Tuesday, February 09, 2010

ဥပေက္ခာလမ်းက ပေးတဲ့အတွေး - ကိုဉာဏ် (ပန်းလောင်မြေ)


ကျွန်တော်တို့ သွားနေကျ လမ်းသွယ်လေးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ ပြင်ဆင်မယ့်လူမရှိ၊ စိတ်ဝင်စားသူမရှိနဲ့ လျစ်လျူရှုခံထားရပြီး ကျောက်ပေါက်ခွက်တွေ ဗရပွနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတတ်တဲ့ အဲဒီလမ်းလေးကို ကျွန်တော်တို့ သူငယ်ချင်းတစ်စုက "ဥပေက္ခာလမ်း" လို့ နာမည်ပေးထားကြပါတယ်။ ကျွန်တော်တို့တွေ အဲဒီလမ်းလေးပေါ်ကနေ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြတာ နှစ်အနည်းငယ်တောင် ကြာသွားခဲ့ပါပြီ။ ဒါပေမယ့်လို့ အဲဒီလမ်းကလေးကတော့ တွေ့စကအတိုင်းပဲ ရုပ်ဆိုးမြဲ၊ ကျောက်ပေါက်ဗရပြစ်နဲ့ လဲလျောင်းနေဆဲပဲ ရှိနေခဲ့တာပါ။ ဒါပေမယ့်လို့ တလောကတော့ အဲဒီလမ်းလေးကို ပြင်ဆင်ဖို့ဆိုပြီး သွားလာခွင့်ခေတ္တပိတ်ထားတာ တွေ့ရပါတယ်။ အဲဒီလမ်းကို ဖြတ်လို့မရတော့တဲ့အတွက် မြို့ထဲကို ထွက်တဲ့နေရာမှာ အဝေးကြီးက ပတ်သွားရပါတယ်။ အခြားလမ်းတွေကို အသုံးပြုရပါတယ်။ ဘာပဲဖြစ်ဖြစ် ဥပေက္ခာပြုထားခံရတဲ့ လမ်းလေးကို အခုလို လမ်းလမ်းသမ်းသမ်းဖြစ်အောင် (လူလူသူသူလို့ မသုံးချင်လို့ပါ) မွမ်းမံခြယ်သပေးမယ့်လူတွေ ရှိသေးတယ်ဆိုတဲ့အတွက် ၀မ်းသာမိတာ အမှန်ပါပဲ။

ပြောချင်တာက ဒါမဟုတ်ဘူး။ အဲဒီလမ်းကို ပိတ်လိုက်တဲ့အပေါ်မှာ ခရီးသွားတွေ (အဲဒီလမ်းကို ဖြတ်သန်းသွားလာတဲ့လူတွေ) ရဲ့ အတွေးနဲ့ ခံယူချက်တွေ မတူညီတာကို တွေးနေမိတာပါ။ တချို့က စောစောက ကျွန်တော်တို့လိုမျိုး ဒီလမ်းလေးကို ပြင်နေတယ်ဆိုတဲ့အသိနဲ့ ပျော်ရွှင်နေတဲ့လူမျိုးတွေ၊ အခုလောလောဆယ် သွားလာရတာ အခက်အခဲအချို့ ရှိပေမယ့် ပြင်ပြီးသွားရင် ကောင်းသွားတော့မှာဆိုတဲ့ အတွေးနဲ့ ၀မ်းသာပျော်ရွှင်နေသူတွေလို့ ထင်ပါတယ်။ နောက်တစ်မျိုးက အဲဒီလမ်းကို ပိတ်လိုက်တဲ့အတွက် ပေါ်ပေါ်တင်တင်ပဲ ပိတ်ထားတဲ့နေရာမှာ တောက်ခေါက်ပြီး စကားလုံးတွေရွတ်တဲ့ လူစားမျိုးတွေပါ။ သူတို့ကတော့ လမ်းပြင်နေတာ၊ ကောင်းသွားမှာထက် လောလောဆယ် ဒီလမ်းကို ပိတ်လိုက်တော့ သူတို့အတွက် အခက်အခဲဖြစ်သွားတာ၊ သွားလိုတဲ့နေရာကိုရောက်ဖို့ အချိန်တွေပိုကုန်တာ၊ အဝေးကြီးကွေ့ပတ်သွားနေရတဲ့အတွက် စိတ်မရှည်တာတွေအတွက် မကျေမနပ်ဖြစ်ပြီး ပေါက်ကွဲကြတဲ့ လူစားမျိုးတွေပါ။ နောက်တစ်မျိုးကတော့ လမ်းပိတ်ထားတာကို ဘာမှ မှတ်ချက်မပေးဘူး။ စိတ်ထဲမှာရှိချင်လည်း ရှိနိုင်တာပေါ့။ သူတို့ကကျတော့ ပိတ်ထားတဲ့အတားအဆီးတွေကို ဘေးကိုဖယ်ပြီး သူတို့သွားချင်တဲ့ဆီရောက်အောင် အဲဒီလမ်းကနေပဲ မသိချင်ယောင်ဆောင်ပြီး ဖြတ်သွားကြတဲ့ လူစားတွေပါ။ မသွားဖို့အတွက် တားမြစ်ထားတဲ့လမ်းကို ပြောင်ပြောင်တင်းတင်းပဲ ချိုးဖောက်ဝင်ရောက်ပြီး ဖြတ်သွားဖြတ်လာလုပ်တာကို မရှက်တဲ့အပြင် ဒီလမ်းကနေဖြတ်လာတာကွ ဆိုတဲ့မျက်နှာပေးနဲ့တောင် ဂုဏ်ယူသလိုတောင် လုပ်ပြနေတတ်သေးတယ်။

ထားပါတော့နော်။ ဒီဥပေက္ခာလမ်းလေးဟာ အများပိုင်သွားလာတဲ့လမ်းဆိုတာ မှန်ပါတယ်။ လူတိုင်းလည်း သွားလာခွင့်ရှိပါတယ်။ ဒါပေမယ့်လို့ အဲဒီလမ်းလေးကို ကောင်းအောင်ပြုပြင်ဖို့၊ လူအများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့အတွက် ခေတ္တခဏဖြစ်ဖြစ် ပိတ်ပင်ထားတာ၊ တားဆီးထားတာမျိုး ရှိလာခဲ့ပါတယ်။ အဲဒီအပေါ်မှာ လူတွေရဲ့ အမြင်တွေ၊ တုံ့ပြန်ပုံတွေက မတူညီကြဘူး။ ကောက်ချက်ချလိုက်တော့ သုံးမျိုးသုံးစား ထွက်လာတာ တွေ့ရပါတယ်။

ပထမတစ်မျိုးက လတ်တလော အဆင်မပြေဖြစ်သွားတာ၊ အနှောင့်အယှက်ဖြစ်ရတာအတွက် ပေါက်ကွဲတဲ့အမျိုးအစား။ (ကျွန်တော်က စိတ်ခံစားမှု ဦးစားပေးသူလို့ နာမည်တပ်ချင်တယ်)
ဒုတိယတစ်မျိုးက သူလုပ်ချင်ရာကိုပဲ လုပ်တဲ့လူစား၊ ပြင်တာတွေ၊ ပိတ်တာတွေကို နားမလည်ဘူး။ စိတ်ထဲရှိရာ လုပ်တဲ့လူမျိုးပေါ့။ (ကိုယ့်စိတ်အလိုအတိုင်း မျက်စိမှိတ်လုပ်တတ်သူလို့ ကျွန်တော်က ကင်ပွန်းတပ်ချင်တယ်၊ စိတ်ခံစားမှု ဦးစားပေးသူလို့ အကြမ်းဖျဉ်းဆိုနိုင်ပေမယ့် တူတော့မတူဘူး)
တတိယတစ်မျိုးကတော့ ဘာကြောင့်ပိတ်ထားသလဲဆိုတာကို နားလည်တယ်၊ ဒီလိုပိတ်ပင်ထားခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာနိုင်တယ်၊ ဘယ်သူတွေ အကျိုးရှိနိုင်တယ်ဆိုတာကို ကောင်းကောင်းသိတဲ့ အမျိုးအစားပေါ့။ (သူ့ကိုတော့ ဦးနှောက်သမား တစ်နည်း ဉာဏ်သမားလို့ ကျွန်တော်အမည်ပေးချင်တယ်)

ကျွန်တော်စဉ်းစားကြည့်တယ်။ ကျွန်တော်တို့ဘ၀မှာလည်း အခုလိုမျိုး ဆင်ဆင်တူတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရတာ နည်းတာမှ မဟုတ်တာပဲ။ မှတ်မိသမျှကို ပြန်စဉ်းစားကြည့်မိတဲ့အခါ ကျွန်တော် အတော်ကြောက်သွားတယ်။ သူများတွေတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော့်အတွက်ကတော့ ပထမအမျိုးအစား နည်းလမ်းနဲ့ ဖြေရှင်းခဲ့တာ အတော်များပါလားဆိုတာ သိလာတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ်ကာလမှာ အဲဒီလို စိတ်ခံစားမှုသက်သက်နဲ့ ပေါက်ကွဲခဲ့တာ အတော်များပါလားဆိုတာ သိလာရတယ်။ ဒုတိယအမျိုးအစားကိုတော့ ကျွန်တော်မလုပ်ဖြစ်ခဲ့သလောက် ရှားပါးတာကို ထူးထူးခြားခြား သတိထားမိတယ်။ နောက်ပိုင်းအသက်အရွယ်လေးရလာတော့ ပထမတစ်မျိုးနဲ့ တတိယတစ်မျိုးကို တစ်လှည့်စီ ကျွန်တော်တုံ့ပြန်ခဲ့ပါလားဆိုတာ သွားတွေ့မိပါတယ်။

အထူးဆန်းဆုံးတစ်ခုက တတိယအမျိုးအစားကို ကျွန်တော်က ဦးနှောက်သမား၊ ဉာဏ်သမားလို့ ပြောခဲ့တယ်နော်။ ဒါပေမယ့် အဲဒီဦးနှောက်သမားမှာ နှလုံးသားနဲ့ခံစားချက် အပြည့်ပါနေတယ်ဆိုတာကို ကိုယ်တိုင်ခံစားဖူးသူတွေက လှိုက်လှိုက်လှဲလှဲကို ထောက်ခံကြမယ်ဆိုတာ လုံးဝကို သံသယမဖြစ်မိဘူး။

ကျွန်တော်တို့တွေ မသေမချင်း ကိစ္စအထွေထွေနဲ့ ကြုံတွေ့နေကြရဦးမှာပါ။ အဲဒီလို ကြုံတွေ့ရတာတွေအပေါ်မှာ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုတွေက ဘယ်လိုတွေရှိမလဲဆိုတာကို တစ်ချက်လောက်ဖြစ်ဖြစ် သတိထားကြည့်ပါလား။ ကြုံရတဲ့ကိစ္စတွေ ပြီးသွားတဲ့အချိန်မှာပေါ့။ ဘ၀အတွက် တစ်ခုခုတော့ ရလိုက်မယ်ဆိုတာကို ကျွန်တော် ရဲရဲကြီးကို ပြောရဲပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၉ ရက်၊ အင်္ဂါနေ့။
ညန ၄ နာရီ ၁၃ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics