မလွတ်တမ်း အလုံးစုံသိလိုပါက ဗြိတိသျှခေတ် အစပိုင်းအကြောင်းအရာများကို ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။ ခုတော့ ကျန်ရှိနေသေးတဲ့ အကြောင်းအရာတွေကို ဆက်လက်ကူးယူ တင်ပေးလိုက်ပါတယ်။ တစ်ခုကြိုတင်ပြောလိုတာက မူလစာအုပ်မှာကတော့ ယခုလိုမျိုး အပိုင်းတွေခွဲပြီး ရေးသားထားတာ မဟုတ်ဘူးဆိုတာပါပဲ။ အကုန်လုံးကို တစ်ခါတည်းနဲ့ ပြန်လည်ကူးယူရိုက်ပြီး တင်ပေးဖို့ဆိုတာ ကျွန်တော့်အတွက် ဘယ်လိုမှ အဆင်မပြေတဲ့အတွက် ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို ခွဲပြီးတင်ပေးနေရခြင်းဖြစ်ပါကြောင်း။
ကိုဉာဏ်
အင်္ဂလိပ်အစိုးရလက်အောက်တွင် အိန္ဒိယနိုင်ငံမှ အလုပ်သမားများသွင်းခြင်း၊ မီးရထားလမ်း ဖောက်လုပ်ခြင်း၊ သင်္ဘောလမ်းများဖွင့်ခြင်း၊ နိုင်ငံခြားနှင့် ကုန်သွယ်ခြင်းတို့ကြောင့် စီးပွားရေးအားဖြင့် တိုးတက်လာသော်လည်း ကုမ္ပဏီကြီးများသာလျှင် အကျိုးခံစားရ၍ စီးပွားရေးနှင့် အုပ်ချုပ်ရေး အာဏာမှာလည်း အင်္ဂလိပ်ဘုရင်ခံ လက်ဝယ်၌သာ ရှိလေသည်။ မြန်မာ တောင်သူလယ်သမားများမှာ လူခွန်တော်နှင့် ချစ်တီးကြွေးများကြောင့် ဒုက္ခပင်လယ်ဝေလျက် အင်္ဂလိပ်ကုမ္ပဏီကြီးများက စပါးပေါ်ချိန်တွင် စပါးဈေးနှိမ်၍ ၀ယ်သည့်အခါ တစ်ဖက်မှ အစိုးရက သွယ်ဝိုက်၍ အခွန်တော်ကို အတင်းအကျပ် တောင်းခံလေသည်။ ဤနည်းဖြင့် လယ်သမားများ ဆင်းရဲဒုက္ခရောက်၍ လယ်မဲ့ယာမဲ့ ဖြစ်ရလေသည်။ အင်္ဂလိပ်အစိုးရသည် မူလကပင် စီးပွားရေးနယ်ချဲ့၍ ပြည်တွင်းထွက်ကုန်များကို မျိုဝါးကာ မြန်မာ့ဝင်ငွေမှ အမြတ်ထုတ်ရန်အတွက် နယ်ချဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံကို အုပ်ချုပ်ရာ၌ မြန်မာ့တိုးတက်မှုကို လျစ်လျူရှု၍ အရင်းရှင်းကုမ္ပဏီများ အကျိုးရှိရန်အတွက်သာ ကာကွယ်စောင့်ရှောက်ပေးသည်မှာ မထူးဆန်းလှပေ။ ဆန်စက်၊ လွှစက်၊ ၀ါဂွမ်းစက် စသော စက်မှုလက်မှုများ တိုးတက်လာသော်လည်း နိုင်ငံခြားသားပိုင်များသာ များလေသည်။ ကူးသန်းရောင်းဝယ်မှုတွင် လူမျိုးခြားတို့ကသာ လက်ဝါးကြီးအုပ်ခွင့်ရ၍ ရန်ကုန်မြို့မှာပင် လူမျိုးခြား မြို့ကြီးကဲ့သို့ ဖြစ်လာလေသည်။
၁၂၇၀ ပြည့်နှစ်လောက်တွင် မြန်မာတို့သည် ခရစ်ယာန်လူငယ်အသင်းနည်းတူ ဗုဒ္ဓဘာသာလူငယ်များအသင်းကို ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၊ ၀ိုင်အမ်ဘီအေ အမည်ဖြင့် တည်ထောင်ခဲ့လေသည်။ ဘာသာရေးကို အခြေပြုသော်လည်း နိုင်ငံရေးကို စိတ်ဝင်စားလာကြသည့်အလျောက် အမျိုးသားရေးကို ဆောင်ရွက်လာခဲ့ကြလေသည်။ နယ်များတွင်လည်း အသင်းခွဲများ ပေါ်လာ၍ တစ်ပြည်လုံးပင် နိုးကြားတက်ကြွလာခဲ့ကြလေသည်။ ၁၂၈၀ ပြည့်နှစ်တွင် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်သည် ပြိုကျသော ပဲခူးရွှေမော်ဓောစေတီ ရင်ပြင်သို့ ဖိနပ်စီးနင်း တက်ရောက်သဖြင့် မကျေမနပ်ဖြစ်ကာ ၀ိုင်အမ်ဘီအေ အသင်းက ရန်ကုန်မြို့ ဂျူဘလီဟောတွင် ပြည်လုံးကျွတ် အစည်းအဝေးကြီး ခေါ်ယူ၍ ကန့်ကွက်ခဲ့လေသည်။ ဤနည်းဖြင့် နိုးကြားလှုပ်ရှားမှုကြီးသည် အသွင်ပြ၍ လာလေသည်။
ဝိုင်အမ်ဘီအေအသင်းကြီးသည် နှစ်စဉ်ပင် မြို့ကြီးများ၌ အစည်းအဝေးများ ကျင်းပကာ မသင်မနေရ ပညာရေးအတွက်လည်းကောင်း၊ အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်းများတွင် ဗြိတိသျှ တိုင်းရင်းသားကိုသာ ကျောင်းအုပ်ခန့်ရန် ပြဋ္ဌာန်းချက် ပယ်ဖျက်ရေးကိုလည်းကောင်း၊ မြန်မာလူမျိုးနှင့် ဥရောပတိုက်သားများအတွက် ပညာသင်ကြားရေး ဥပဒေနှစ်မျိုး ခွဲခြားထားရှိခြင်းကို ပယ်ဖျက်ရန်လည်းကောင်း အသီးသီး တောင်းဆို ဆုံးဖြတ်ခဲ့ကြလေသည်။ ထိုဆုံးဖြတ်ချက်များတွင် မြန်မာတို့သည် အနှိမ်မခံတော့ကြောင်းကို ပွင့်လင်းစွာ ထုတ်ဖော်ရာရောက်လေသည်။
ထိုသို့ အမျိုးသားရေးစိတ် တက်ကြွချိန်တွင် နိုင်ငံရေးပြောင်းလဲ လှုပ်ရှားမှုများလည်း ပေါ်ပေါက်နေလေသည်။ ၁၂၇၉ ခုနှစ်လောက်ကပင် အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်ကြီး မွန်တေဂူက မြန်မာနိုင်ငံအပါအ၀င် အိန္ဒိယနိုင်ငံ တာဝန်ခံ အုပ်ချုပ်ရေးအဆင့်တိုးပေးရန် စီစဉ်၍ အိန္ဒိယနိုင်ငံသို့ လာရောက်စုံစမ်းသည့်အခါ မြန်မာနိုင်ငံကလည်း ဦးဖေ၊ ဦးမေအောင်၊ ဦးဘဖေ၊ ဦးစု၊ ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်း၊ ဦးစံဝ၊ မစ္စတာဆစ်ဒနီလူနီတို့ကို အိန္ဒိယနိုင်ငံသို့ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ကြလေသည်။ ထိုမျှနှင့် မကျေနပ်ဘဲ ဘိလပ်လွှတ်တော်အရောက် မြန်မာတို့၏ ဆန္ဒကို တင်ပြရန် ၁၂၈၁ ခုနှစ်တွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ကို စေလွှတ်ခဲ့လေသည်။ သို့ရာတွင် ၁၉၁၉ ခုနှစ် အိန္ဒိယပြည် အုပ်ချုပ်ရေးဆိုင်ရာဥပဒေ ထွက်ပေါ်လာသောအခါ မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့သဖြင့် အိန္ဒိယနိုင်ငံနှင့် တန်းတူအခွင့်အရေး ရစေရန် ဦးပု၊ ဦးဘဖေ၊ ဦးသိမ်းမောင်တို့အား ဘိလပ်သို့ စေလွှတ်အရေးဆိုစေခဲ့ရပြန်လေသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၌ အမျိုးသားစိတ် နိုးကြွလျက်ရှိသည်ဖြစ်ရာ ၀ိုင်အမ်ဘီအေနှင့် အခြား မြန်မာအသင်းအဖွဲ့ကို စုပေါင်းကာ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး ဂျီစီဘီအေကို ဖွဲ့စည်းခဲ့ပြီဖြစ်၍ နိုင်ငံရေးဆောင်ရွက်မှုအရှိန်မှာ နိုးကြွပြင်းထန်လာလေသည်။
ထိုနှစ်တွင်ပင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်တို့ကို တက္ကသိုလ် အဆင့်မြှင့်ရန်အတွက် တက္ကသိုလ်ဥပဒေကို ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ပြဋ္ဌာန်းလိုက်လေရာ ထိုဥပဒေမှာ မြန်မာအမျိုးသားတို့ တက္ကသိုလ်သို့ မရောက်ရှိနိုင်လောက်အောင် ကန့်သတ်ချက်များ သွယ်ဝိုက်ပါရှိနေသဖြင့် တစ်ပြည်လုံးကပင် မနှစ်သက်နိုင်ဘဲ ရှိကြပေသည်။ အင်္ဂလိပ်အစိုးရကမူ မိမိ သဘောအတိုင်းသာ ထိုဥပဒေကို ပြဋ္ဌာန်းလေရာ တက္ကသိုလ်ကျောင်းသားတို့သည် မကျေမနပ်ဖြစ်ကြ၍ ဥပဒေပါ နစ်နာချက်များကို ပယ်ဖျက်ပေးရန် ထပ်မံတောင်းဆိုကြရန်နှင့် ထိုတောင်းဆိုချက်များ မရမချင်း ကျောင်းမတက်ဘဲနေရန် ဆုံးဖြတ်ကာ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့တွင် သပိတ်မှောက်လိုက်ကြလေသည်။ ထိုသပိတ်မှာ တစ်ပြည်လုံးရှိ ကျောင်းများသို့ ကူးစက်သွားလေရာ ကျောင်းသားမိဘများကလည်း အားပေးကူညီကြလေသည်။ ရန်ကုန်မြို့တွင် အမျိုးသားကောလိပ်ကျောင်းကြီးကိုလည်း ထူထောင်လိုက်ကြလေသည်။ ဤနည်းဖြင့် ဗြိတိသျှ အင်္ဂလိပ်အစိုးရကို အနုနည်း ဆန္ဒပြတိုက်ပွဲဆင်သော ခြေလှမ်းကို ရဲရင့်စွာ စတင်ခဲ့ကြလေသည်။ ထိုတန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို န၀မအကြိမ် မြန်မာအသင်းကြီး၏ နှစ်ပတ်လည်အစည်းအဝေးမှ အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြလေသည်။
အမျိုးသားတက္ကသိုလ်သပိတ်ကြီးသည် ဘိလပ်၌ အရေးဆိုလျက်ရှိသော မြန်မာကိုယ်စားလှယ်ကြီးများအား ထောက်ခံအားပေးနေသကဲ့သို့ ရှိလေသည်။ ထို့ကြောင့်လည်း ၁၂၈၃ ခုနှစ်တွင် ဘိလပ်လွှတ်တော်မှ မြန်မာနိုင်ငံ အက်ဥပဒေကို ပြဋ္ဌာန်းကာ အိန္ဒိယနည်းတူ နိုင်ငံသားတို့ တစ်စိတ်တစ်ဒေသ ပါဝင်စွက်ဖက်နိုင်ခွင့်ရသော အုပ်ချုပ်ရေးကို တိုး၍ပေးခဲ့လေသည်။ ထိုဥပဒေအရ ၁၂၈၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေးဖြင့် စတင်အုပ်ချုပ်လေသည်။ ထိုအုပ်ချုပ်ရေးအတွက် ဘုရင်ခံသစ် ဆာဟာကုတ်ဘတ္တလာကို စေလွှတ်ပေးလေသည်။
(ကျန်ရှိနေသည်များကို ဆက်လက်ဖော်ပြပေးပါမည်)
No comments:
Post a Comment