လူသားအရင်းအမြစ် မြှင့်တင်ရေး NGO တစ်ခုရှိ သင်တန်းတွင် ခေါင်းဆောင်မှုဘာသာရပ်ကို သင်ကြားသည့်အချိန်တိုင်း သင်တန်းသားများကို ကျွန်တော် မေးခွန်းတစ်ခု အမြဲမေးလေ့ရှိသလို မေးတိုင်း မေးတိုင်း တူညီသော အဖြေသာရလေ့ရှိသည်။ ထိုမေးခွန်းမှာ "ခေါင်းဆောင်လို့ ဆိုလိုက်တာနဲ့ ခင်ဗျားတို့စိတ်ထဲ ဘယ်သူ့ကို ပြေးမြင်သလဲ" ဖြစ်သည်။ သင်တန်းသား၊ သင်တန်းသူတို့၏ တစ်ခဲနက်သော အဖြေမှာ "ဗိုလ်ချုပ်အောင်ဆန်း"။
ဗိုလ်ချုပ်ဆုံးပါးသွားခဲ့သည်မှာ ၁၉၄၇ ခုနှစ်က ဖြစ်သောကြောင့် ၆၂ နှစ် ပြည့်ခဲ့ပြီ။ ၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် မွေးဖွားခဲ့သောကြောင့် သူသေဆုံးချိန်တွင် ၃၂ နှစ်သာ ရှိသေးသည်။ သေဆုံးခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့တိုင် လူအများက သူ့ကို သတိရနေဆဲ။ ငယ်ရွယ်သူ အများစုဖြစ်သည့် ကျွန်တော့်သင်တန်းသား သင်တန်းသူများမှာ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေချိန်က ဘယ်ဆီဘယ်ဝယ် ရောက်နေသည်မသိ။ သို့သော် ခေါင်းဆောင်ဟုဆိုလိုက်လျှင် သူတို့၏စိတ်ဝယ် ဗိုလ်ချုပ်အောင်ဆန်း အလိုလို ၀င်ရောက်လာသည်။ မဆန်းသလိုရှိသောလည်း ဆန်းသည့် ဖြစ်ရပ်ပါ။
ထိုသို့ သင်တန်းတွင် တစ်ခဲနက် အဖြေနှင့် အမြဲကြုံရသောအခါ ကျွန်တော် ဗိုလ်ချုပ်ကို စိတ်ဝင်စားလာသည်။ လွတ်လပ်ရေးဖခင်အဖြစ် ဗိုလ်ချုပ်ကို ကျွန်တော် ယခင်ကတည်းက ကြည်ညိုခဲ့သော်လည်း ယခုတစ်ကြိမ် စိတ်ဝင်စားသည်မှာ ပညာရပ်သဘောအရ ဖြစ်သည်။ ဗိုလ်ချုပ်ကို ခေါင်းဆောင်မှုပညာရပ်ရှုထောင့်မှ ကျွန်တော် ကြည့်မြင်လိုသည်။ အမျိုးသားခေါင်းဆောင်ကြီးဟူသော အမြင်ဖုံးလွှမ်းနေလျှင် လေးစားကြည်ညိုစိတ်များကာ အမှန်တရားကို မဖော်ထုတ်နိုင်မည်စိုးသောကြောင့် ထိုအမြင်ကို ခေတ္တဖယ်ခွါကာ မေးခွန်းများ မေးလိုသည်။
ဗိုလ်ချုပ် ဘာကြောင့် ခေါင်းဆောင်ဖြစ်လာခဲ့သလဲ။ သေဆုံးပြီး ရာစုနှစ်တစ်ဝက်ကျော်အထိ ခေါင်းဆောင်ပုံရိပ်လွှာ ကျန်ရစ်တာ ဘာကြောင့်လဲ။ သူ့ရဲ့ခေါင်းဆောင်မှု အရည်အသွေးတွေက ဘာတွေလဲ။ သူ့ရဲ့ ခေါင်းဆောင်မှု ဘာကြောင့် အောင်မြင်ခဲ့သလဲ။ သူခေါင်းဆောင်နေရာရောက်အောင် အခြေအနေတွေက တွန်းပို့ခဲ့သလား၊ ထိုက်တန်လို့ ရောက်ခဲ့တာလား။ ဗိုလ်ချုပ်ဟာ မွေးရာပါ ခေါင်းဆောင်လား၊ ဒါမှမဟုတ် သူ့ဘာသာသူ တည်ဆောက်ယူခဲ့တာလား။
ထိုသို့သော မေးခွန်းများကို ကျွန်တော် မေးလိုသည်။ ပွဲပြီးမီးသေမေးရုံသက်သက် မဟုတ်ပါ။ အဖြေများကိုလည်း ရှာလိုသည်။ ထိုသို့ မေးခွန်းထုတ်ခြင်း၊ အဖြေရှာခြင်းဖြင့် ဗိုလ်ချုပ်၏ ခေါင်းဆောင်မှုကို ဖော်ထုတ်နိုင်မည်။ ဖော်ထုတ်နိုင်လျှင် ဘာအကျိုးရှိမလဲ။ ပထမဆုံး အနေဖြင့် ကာယကံရှင် ကျွန်တော် အကျိုးရှိမည်မှာ သေချာသည်။ ထို့နောက်တွင်ရော။ ကျွန်တော်သည် အငြိမ်မနေ ဝေမျှမည်ဖြစ်သည့်အတွက် ကျွန်တော့် ပတ်ဝန်းကျင်၊ အဓိကအားဖြင့် ကျွန်တော့်စာဖတ်သူများ၊ သင်တန်းသား သင်တန်းသူများ အကျိုးရှိမည်။
ထိုသို့ စဉ်းစားပြီးနောက်တွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်စာတမ်းများကို အင်္ဂလိပ်၊ မြန်မာ ရနိုင်သမျှ ကျွန်တော် ရှာဖွေ လှန်လှော ဖတ်ရှုတော့သည်။ ဗိုလ်ချုပ်အကြောင်း စာအုပ်စာတမ်းများကို သူ၏ မိသားစုဝင်အချို့က ရေးသလို၊ လုပ်ဖော်ကိုင်ဖက်တို့ကလည်း ရေးသည်။ ကမ္ဘာကျော် ယေးလ်တက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဒေါက်တာမောင်မောင် ပြုစုခဲ့သည့် Aung San of Burma "မြန်မာတို့ရဲ့ အောင်ဆန်း" ကဲ့သို့ စာအုပ်မျိုးကို တွေ့ရသလို ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း မြန်မာဘာသာဖြင့်ရေးသည့် ဗိုလ်ချုပ်၏ ငယ်ဘ၀များ ပါဝင်သော "အောင်သန်း၏ အောင်ဆန်း" ကဲ့သို့ စာအုပ်မျိုးကိုလည်း ဖတ်ရသည်။ ဗိုလ်ချုပ်ကိုယ်တိုင် သူ့အကြောင်း ရေးသည့်စာကိုလည်း ဖတ်ရသည်။ သူ၏ မိန့်ခွန်းများကို မဖတ်ဘဲနှင့် ဗိုလ်ချုပ်အကြောင်း စေ့စုံစွာ နားလည်နိုင်မည်မဟုတ်သည့်အတွက် မိန့်ခွန်းများကိုလည်း စုဆောင်းဖတ်ရှုရသည်။ ဗိုလ်ချုပ်ကျင်လည်ရသည့် ခေတ်အခါကို ထည့်သွင်းမစဉ်းစားပါက ဗိုလ်ချုပ်၏ လုပ်ရပ်များကို ပီပီပြင်ပြင် ခံစားနိုင်မည်မဟုတ်သောကြောင့် သမိုင်းနောက်ခံကိုလည်း နောက်တစ်ဖန် လေ့လာရပြန်သည်။
ရသမျှအချိန်တွင် ဖတ်ရင်း တွေးရင်း၊ အပြန်ပြန် အလှန်လှန် စဉ်းစားသုံးသပ်ရင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော် ပိုမို နားလည်လာခဲ့သည်။ သူ၏ ခေါင်းဆောင်ပုံကိုလည်း ယခင်ကထက် ပိုမိုမြင်လာသည်။ သူခေါင်းဆောင်ရာတွင် ရင်ဆိုင်ခဲ့ရသော စိတ်ခေါ်မှုများကိုလည်း ပိုမို သိရှိလာခဲ့သည်။ အတိုချုပ်ပြောရလျှင် ဗိုလ်ချုပ်ကို အဝေးမှ ကြည့်ရင်း၊ အနီးမှ ကြည့်ရင်းဖြင့် သူ၏ ခေါင်းဆောင်ပုံရိပ် ပေါ်လွင်လာသည်။ သူ၏ ခေါင်းဆောင်ပုံ ခေါင်းဆောင်နည်းများ၊ ခေါင်းဆောင်အရည်အသွေးများသည်လည်း ပြတ်သားသည်ထက်ပြတ်သား ထင်ရှားလာခဲ့သည်။
မြန်မာ့လွတ်လပ်ရေးတွင် ဗိုလ်ချုပ်ကပြခဲ့သည့် အခန်းကဏ္ဍမှာ ကြီးမားလှသည်။ သူ၏ အခန်းကဏ္ဍဆိုသည်မှာ ခေါင်းဆောင်မှု အခန်းကဏ္ဍပင် ဖြစ်သည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်သူ အလောင်းဘုရားနောက်ပိုင်း နှစ် ၂၀၀ အတွင်းတွင် သူကဲ့သို့သောသူ မပေါ်သေးဟု ဗိုလ်ချုပ်၏ခေါင်းဆောင်မှု ထူးခြားလှပုံကို F.S.V. Donnison က British Military Administartion In the Far East တွင် ဖော်ပြချက်ကို ဒေါက်တာမောင်မောင် ရေးသားသော Aung San of Burama တွင် အောက်ပါအတိုင်း ကိုးကားထားသည်။
He alone was able to unite his people, speak for them, and give expression to their spirit as no one else had done since the days of Alaungpaya two hundred years ago. P.148
အကြောင်းကြောင်းကြောင့် တကွဲတပြားစီ ဖြစ်နေခဲ့သော မြန်မာပြည်သူလူထုကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် ဗိုလ်ချုပ်ဘာကြောင့် စည်းရုံးနိုင်ခဲ့သလဲ။ တတိယ မြန်မာနိုင်ငံတော်ကို အလောင်းဘုရား တည်ထောင်အပြီး နှစ် ၂၀၀ ခန့်အကြာတွင် စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို ဗိုလ်ချုပ်ဘာကြောင့် တည်ဆောက်ပေးနိုင်ခဲ့သလဲ။ အဖြေပေါင်းများစွာ ရှိပါသည်။ အမြင်သာဆုံး အဖြေတစ်ခုမှာ ဗိုလ်ချုပ်သည် "မိမိအကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွားကို ဦးထိပ်ထားခြင်း" ကြောင့် ဖြစ်သည်။ ယနေ့ခေတ် ခေါင်းဆောင်မှုပညာရပ် အလိုအရ "Putting the organization's interests before personal interests" သဘောတရား ဖြစ်သည်။
Sunday, February 07, 2010
ဗိုလ်ချုပ်နှင့် ခေါင်းဆောင်မှုရှာပုံတော် - ဇေယျသူ
(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 5:13 PM
Labels ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment