နိဒါန်း
ဒီနေ့ (ဖေဖော်ဝါရီလ ၆ ရက်၊ စနေနေ့) ဆိုရင် ၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို နေပြည်တော်မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း ရိုက်ကူးပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ပတ်သက်ထားကြတဲ့ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်များ၊ နည်းပညာပိုင်းရာ ပညာရှင်များ အဖို့တော့ ရင်ခုန်စရာ၊ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ပဲ ဖြစ်မှာပါ။ မိမိပတ်သက်ထားသမျှ ဇာတ်ကားတွေမှာ အကောင်းဆုံးကြိုးစားထားပြီး အကယ်ဒမီဆုအတွက် မျှော်မှန်းထားသလို၊ ပရိသတ်တွေ ပါးစပ်ဖျားမှာ၊ စာနယ်ဇင်းတွေထက်မှာ နာမည်ထွက်နေသူတွေအတွက်တော့ ပိုလို့တောင် ရင်ခုန်ချင်စရာကောင်းလှတဲ့ အချိန်ကာလပေါ့ခင်ဗျာ။ အဲ… ကြားထဲကနေ မဆီမဆိုင် ရင်ခုန်နေကြသူတွေက ကျွန်တော်တို့လိုမျိုး အားပေးကြတဲ့ ပရိသတ်တွေဖြစ်ပါတယ်။ ဘေးကလူဖြစ်ပေမယ့် ကိုယ်ကြည့်ခဲ့ရတဲ့ ဇာတ်ကားတွေမှာ သဘောကျခဲ့ရတဲ့ ကိုယ်ချစ်ခင်အားပေးတဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ၊ အခြားပညာရှင်တွေ ရစေချင်တဲ့စိတ်၊ ဘယ်သူများ ရသွားမလဲမသိဘူးဆိုတဲ့စိတ်တွေနဲ့ ရင်ခုန်ကြရတာလည်း ဒီကာလရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားမှုဖြစ်ပါလိမ့်မယ်။ တကယ်တော့ ကျွန်တော့်အမြင်ပြောရရင် ဘယ်သူ့ကိုရစေချင်၊ ဘယ်ဝါ့ကို ရစေချင်တာထက် ကိုယ်မှန်းဆထားတဲ့လူတွေ၊ ဇာတ်ကားတွေ ရသွားခဲ့ရင် ငါမှန်းထင်ထားတဲ့အတိုင်း မှန်တယ်၊ မရခဲ့ရင်လည်း ငါထင်ထားတာက အခြားတစ်ယောက်ဆိုတဲ့ စိတ်နဲ့ ရင်ခုန်ကြတာ ဖြစ်ပါလိမ့်မယ်။ ပြောရရင် စိတ်ကူးနဲ့ ချဲထီထိုးတဲ့သဘော ဖြစ်ပါတယ်။ တကယ်လက်တွေ့တော့ မထိုးပါဘူး။ ဒါပေမယ့် စိတ်ထဲကနေ ဘာဂဏန်းထွက်မယ်၊ သူများတွေကိုလည်း ဘာဂဏန်းကတော့ ကောင်းတယ်၊ သေချာတယ် စသည်ဖြင့် ပြောသလိုမျိုးပါပဲ။ ကိုယ်ပြောတဲ့ဂဏန်းထွက်သွားခဲ့ရင် တွေ့တယ်မလား၊ ငါပြောတာကွက်တိပဲ၊ ဘာညာနဲ့ ရင်ဘတ်ကော့၊ လက်မထောင်ချင်တဲ့ လူ့စိတ်ကြောင့်လို့ ဆိုချင်ပါတယ်။ တကယ်ကတော့ သူပြောတာမှန်ပေမယ့် သူကိုယ်တိုင်လည်း ထိုးထားတာမဟုတ်၊ တစ်ပြားတစ်ချပ်မှလည်း ရတာမဟုတ်ပါဘူး။ အခုလည်း အဲဒီသဘောပါပဲ။ အကယ်ဒမီကို မင်းသားဘယ်သူရမယ်၊ မင်းသမီးဘယ်သူရမယ်၊ ဒါရိုက်တာ ဘယ်သူရမယ် စသဖြင့် ခန့်မှန်းပြောဆိုထားတာတွေ မှန်စေချင်တာလို့ မြင်မိပါတယ်။
