Sunday, February 07, 2010

ကျွန်တော့်အတွေး ကျွန်တော့်ဒဿန - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ထမင်းမငတ်ဖူးရင် ထမင်းတစ်နပ်ရဲ့တန်ဖိုးကို မသိနိုင်ဘူး။
အလုပ်လက်မဲ့ မဖြစ်ဖူးရင် အလုပ်တစ်ခုရဲ့တန်ဖိုးကို မသိနိုင်ဘူး။
ကြားမိ၊ ဖတ်မိတာလေးပါ။ ဆင်းရဲတာကိုမှ ဘ၀လို့ ထင်နေတဲ့သူတွေကို ကျွန်တော် တစ်ခုခုပြောချင်နေတယ်။
ဒါပေမယ့် ဘာပြောရမလဲ?

(၂)
ကျွန်တော်တို့တွေ ကလေးတွေကို သွန်သင်ဆုံးမ ပြုပြင်ပုံသွင်းပေးနေတာဟာ လိမ္မာယဉ်ကျေးပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်လေးတွေ ဖြစ်လာစေချင်တာလား?
ဒါမှမဟုတ် ကျွန်တော်တို့ လိုချင်တဲ့ပုံစံသတ်မှတ်ချက်တွေနဲ့ လှုပ်ရှားမယ့် စက်ရုပ်တွေ ဖြစ်လာစေချင်တာလား?

(၃)
မကောင်းတဲ့အလုပ်ကို မကောင်းမှန်း ကျွန်တော်တို့သိကြတယ်၊ သူများကိုလည်း မလုပ်ဖို့အတွက် တားမြစ်တတ်ကြ၊ ဆုံးမတတ်ကြတယ်။ ဒါပေမယ့် အဲဒီလိုအလုပ်တွေကို ကျွန်တော်တို့တွေကိုယ်တိုင် လုပ်ဖို့ကြုံလာတဲ့အခါ သူများက တားမြစ်တာကို နာခံတတ်ကြပါသလား?

(၄)
"ကုတ်အင်္ကျီအသစ် မ၀ယ်နဲ့၊ စာအုပ်အသစ် ၀ယ်ပါ" လို့ ကမ္ဘာကျော် သမ္မတကြီးတစ်ဦးက ပြောခဲ့ဖူးတယ်လို့ ကျွန်တော်ဖတ်ဖူးတာလေးကို ဝေမျှပြောဆိုခဲ့ဖူးတယ်။
နားထောင်နေတဲ့လူတွေက ဘာပြန်ပြောကြသလဲဆိုတော့ "အဲဒီစာအုပ်ကို ငါတို့မဖတ်ဖူးဘူး" တဲ့။

(၅)
ကမ်းစပ်မှာ ထိုင်နေတဲ့ ခွေးပေါက်လေးကို ငါးလေးတစ်ကောင်က လှမ်းပြောတယ်။
"မင်း အဲဒီကုန်းပေါ်မှာ မပျင်းဘူးလားကွ၊ ငါတို့ရေထဲမှာဆို တအားပျော်ဖို့ကောင်းတယ်၊ သူငယ်ချင်းတွေလည်း အများကြီးပဲ၊ ကြိုက်တဲ့နေရာကို လွတ်လွတ်လပ်လပ် ကူးခတ်သွားလို့ရတယ်၊ အောက်မှာလည်း အရမ်းလှတဲ့ ရှုခင်းတွေ အများကြီးပဲ" တဲ့။
ခွေးလေးကလည်း ပြန်ပြောပါသတဲ့။
"ငါက ရေနစ်နေတဲ့မင်းကို ဘယ်လိုကယ်ရမလဲဆိုတာ စဉ်းစားနေတာ" တဲ့။

(၆)
ဘ၀မှာ ယောက်ျားတစ်ယောက် မလုပ်မဖြစ် လုပ်ခဲ့သင့်တဲ့ အချက်တွေ ရှိပါသတဲ့။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာပါ။
(က) သစ်ပင်တစ်ပင်စိုက်ပါ။
(ခ) စာအုပ်တစ်အုပ်ရေးပါ။
(ဂ) ကလေးတစ်ယောက်မွေးပါ တဲ့။
ဘယ်သူပြောခဲ့သလဲဆိုတာ ကျွန်တော်သိချင်လိုက်တာ။ တွေးကြည့်လေ၊ တွေးကြည့်လေ အဲဒီစကားရဲ့ အနက်အဓိပ္ပါယ်ကို ပိုပိုပြီး သိလာလေမို့ပါ။ တွေးမိတိုင်း စိတ်ကူးထဲကနေ ကန်တော့နေမိတယ်။

(၇)
လွတ်လပ်မှုဆိုတာကို ဘယ်လိုနားလည်သလဲလို့ ကျွန်တော့်ကို မကြာခဏ မေးတတ်ကြတယ်။ ကျွန်တော်တွေးနေမိတယ်။ အဲဒီ "လွတ်လပ်မှု" ဆိုတဲ့ စကားလုံးကို လွတ်လွတ်လပ်လပ် ပြောခွင့်ရနေတာဟာ လွတ်လပ်မှု မဟုတ်လို့များလားလို့လေ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၄ နာရီ ၄၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics