Sunday, February 07, 2010

အခုတလော…


(၁)
အခုတလော.....
အင်တာနက်ကွန်နက်ရှင်းတွေ လုံးဝကို မကောင်းဘူး။ အင်တာနက်ကွန်နက်ရှင်း မကောင်းတဲ့အကြောင်းကို စာနယ်ဇင်းတွေမှာ အသိပေးကြော်ငြာတာ ဖတ်ရတယ်။ ဒါပေမယ့် ဘယ်အချိန်ပြန်ကောင်းမလဲဆိုတာတော့ မပါဘူး။ အင်တာနက်ကောင်းတာ၊ မကောင်းတာက ကျွန်တော့်အတွက် ဘာများသက်ရောက်မှုရှိနေသလဲဆိုတော့ ဘာမှတော့ မဆိုင်လှပါဘူး။ ဒါပေမယ့် အခုတလော... ကျွန်တော့်ဘလော့ဂ်မှာ မြန်မာပြည်က စာဖတ်ပရိသတ်တွေ အရမ်းကို သိသိသာသာ နည်းသွားတယ်။

(၂)
အခုတလော.....
ကုန်ဈေးနှုန်းတွေ နည်းနည်းတက်ချင်နေတယ်။ ဟိုဟာသွားဝယ်လည်း အရင်ဝယ်တဲ့ဈေးထက် နည်းနည်းပိုပေးရ၊ ဒီဟာသွားဝယ်လည်း အရင်ထက် ဈေးများနဲ့ သိပ်သဘောမကျဘူး။ ဘာဖြစ်လို့ ဈေးတက်သွားရတာလဲဆိုတော့ သူတို့ပေးတဲ့အဖြေက ဘာမှ ရေရေရာရာ မရှိဘူး။ မဆီမဆိုင် အကြောင်းပြချက်တွေနဲ့ သူတို့အိတ်ကပ်ထဲကို ပိုက်ဆံတွေရောက်အောင် လုပ်နေကြတာကို သူတို့မရှက်ကြဘူးလား မသိဘူး။ အတ္တနဲ့ ပရ မမျှတတဲ့အခါ နောက်ဆက်တွဲတွေ မကောင်းနိုင်ဘူးဆိုတာကို သူတို့ မသိချင်ယောင် ဆောင်နေကြတယ်။

(၃)
အခုတလော.....
ဂျာနယ်တွေကို ဖတ်ရတာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတယ်။ အရင်ကလို ပေါ်ပင်သတင်း၊ အတင်းအဖျင်းတွေသာ မဟုတ်တော့ဘဲ ပရိသတ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထည့်သင့်၊ ဖော်ပြသင့်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို ဝေေ၀ဆာဆာ ဖော်ပြပေးလာတာ တွေ့ရတယ်။ လှိုက်လှဲစွာ ကြိုဆိုလိုက်ပါသည်။

(၄)
အခုတလော.....
ပြောချင်တာတွေ များလွန်းနေတယ်။ ဟိုဟာတွေ့လည်း ပြောချင်၊ ဒီဟာတွေ့လည်း ပြောချင်ဖြစ်နေတယ်။ ဟိုစာလေးဖတ်လည်း ပြန်ဝေမျှချင်၊ ဒီစာလေးဖတ်ရလည်း ပြန်ဝေမျှချင်နဲ့ စိတ်အလို လက်မလိုက်နိုင် ဖြစ်နေရတယ်။ စိတ်ကူးထဲမှာ ဒဿဂီရိလို ခေါင်းဆယ်လုံးနဲ့ လက်ခ်ျမီးလို လက်တွေအများကြီးပါတဲ့ လူတစ်ယောက်အနေနဲ့ ကွန်ပျူတာ ငါးလုံးလောက်ရှေ့မှာ စာထိုင်ရိုက်နေတဲ့ပုံစံကို မြင်ယောင်ကြည့်နေမိတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၅ နာရီ ၂၆ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics