ဆင်ခြင်တုံနှင့် အီမိုးရှင်း
နိုင်ငံရေးဦးနှောက် The Political Brain သည် လူတိုင်းလိုလို၌ရှိသည်။ မြန်မာ့နိုင်ငံရေးနှင့် စပ်ဟပ်ကြည့်လျှင် (၁) စပွန်ဆာ၏ နိုင်ငံရေးဦးနှောက်၊ (၂) နိုင်ငံရေးခေါင်းဆောင်တို့၏ နိုင်ငံရေးဦးနှောက်နှင့် (၃) မဲဆန္ဒရှင်တို့၏ နိုင်ငံရေးဦးနှောက်ဆိုပြီး အဓိကသုံးမျိုး ရှိလိမ့်မည်။ နိုင်ငံရေးဦးနှောက်ချင်း ပြိုင်ကြလိမ့်မည်။ အပြန်အလှန် အကျိုးပြုကြလိမ့်မည်။ ဆိုးကျိုးဖြစ်စရာရှိလျှင်လည်း အပြန်အလှန်ဖြစ်မည်။
နိုင်ငံရေးဦးနှောက်၌ (၁) ကျိုးကြောင်းဆင်ခြင်သုံးသပ်မှု Reason နှင့် (၂) ဖီလင် (၀ါ) စိတ်ခံစားမှုအီမိုးရှင်း Emotion တို့ဟူ၍ နှစ်မျိုးရောစပ်နေရာ မည်သည့်အရာက လွှမ်းမိုးသနည်းဟု သုံးသပ်ကြသည်။ နိုင်ငံရေးတွင် အီမိုးရှင်းက အတော်စကားပြောသည်။ ဆင်ခြင်တုံတရားနှင့် အီမိုးရှင်းတို့ နိုင်ငံရေးဦးနှောက်ထဲ နေရာယူပုံသည် ဇာတ်ဆန်သည်။ နိုင်ငံရေးတွင် ငလျင်ဗဟိုချက်လည်း ရှိလေရာ ဤငလျင်ဗဟိုချက်သို့ ရောက်ရှိရန် အီမိုးရှင်းက ပိုပြီးတွန်းပို့တတ်သည်။
အပေါ်ယံအောက်၌
အမေရိကန်နိုင်ငံရေး၌ ရွေးကောက်ပွဲတွေပုံမှန်ရှိ၍ နှစ်ပါတီကသာ တစ်လှည့်စီ အာဏာယူနေခဲ့ကြသဖြင့် ဖြစ်စဉ်သည် ရိုးစင်းသည်။ ခန့်မှန်းလို့ရသည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်သည် အစီအစဉ်တိုင်း ဖြစ်သည်မဟုတ်၊ စီးရီးမရှိပေ။ အကွေ့အကောက်ရှော့(ခ်)တို့ဖြင့် ပြွမ်းတီးနေသဖြင့် စီးရီးမရှိသောဖြစ်စဉ် Non-Linear Process ဖြစ်နေရာ မမျှော်လင့်သောအရာတို့ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်ဟု ဆိုနိုင်သည်။
ထို့ကြောင့် စီးရီးမဲ့ဖြစ်စဉ်ကို ဖြစ်ပေါ်စေသော အဓိကအကြောင်းတရားသည် မြန်မာတို့၏ နိုင်ငံရေးဦးနှောက်တို့၌ အီမိုးရှင်းဖြင့် အလုပ်လုပ်ခြင်းက လွှမ်းမိုးခြင်းကြောင့် ဖြစ်သည်ဟုဆိုနိုင်သည်။ မြန်မာ့နိုင်ငံရေးသည် အပေါ်ယံကြော၌ပါ အိုင်ဒီအိုလိုဂျီတို့က လွှမ်းမိုးခဲ့ဟန်ရှိခဲ့သည်။ ပုဂ္ဂိုလ်စွဲက လွှမ်းမိုးခဲ့ဟန်ရှိသည်။ အင်စတီကျူးရှင်း (စစ်တပ်)မှ လွှမ်းမိုးဟန်ရှိခဲ့သည်။ ဤလွှမ်းမိုးဟန်ရှိသောအရာတို့၏ အောက်ခြေတွင် အီမိုးရှင်း သက်ဝင်လှုပ်ရှားနေသည်။
ဖြစ်ရပ်သစ်နှင့် အင်ဖော်မေးရှင်းသစ်
၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်တော့မည်။ တရားသည် မတရားသည် ဆိုသောအချက်သည် စိတ်ခံစားမှုနှင့် အဓိကဆိုင်သည်။ အီမိုးရှင်းဖြင့်ကြည့်၍ ရွေးကောက်ပွဲ၏ တရားမျှတမှု လွတ်လပ်မှုကို အကြိုအကဲဖြတ်နေပုံပေါ်သည်။ အီမိုးရှင်းကို ဖြစ်ရပ်နှင့် အင်ဖော်မေးရှင်းတို့က ပြောင်းလဲပစ်နိုင်သည်။ အီမိုးရှင်းသည် ဖြစ်ရပ်အသစ်၊ အင်ဖော်မေးရှင်းအသစ်တို့ မပေါ်ခင်အထိ၌သာ သက်တမ်းရှိသည်။ အင်ဖော်မေးရှင်းအသစ်၊ ဖြစ်ရပ်အသစ်တို့ ပေါ်လာသည့်အခါတွင် အီမိုးရှင်းအဟောင်းတွေ ယိုင်လဲကုန်သည်။ အီမိုးရှင်းအသစ်ကဖြစ်စေ၊ ဆင်ခြင်တုံတရားအသစ်ကဖြစ်စေ လွှမ်းမိုးသွားမည်။
ဖိုခုံလောက်ဆိုင်
ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြိုကာလနှင့် အပြီးကာလတို့တွင် နိုင်ငံရေးဦးနှောက်တို့၌ အီမိုးရှင်းက ဘယ်လောက်အထိ ပါဝင်ပတ်သက်နေမည်၊ ကျိုးကြောင်းဆင်ခြင်တုံတရားက ဘယ်လောက်အထိ ပါဝင်ပတ်သက်နေမည်ဆိုသော ပြဿနာသည် အလွန်စိတ်ဝင်စားစရာကောင်းသော ပြဿနာ ဖြစ်နေပါလိမ့်မည်။ တစ်နည်းဆိုလျှင် (၁) စပွန်ဆာ၏ နိုင်ငံရေးဦးနှောက်၊ (၂) ပေါ်ထွန်းမည့် နိုင်ငံရေးခေါင်းဆောင်တို့၏ နိုင်ငံရေးဦးနှောက်နှင့် (၃) မဲဆန္ဒရှင်တို့၏ နိုင်ငံရေးဦးနှောက် စသည်ဖြင့် နိုင်ငံရေးဦးနှောက် သုံးပွင့်ဆိုင် (၀ါ) ဖိုခုံလောက်ဆိုင် တည်ရှိမှုကို ပုံဖော်ကြည့်သင့်သည်။ သုံးပွင့်ဆိုင် နိုင်ငံရေးဦးနှောက်တို့က မြန်မာ့နိုင်ငံရေးကို ပုံလောင်းလိမ့်မည်ကို သတိချပ်သင့်ပါသည်။
အညွှန်း - The Political Brain By Drew Westen
No comments:
Post a Comment