိုပေးခဲ့ကြတာကို တွေ့ရပါတယ်။
မျိုးကြီး၊ လေးဖြူ၊ အငဲ
အလှည့်ကျတာက မျိုးကြီးဖြစ်ပါတယ်လို့ ကိုဗညားက ကြေညာပါတယ်။ ဒါပေမယ့် စင်ပေါ်ကို လေးဖြူ၊ အငဲ၊ မျိုးကြီး (၃)ဦးလုံး တက်လာပါတယ်။ မျိုးကြီးက "ကျွန်တော်တစ်ယောက်တည်း ဆိုနေတော့ ပရိသတ်က ပျင်းခြောက်ခြောက်ကြီး ဖြစ်နေမှာစိုးလို့ ကိုလေးဖြူနဲ့ ကိုအငဲကိုပါ စုံတွဲဆိုရအောင် တစ်ခါတည်း ခေါ်လာခဲ့တယ်" လို့ ပြောပါတယ်။ "ဒီဇင်ဘာ" များ ဆိုတော့မှာလားလို့ တွေးမိသေးတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ အခြားသီချင်းတွေကို ဆိုကြပါတယ်။ (၃)ယောက်လုံး စင်ပေါ်ကနေ ပြန်မဆင်းတော့ပါဘူး။ တစ်ယောက်တစ်ပုဒ်စီ ဆိုကြတာဖြစ်ပါတယ်။ မျိုးကြီးဆိုရင် လေးဖြူနဲ့ အငဲက ဟာမိုနီ လိုက်ဆိုပေးပါတယ်။ ကျန်တဲ့တစ်ယောက်ဆိုရင်လည်း အခြားနှစ်ယောက်က ဟာမိုနီ လိုက်ဆိုပေးပါတယ်။
ကြားထဲမှာ ကိုဗညားကို လက်စွမ်းပြတီးခတ်ခိုင်းပါသေးတယ်။ ပရိသတ်ကလည်း အနားရတာပေါ့လေ။ ဘာတွေတီးနေမှန်းကို သတိမထားမိပါဘူး။ မျိုးကြီးရဲ့ အိပ်ဖန်စောင့် သီချင်းနဲ့အတူ သီဆိုဖျော်ဖြေမှု ပြန်စမှ ပရိသတ်လည်း ပြန်အသက်ဝင်လာခဲ့ပါတယ်။ လိုက်ဆိုကြ၊ လိုက်အော်ကြ၊ လိုက်ကကြပေါ့လေ။ တစ်လှည့်စီ သီဆိုဖျော်နေလိုက်ကြရင်းနဲ့ "ချစ်စမ်းမောင်… solo လေး တီးပြစမ်းပါ" ဆိုပြီး အဆိုတော်တွေအားလုံး အောက်ကိုဆင်းသွားကြပါတယ်။ ချစ်စမ်းမောင်ရဲ့ လက်စွမ်းပြမှု အစီအစဉ်ပေါ့လေ။
ဒီတစ်ခါတော့ ပရိသတ်တွေ အနားမရတော့ပါဘူး။ ပရိသတ်က ချစ်စမ်းမောင်ရဲ့ တီးခတ်မှု၊ လက်စွမ်းပြမှုကိုတော့ အတော်လေးကို စိတ်ဝင်စားတာတွေ့ရပါတယ်။ လက်ခုပ်တွေတီးလိုက်၊ လက်ခေါက်တွေမှုတ်လိုက်၊ အပေါ်ကတီးတဲ့တီးလုံးအတိုင်း လိုက်ကလိုက်နဲ့ပေါ့။ ချစ်စမ်းမောင်ကလည်း အမျိုးမျိုးကို လက်စွမ်းပြနေပါတော့တယ်။ ဆိုင်ကယ်စက်နှိုးတာကနေ ထွက်သွားတဲ့အထိကို ဂစ်တာနဲ့ တီးပြသွားတော့ ပရိသတ်တွေက လက်ခုပ်သံတဖြောင်းဖြောင်းပေါ့။ ဘယ်လောက်အထိလဲဆိုရင် လျှာနဲ့တောင် တီးပြသွားလိုက်သေးတယ်။ အကူတစ်ယောက်ရဲ့ခေါင်းပေါ်ကို ဂစ်တာတင်ပြီး လက်စွမ်းပြတာကိုလည်း အောက်ကပရိသတ်တွေ အတော်လေးနှစ်ခြိုက်သဘောကျ အားပေးကြတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ စတေ့ခ်ျစင်ရဲ့ ဘယ်ဖက်အခြမ်းမှာ ရန်ပွဲအကြီးအကျယ်ကို တွယ်နေကြတဲ့အချိန်ပါ။ ဘေးကပရိသတ်တွေခမြာ မဆီမဆိုင် ထိကုန်မှာစိုးတဲ့အတွက် ဘေးကို ရှဲထွက်သွားကြပါတယ်။ ရန်ဖြစ်တဲ့နေရာမှာ အယောက် (၂၀)ယောက် လုံးထွေးသတ်ပုတ်နေကြတာကို တွေ့ရပါတယ်။ ခါးပတ်တွေချွတ်ပြီး ရိုက်နေကြတာလည်း တွေ့ရပါတယ်။ ကန်တဲ့လူကကန်၊ ထိုးတဲ့လူကထိုး၊ ပြေးတဲ့လူကပြေး၊ လိုက်တဲ့လူကလိုက်၊ ရိုက်တဲ့လူကရိုက်နဲ့ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကစားနေသလိုပါပဲ။ ဘေးကရှဲပေးလိုက်တဲ့အတွက် အဲဒီနေရာဟာ ကွက်လပ်ဖြစ်ပြီး စည်ဝိုင်းပုံစံမျိုး ဖြစ်သွားပါတယ်။ ပရိသတ်ကလည်း အုတ်အုတ်သည်းသည်း ဖြစ်သွားတာပေါ့။ လုံခြုံရေးတွေရောက်လာပြီး ရန်ဖြစ်တဲ့လူတွေကို ဆွဲခေါ်သွားတာတွေ့ရပါတယ်။ ပရိသတ်က ကြွက်စီကြွက်စီ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ချစ်စမ်းမောင်က လက်စွမ်းပြပြီး ပရိသတ်ရဲ့အာရုံ သူ့ဆီကို ပြန်ရောက်အောင် လုပ်လိုက်ပါတယ်။ "မြနန္ဒာ" သီချင်းကို တီးပြလိုက်တာပါ။ ပရိသတ်က လိုက်ဆိုတဲ့အပြင် ကခုန်ပြီး စတေ့ခ်ျစင်ပေါ်ကို ပြန်အာရုံရောက်သွားတာ တွေ့ရပါတယ်။ တော်ပါပေ့ ကိုချစ်စမ်းမောင်ရယ်…။
အဆိုတော်သုံးယောက် စင်ပေါ်ပြန်ရောက်လာပြီး တစ်လှည့်စီသီဆိုဖျော်ဖြေကြပါတယ်။ လေးဖြူရဲ့ "စာမျက်နှာတစ်ဆယ့်ငါး" တို့ အငဲရဲ့ "အကြည့်" တို့၊ မျိုးကြီးရဲ့ "ကျောက်စာများ" တို့နဲ့အတူ ပရိသတ်တွေ ထိန်းမရအောင်ကို လိုက်ဆိုကြ၊ လိုက်ကကြတာကို တွေ့ရပါတယ်။ လေးဖြူက "ကျွန်တော်တို့ အခုအချိန်ကစပြီး ဖြည်းဖြည်းချင်း နှုတ်ဆက်ပါပြီ" လို့ ပြောတဲ့အချိန်မှာ ပရိသတ်တွေက လက်တွေယမ်းပြီး မရဘူးလို့ အော်ကြပါတယ်။ အစောကြီးရှိသေးတယ်လို့ ၀ိုင်းအော်ကြပါတယ်။ လေးဖြူက နောက်ထပ်လေးပုဒ်ဆိုပြီးရင် ကျွန်တော်တို့အစီအစဉ် ပြီးပါပြီလို့ ကြေညာပါတယ်။ လေးဖြူ၊ အငဲ၊ မျိုးကြီး တစ်ပုဒ်ဆီ ဆိုပြီးတဲ့အချိန်မှာ နောက်ဆုံးအပုဒ်အဖြစ် လေးဖြူက "ဘ၀ဆိုတာ မရေရာ.." ဆိုပြီး သူ့ရဲ့ "မာယာ" ဆိုတဲ့ သီချင်းနဲ့ နှုတ်ဆက်သွားပါတယ်။
ပြီးသွားတဲ့အချိန်မှာ တီးဝိုင်းအဖွဲ့တွေနဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့လက်တွဲပြီး ပရိသတ်ကိုနှုတ်ဆက် ဂါရ၀ပြုခဲ့ကြတာ တွေ့ရပါတယ်။
ဒီလိုနဲ့ပဲ အိုင်းရင်းခရော့စ်တီးဝိုင်းရဲ့ ပြင်ဦးလွင်ဖျော်ဖြေပွဲဟာ ညနေ ၅ နာရီ ၁၅ မိနစ်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။
သုံးသပ်ချက်
လက်မှတ်ဈေးမြင့်မှုကြောင့် ပရိသတ်နည်းလိမ့်မယ်လို့ ထင်ထားပေမယ့် စတေ့ခ်ျစင်ရှေ့က ကွက်လပ်ကြီးတစ်ခုလုံး ပြည့်လျှံသွားတဲ့အထိ လူတွေများခဲ့တာကို အံ့သြမိပါတယ်။ လုံခြုံရေးတွေလည်း ယခင်ပွဲတွေကထက် ပိုမိုပြီး တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရပါတယ်။ ဂိတ်ပေါက်အ၀င်မှာလည်း ယခင်ကထက်ပို ပိုမိုတင်းကြပ်စွာ စစ်ဆေးတာကို ခံယူကြရပါတယ်။ လာကြည့်တဲ့ လူတစ်ယောက်ပြောသလိုပြောရရင် စတေ့ခ်ျရှိုးလာကြည့်တာ တရားစခန်းလာရသလိုပဲ၊ စိတ်ပုတီးလေးပါ ယူလာခဲ့ရမှာတဲ့။ ရယ်ရသလို တွေးစရာလည်း ဖြစ်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သဘောကျပါတယ်။ လာကြည့်တဲ့လူတွေ စိတ်အနှောင့်အယှက်ကင်းကင်း ကြည့်ဖို့အတွက် တာဝန်ရှိတဲ့လူဆိုတာ ဒီလိုပဲ အမုန်းခံရမှာပါပဲ။ အခုလောက်ထိ တင်းကြပ်ထားတာတောင် နောက်ပိုင်းမှာ အရက်ပုန်းရောင်းတဲ့လူ ရှိသေးတယ်။ မူးရူးပြီး ရန်ဖြစ်ကြသေးတယ်။ ရေဗူးတွေ၊ ဖိနပ်တွေနဲ့ စင်ပေါ်ကို ပစ်ကြသေးတယ်။ ဒီအတိုင်းသာ လွှတ်ပေးထားလို့ကတော့ ကြည့်ကောင်းလိုက်မယ့် ဖြစ်ခြင်း။ မန္တလေး၊ ပြင်ဦးလွင်၊ သီပေါ၊ နောင်ချိုတို့က အိုင်စီရဲ့ အမာခံပရိသတ်တွေဟာ ကားတွေ၊ ဆိုင်ကယ်တွေ၊ လိုင်းကားတွေနဲ့ လာအားပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် အိုင်စီရဲ့ ပါဝါကို တွက်ဆလို့ရပါတယ်။ ဆိုင်ကယ်အပ်ခ ၁၀၀၀ ကျပ် တောင်းတဲ့ကိစ္စ၊ ဥယျာဉ်ဝင်ကြေး ၁၀၀၀ ကျပ် ပေးလိုက်ရတဲ့ကိစ္စ၊ မိနစ်လေးဆယ်လောက် နေပူထဲမှာ ထိုင်စောင့်လိုက်ရတဲ့ ဒုက္ခ၊ ရန်ပွဲတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ဒုက္ခတွေရှိခဲ့ပေမယ့် အိုင်စီအဖွဲ့သားတွေရဲ့ အားပါးတရဖျော်ဖြေမှုတွေကြားမှာ စောစောကအမောတွေ ပြေခဲ့ရတယ်လို့ ဆိုချင်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၅ ရက်၊ အင်္ဂါနေ့။
ညနေ ၄ နာရီ ၁၆ မိနစ်တွင်ပြီး၏။
No comments:
Post a Comment