၂၀၀၈ ခုနှစ်အတွက် ဇာတ်ကား (၁၂) ကား
အကယ်ဒမီပွဲဆိုတော့ ရုပ်ရှင်နဲ့ပတ်သက်တာတွေပဲ စိတ်ဝင်တစားရှိနေတဲ့အချိန်ပေါ့လေ။ အဲဒီတော့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ မှတ်တမ်းလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။ ပထမဆုံး အခု ၂၀၀၈ ခုနှစ် အကယ်ဒမီဆုပေးပွဲအတွက် စာရင်းဝင်တဲ့ ရုပ်ရှင်ဇာတ်ကား (၁၂)ကားကို အရင်ဦးဆုံး တင်ပြလိုက်ပါတယ်။
(၁) ဇာတ်ကားအမည် - ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ဂေါက်ကြီး
ဒါရိုက်တာ - မိုက်တီး
သရုပ်ဆောင်များ - လွင်မိုး၊ ရာဇာနေ၀င်း၊ ခန့်စည်သူ၊ ပြေတီဦး၊ လင်းဇာနည်ဇော်၊ ခိုင်သင်းကြည်၊ မေကဗျာ၊ ဖူးစုံ
(၂) ဇာတ်ကားအမည် - အမည်မဖော်လိုသူအချစ်
ဝတ္ထု - မင်းလူ
ဇာတ်ညွှန်း - ဆုသြချယ်
ဒါရိုက်တာ - မီးပွား
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ အရိုင်း၊ ထွန်းထွန်း၊ ရဲလေး၊ မြင့်မြတ်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ မိုးပြည့်ပြည့်မောင်
(၃) ဇာတ်ကားအမည် - ဟော့ရှော့
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - ရန်အောင်၊ သူထူးစံ၊ မိုးအောင်ရင်၊ မို့မို့မြင့်အောင်၊ မေသန်းနု၊ သက်မွန်မြင့်
(၄) ဇာတ်ကားအမည် - အကယ်ဒမီရှော့
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - ရဲအောင်၊ နေတိုး၊ ထွန်းထွန်း၊ ထွန်းထွန်းနိုင်၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်
(၅) ဇာတ်ကားအမည် - ဒီဝါကျွတ်အမီ ခယ်မအမြန်အစွံထုတ်ရန်ရှိသည်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဒါရိုက်တာ - အဏ်ထော်ဏီ
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ ဗေလုဝ၊ စိုးမြတ်သူဇာ
(၆) ဇာတ်ကားအမည် - ကဝေပျို၏ ပစ္စုပ္ပန်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဒါရိုက်တာ - မိုက်တီး
သရုပ်ဆောင်များ - ရန်အောင်၊ ခန့်စည်သူ၊ နန္ဒာလှိုင်၊ ခိုင်သင်းကြည်
(၇) ဇာတ်ကားအမည် - ကြိုးတန်း
ဝတ္ထု - ခင်ခင်ထူး
ဇာတ်ညွှန်း - နေ၀င်းမြင့်
ဒါရိုက်တာ - မီးပွား
