Tuesday, February 02, 2010

ဗြိတိသျှခေတ်


မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းယူသောအချိန်တွင် အထက်မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့လေသည်။ မြန်မာဘုရင်၏ လွှတ်တော်ဝန်ကြီး အချို့လည်း အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလိပ်လက်အောက်တွင် ၀င်ရောက် အမှုထမ်းကြရလေသည်။ ၁၂၄၈ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်ပိုင်နယ်နှင့် ပူးပေါင်း၍ အိန္ဒိယနယ်ပယ်ဆိုင်ရာ အုပ်ချုပ်ရေးစနစ်အရ၊ မဟာဝန်ရှင်တော်မင်းကြီး ဆာချားလ်ဘားနဒ်က အုပ်ချုပ်လေသည်။ ၀န်ရှင်တော်မင်းကြီးမှာ အိန္ဒိယဘုရင်ခံချုပ်၏ လက်အောက်ခံပင်ဖြစ်၍ မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်နယ်အဖြစ်ဖြင့် အုပ်ချုပ်လေသည်။ ၁၂၄၉ ခုနှစ်တွင် ဒုတိယဘုရင်ခံ ခန့်ထား၍ အမတ် ၉ ဦးပါ အကြံပေးကောင်စီတစ်ရပ်က ကူညီရလေသည်။ အိန္ဒိယနိုင်ငံ၏ နယ်တစ်နယ် ဖြစ်သည့်အတိုင်း အိန္ဒိယနိုင်ငံတွင် အုပ်ချုပ်မှုပြောင်းလဲလျှင် မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲလေ့ရှိလေသည်။

၁၂၇၁ ခုနှစ်တွင် မင်လိုမော်လီ အုပ်ချုပ်ရေး ပြုပြင်မှုအရ မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ၏ ကောင်စီဝင် အမတ်ဦးရေကို ၃၀ အထိ ထားခွင့်ရှိလေသည်။ သို့ရာတွင် အင်္ဂလိပ်အရင်းရှင် ကုန်သည်ကြီးများထဲမှ ရွေးကောက်တင်မြှောက်သူနှင့် ဘုရင်ခံစိတ်ကြိုက် ရွေးကောက်သူ ၁၅ ဦးသာလျှင် ခန့်ထား၍ ၁၂၇၂ ခုနှစ်တွင် အမတ် ၂၈ ဦးအထိ ရွေးကောက်လေသည်။ ထိုသူများတွင် အင်္ဂလိပ်အစိုးရအရာရှိ ၁၄ ဦး၊ မြန်မာ ၉ ဦး၊ အိန္ဒိယနှင့်တရုတ် ၃ ဦး၊ အခြားအမျိုးသား ၂ ဦးနှင့် ဘုရင်ခံခန့်အမတ် ၂ ဦးတို့ ပါဝင်လေသည်။ ထိုအဖွဲ့က ဥပဒေပြုခြင်း၊ အသုံးစရိတ် အတည်ပြုခြင်းတို့ကို ဆောင်ရွက်၍ ပြည်သူလူထု၏ ကိုယ်စားလှယ်ကား မပါရှိချေ။

အင်္ဂလိပ်အစိုးရသည် အင်္ဂလိပ်အရင်းရှင် ကုမ္ပဏီကြီးများအား မြန်မာနိုင်ငံမှ ဆန်၊ ကျွန်းသစ်နှင့် သတ္ထုများကို နိုင်ငံခြားသို့ ပို့ထုတ်ရောင်းဝယ်ခွင့်ပြု၍ အိန္ဒိယမှ ချစ်တီးအမျိုးသားများအား ငွေထုတ်ချေး၍ မြန်မာလယ်သမားတို့အား တစ်ဆင့် ငွေချေးစေလေသည်။ အစိုးရအမှုထမ်းအဖွဲ့ဝင် နိုင်ငံခြားသားများကိုသာ အသုံးပြု၍ လက်အောက် ရာထူးငယ်တွင်သာ မြန်မာတို့အား ခန့်ထားလေသည်။ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသား လူမျိုးစုများကို မြန်မာနှင့် သွေးခွဲသောအားဖြင့် အခွင့်အရေး ပို၍ပေးကာ ရာထူးကြီးနှင့် အစိုးရစစ်တပ်များ၊ ရဲတပ်များတွင် အမှုထမ်းခွင့်ပေးလေသည်။ လူမျိုးခြား ကုန်သည်များကိုလည်း အခွင့်အရေး ပို၍ပေးလေသည်။ မြန်မာများမှာ မသိမသာအားဖြင့် ဖိနှိပ်ခြင်းခံနေရ၍ စီးပွားရေးအားဖြင့် ကျပ်တည်းလာခဲ့ကြလေသည်။ ၁၂၇၈ ခုနှစ်တွင် ရတနာဂီရိရောက် သီပေါမင်းမှာ ကျပ်တည်းဆင်းရဲစွာ နေထိုင်ခဲ့ရရာမှ နတ်ရွာစံခဲ့လေသည်။ မြန်မာတို့ ဇာတိမာန် နိုးကြွလှုပ်ရှားမည်စိုး၍ အလောင်းသာမက အရိုးအိုးကိုပင် မြန်မာနိုင်ငံသို့ ယူဆောင်ခွင့် မပြုခဲ့ချေ။ မိဖုရားကြီးကို မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုရာ ၁၂၈၇ ခုနှစ်တွင် ရန်ကုန်မြို့၌ နတ်ရွာစံခဲ့လေသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment

 
Web Statistics