သရုပ်ဆောင်များ - ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို
(၈) ဇာတ်ကားအမည် - မြင့်မိုရ်ထက်က သရဖူ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ငြိမ်းမင်း
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
သရုပ်ဆောင်များ - နေတိုး၊ ထွန်းထွန်း၊ မို့မို့မြင့်အောင်၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်
(၉) ဇာတ်ကားအမည် - အများနှင့် မသက်ဆိုင်သောသူ
ဝတ္ထု - မင်းလူ
ဇာတ်ညွှန်း -
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခင်မို့မို့အေး
(၁၀) ဇာတ်ကားအမည် - အချစ်က လန်းတယ်
ဝတ္ထု - ခင်ဦးခင်ခင်
ဇာတ်ညွှန်း - လွင်မင်းအံ့
ဒါရိုက်တာ - ညီညီထွန်းလွင်
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ ခန့်စည်သူ၊ ထွန်းထွန်း၊ မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့်၊ မယ်လိုဒီ၊ စိုးပြည့်သဇင်
(၁၁) ဇာတ်ကားအမည် - ရင်ခုန်နှင်းဆီ
ဝတ္ထု - ဆုသြချယ်
ဇာတ်လမ်း - မျိုးကိုမျိုး
ဒါရိုက်တာ - အောင်ဆွေမြန်မာ
သရုပ်ဆောင်များ - ကျော်သူ၊ စိုင်းစိုင်းခမ်းလှိုင်၊ မို့မို့မြင့်အောင်၊ သက်မွန်မြင့်
(၁၂) ဇာတ်ကားအမည် - ငယ်သူမို့ မသိပါ
ဇာတ်လမ်း - မစန္ဒာ
ဇာတ်ညွှန်း -
ဒါရိုက်တာ - အိအိခိုင်
သရုပ်ဆောင်များ - လူမင်း၊ ချစ်သုဝေ၊ ခရစ္စတီးနား
ချီးမြှင့်လျက်ရှိသည့် အကယ်ဒမီဆု အမျိုးအစားများ
(၁) အကောင်းဆုံး ဇာတ်ကား
(၂) အကောင်းဆုံး ဒါရိုက်တာ
(၃) အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု
(၄) အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု
(၅) အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု
(၆) အကောင်းဆုံး အမျိုးသမီ ဇာတ်ပို့ဆု
(၇) အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု
(၈) အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု
(၉) အကောင်းဆုံး ရုပ်ရှင်အသံဆု
(၁၀) အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု
(၁၁) အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု
အကယ်ဒမီဗန်းကိုင် လှပျိုဖြူလေးများ
ဒီနှစ်အကယ်ဒမီ ဆုပေးပွဲမှာ အကယ်ဒမီဗန်းကိုင်အဖြစ် ဆောင်ရွက်ဖို့အတွက် ရွေးချယ်ထားတဲ့ လှပျိုဖြူလေးများကတော့ နိုဘယ်ကျော်ကျော်၊ လေပြေ၊ နန်းမြတ်ဖြိုးသင်း၊ သက်သခင်ကျော်ကျော်၊ ၀ါဆိုမိုးဦး နဲ့ ယမင်းမြင့်သိန်း တို့ ဖြစ်ကြပါတယ်။ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-
(၁) အနုပညာအမည် - နိုဘယ်ကျော်ကျော်
မွေးသက္ကရာဇ် - ၁၉-၁၂-၁၉၈၈
မိဘအမည် - ဦးကျော်တင့်၊ ဒေါ်စိုးစိုး
ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်းအောင်
အနုပညာစတင်ခုနှစ် - ၂၀၀၇ ခုနှစ်
လှုပ်ရှားပြီးအနုပညာ - ဇာတ်ကား (၇) ကား၊ ကြော်ငြာ (၃) ခု
(၂) အနုပညာအမည် - လေပြေ
မွေးသက္ကရာဇ် - ၁၉-၇-၁၉၈၇
မိဘအမည် - ဦးစံရွှေသိန်း၊ ဒေါ်သန်းရီ
ပညာအရည်အချင်း - LLB (Law)
အနုပညာစတင်ခုနှစ် - ၂၀၀၆ ခုနှစ်
လှုပ်ရှားပြီးအနုပညာ - ရုပ်သံကြော်ငြာ (၃)ခု၊ ဗီဒီယို (၅)ကား
(၃) အနုပညာအမည် - နန်းမြတ်ဖြိုးသင်း
မွေးသက္ကရာဇ် - ၂-၆-၁၉၈၉
မိဘအမည် - ဦးတင်ရွှေ၊ ဒေါ်ခင်အေးကျော်
ပညာအရည်အချင်း - နောက်ဆုံးနှစ် အပိုင်း(ခ)၊ ဆေး-၁
အနုပညာစတင်ခုနှစ် - ၂၀၀၈ ခုနှစ်
လှုပ်ရှားပြီးအနုပညာ - ဗီစီဒီ (၁၀)ပုဒ်ဝန်းကျင်၊ ကြော်ငြာအချို့
(၄) အနုပညာအမည် - သက်သခင်ကျော်ကျော်
မွေးသက္ကရာဇ် - ၂၇-၈-၁၉၉၀
မိဘအမည် - ဦးဖုန်းကျော်၊ ဒေါ်နွဲ့နွဲ့ရီ
ပညာအရည်အချင်း - နောက်ဆုံးနှစ် Botany
အနုပညာစတင်ခုနှစ် - ၂၀၀၈ ခုနှစ်
လှုပ်ရှားပြီးအနုပညာ - ဗီဒီယို (၁)ကား၊ ဗီစီဒီ (၃)ပုဒ်
(၅) အနုပညာအမည် - ၀ါဆိုမိုးဦး
မွေးသက္ကရာဇ် - ၂၇-၇-၁၉၉၄
မိဘအမည် - ဦးမျိုးမြင့်နိုင် (ဗိုလ်မှူးငြိမ်း)၊ ဒေါ်သိင်္ဂီအောင်
ပညာအရည်အချင်း - န၀မတန်း
အနုပညာစတင်ခုနှစ် - ၂၀၀၃ ခုနှစ်
လှုပ်ရှားပြီးအနုပညာ - ဗီဒီယို ၂၅ ကားကျော်
(၆) အနုပညာအမည် - ယမင်းမြင့်သိန်း
မွေးသက္ကရာဇ် - ၂၁-၉-၁၉၈၈
မိဘအမည် - ဦးမြင့်သိန်း၊ ဒေါ်မြင့်မြင့်ကြည်
ပညာအရည်အချင်း - ပထမနှစ် ပထ၀ီ
အနုပညာစတင်ခုနှစ် - ၂၀၀၇ ခုနှစ်
လှုပ်ရှားပြီးအနုပညာ - ဗီဒီယို (၃)ကား၊ ဗီစီဒီ (၈)ပုဒ်
အကယ်ဒမီဆုကို အများဆုံးရရှိထားကြသည့် အနုပညာရှင်များ
ညွန့်ဝင်း (ခုနစ်ဆု)
၁။ ဗန်တိုလူလေးနှင့် သူဇာ (၁၉၆၈)
၂။ ချစ်သူဝိုင်းဝိုင်းလည် (၁၉၇၁)
၃။ တတိယအရွယ်၏ ဒုတိယဝေဒနာ (၁၉၈၃)
၎။ သီတာခုနစ်တန် (၁၉၉၃)
၅။ သူ့ကျွန်မခံပြီ (၁၉၉၇)
၆။ ဆန်ရေ (၂၀၀၂)
၇။ လျှို့ဝှက်သောနှင်း (၂၀၀၄)
ဦးသုခ (ခြောက်ဆု)
၁။ သြော်မိန်းမ (၁၉၅၄)
၂။ ဘ၀သံသရာ (၁၉၅၆)
၃။ စကားပြောသော အသည်းနှလုံး (၁၉၆၈)
၎။ ကျမမှာ မိန်းမသား (၁၉၇၀)
၅။ ဘယ်သူပြိုင်လို့ လှပါတော့နိုင် (၁၉၇၃)
၆။ ရွှေခြည်ငွေခြည်တန်းပါလို့ (၁၉၇၅)
ရန်အောင် (ခြောက်ဆု)
၁။ မယ်သီတာလို မိန်းကလေး (၁၉၉၁)
၂။ ပုဂံမှာ သာတဲ့လ (၁၉၉၅)
၃။ အလင်းဖျော့ကောင်းကင် (၁၉၉၆)
၎။ ညမင်းသား (၁၉၉၈)
၅။ မောဟမျဉ်းပြိုင်များ (၂၀၀၀)
၆။ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ.. (၂၀၀၆)
မြင့်မြင့်ခင် (ငါးဆု)
၁။ ချစ်ညီမ (၁၉၅၇)
၂။ ဖြေလျော့ခွေ (၁၉၅၈)
၃။ မုန်းပါတယ်မောင့်ကို (၁၉၇၃)
၎။ မှတစ်ပါး အခြားမရှိပြီ (၁၉၈၀)
၅။ မြင့်မိုရ်တောင်ဦး မကကျူးသား (၁၉၉၆)
မောင်တင်ဦး (ငါးဆု)
၁။ နေထွက်သောည (၁၉၇၂)
၂။ တစ်ခါက တစ်ဘ၀ (၁၉၇၈)
၃။ သင်္ကြန်မိုး (၁၉၈၅)
၎။ တိုက်ပွဲခေါ်သံ (၁၉၉၅)
၅။ နှလုံးလှ လူမိုက် (၂၀၀၁)
ကျော်ဟိန်း (ငါးဆု)
၁။ အကာကအချစ် အနှစ်ကမေတ္တာ (၁၉၇၉)
၂။ မွန့်တည့်ချိန်တွင် နေ၀င်သည် (၁၉၈၂)
၃။ ပန်းမြိုင်လယ်က ဥယျာဉ်မှူး (၁၉၈၉)
၎။ ဝေလည်းမွှေး ကြွေလည်းမွှေး (၁၉၉၄)
၅။ နေကမွေးတဲ့လ (၂၀၀၃)
ကြည်စိုးထွန်း (ငါးဆု)
၁။ ဒိုး (၁၉၈၉)
၂။ သူ့ကျွန်မခံပြီ (၁၉၉၇)
၃။ ဆန်ရေ (၂၀၀၂)
၎။ ဆဋ္ဌဂံ (ဒါရိုက်တာ) (၂၀၀၅)
၅။ ဆဋ္ဌဂံ (ဇာတ်ညွှန်း) (၂၀၀၅)
မေသန်းနု (ငါးဆု)
၁။ မူပိုင်ချစ်သူ (၁၉၉၂)
၂။ ပုဂံမှာသာတဲ့လ (၁၉၉၅)
၃။ အလင်းဖျော့ကောင်းကင် (၁၉၉၆)
၎။ ချစ်ခြင်း၏အခြားမဲ့၌ (၂၀၀၁)
၅။ ငါသူတစ်ပါး ယောက်ျား၊ မိန်းမ (၂၀၀၂)
သန်းညွန့် (ပန်းသာ) (ငါးဆု)
၁။ မြစ်တို့၏မာယာ (၁၉၉၃)
၂။ ပုဂံမှာသာတဲ့လ (၁၉၉၅)
၃။ ညမင်းသား (၁၉၉၈)
၎။ မောင့်မူပိုင်ရှင် (၂၀၀၀)
၅။ ပန်းပျိုးသူတို့ အလင်္ကာ (၂၀၀၆)
နိဂုံး
အကယ်ဒမီဆုအတွက် ဘယ်သူတွေရမယ်ထင်သလဲလို့ တချို့ခင်တဲ့လူတွေက ကျွန်တော့်ကို မေးတတ်ကြပါတယ်။ "ရသွားတဲ့လူ ရမှာပေါ့" လို့ဖြေတော့ ကျွန်တော့်ကို ရွဲ့တယ်လို့ထင်ကြတယ်။ ကျွန်တော်မရွဲ့ပါဘူး။ တကယ်ပြောနေတာပါ။ အကယ်ဒမီရသွားတဲ့လူ ရမှာမဟုတ်ဘူးလား။ ကျွန်တော်ငယ်ငယ်က အိမ်မှာ ဥစားကြက်တွေ မွေးဖူးတယ်။ အိမ်ကမွေးတာပေါ့နော်။ တစ်ရက်ကို ကြက်ဥ ၇၀၀-၈၀၀ ရတယ်။ ကျွန်တော်တို့လုပ်ရတဲ့အလုပ်က ကြက်ဥတွေကို အကြီးအသေးခွဲပြီး သတ်သတ်စီထားရတဲ့ အလုပ်ပါ။ ဈေးနှုန်းမတူဘူးကိုး။ ညနေရောက်တာနဲ့ တစ်နေ့တာ ရသမျှကြက်ဥတွေကို အကြီးအသေးခွဲတဲ့ လုပ်ငန်းကို မလုပ်မဖြစ် လုပ်ရပါတယ်။ အစပိုင်းမှာတော့ ကြက်ဥအကြီးတွေကို ရွေးထုတ်ရတာ အတော်ကို လွယ်ပါတယ်။ ရွေးသမျှကလည်း တကယ့်ကိုအကြီးတွေပါပဲ။ နောက်ပိုင်းတစ်ဝက်လောက် ရောက်လာတဲ့အခါမှာ ကျန်ခဲ့တဲ့ ကြက်ဥတွေထဲမှာ အကြီးတွေက ရှိမြဲရှိနေတာကို ကြုံရပါတယ်။ ဒါပေမယ့် မကြာပါဘူး။ အမေ့ရဲ့လက်သံပြောင်ပြောင်က ခေါင်းပေါ်ကို ဒေါက်ကနဲ ရောက်လာတော့တာပေါ့။ ကျန်တဲ့ကြက်ဥတွေအထဲကနေ အကြီးတွေ ရွေးနေတယ်ဆိုပေမယ့် ရှေ့ပိုင်းမှာရွေးထားတဲ့ ကြက်ဥအကြီးတွေနဲ့ ယှဉ်လိုက်တော့ အလတ်စားအဆင့်လောက်ပဲ ဖြစ်နေတယ်လေ။ အဲဒီတော့မှ ဟုတ်ပေသားပဲဆိုပြီး ပြန်ရွေးရပါရောလား။ ကျွန်တော်က အသေးတွေပဲ ကျန်တဲ့အထဲမှာ အကြီးလိုက်ရှာမိတာကိုး။ အဲဒီတော့ အကြီးက ကုန်တယ်ကို မရှိတော့ဘူး ဖြစ်နေတော့တာပေါ့။ တကယ်ကတော့ အနူတောမှာ လူချောဖြစ်တယ်လို့ ပြောရမလား။ ကဲ... တော်ပါပြီ။ ဒီလောက်ပဲ ပြောတော့မယ်။ ကျွန်တော် ခေါင်းအခေါက်ခံပြီး အသေးတွေထဲကနေ အကြီးထပ်မရွေးတော့ပါဘူး။ နားမလည်ရင်လည်း ဒီအတိုင်းရှိပါစေတော့။ နားလည်ရင်လည်း ဒီအတိုင်းပဲ ရှိပါစေတော့နော်။
စာကြွင်း
ဒီပို့စ်ကိုရေးဖို့အတွက် အချက်အလက်တွေ လိုက်ရှာတဲ့အခါကျမှ အတော်လေး ခက်ခဲနေတာကို တွေ့ရပါတယ်။ ဇာတ်ကားအများစုက ဘယ်သူမင်းသား၊ မင်းသမီး၊ ဒါရိုက်တာ ဆိုတာလောက်သာ ရေးကြ၊ မှတ်ကြပါတယ်။ အဲဒီအတွက် အခြားသော နည်းပညာဆိုင်ရာတွေကို ကျွန်တော်ရှာဖွေရတာ အများကြီး အခက်အခဲဖြစ်ခဲ့ပါတယ်။ လိုအပ်ချက်တွေ ရှိမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် မှတ်တမ်းတစ်ခု အနေနဲ့တော့ ကျွန်တော် ကျေနပ်ပါတယ်။
ကိုးကား
၁။ Bi Weekly Eleven News ဂျာနယ် အတွဲ ၂ အမှတ် ၄၄
၂။ မြန်မာတိုင်းမ်ဂျာနယ် အတွဲ ၂၃ အမှတ် ၄၅၂
၃။ Planet Myanmar
၎။ Myanmar Academy Award 2008
၅။ Google Search
Saturday, February 06, 2010
2008 Academy အကြို မှတ်တမ်းမှတ်ရာများ
Posted by Ko Nyan Posted Time 3:23 PM
Labels ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment