ဒီနေ့မနက် အိပ်ရာနိုးတော့ လန်းဆန်းကြည်လင်နေခဲ့တယ်။ အရင်ထက် ၁ နာရီလောက် ပိုအိပ်လိုက်ရလို့လည်း ဖြစ်မယ်ထင်ပါရဲ့။ ပုံမှန်အိပ်ရာထနေကျအချိန်ထက် တစ်နာရီလောက် ပိုအိပ်လိုက်ခြင်းအတွက် ကျွန်တော့်စိတ်ထဲမှာ ကျေနပ်ပျော်ရွှင်နေမိတာကိုလည်း အံ့သြနေမိတယ်။ အပြောင်းအလဲကြောင့် ဖြစ်မယ်ထင်ပါရဲ့။
မနေ့ညက ဂျာနယ်တွေကို အချိန်ပေးပြီး ဖတ်ဖြစ်တယ်။ အရင်ကဆို စိတ်ဝင်စားစရာကောင်းတာလောက်ကိုပဲ ရွေးဖတ်နေရာကနေ အခုဆိုရင် ဂျာနယ်တွေအားလုံးက အပြိုင်အဆိုင် ကြိုးစားလာကြတာကို သိသိသာသာကို မြင်လာရတယ်။ အထူးသဖြင့် အခုတလော ဆောင်းပါးတွေကို ဖတ်ရတာ အားရကျေနပ်မိတယ်။
လျှပ်တစ်ပြက်ဂျာနယ်ကို မနေ့ကမှရတယ်။ အမှန်က စနေနေ့က ထွက်ရမှာ။ ဒါပေမယ့် အကယ်ဒမီအချပ်ပိုကြောင့် မနေ့ကမှ ထွက်လာတယ်။ အကယ်ဒမီအထူးထုတ်လည်း ပါလာတယ်။ တကယ်လည်း ထူးပါတယ်။ ရှာရှာဖွေဖွေတွေ ဖော်ပြပေးထားတာတွေ တွေ့ရလို့ အံ့သြနေမိသေးတယ်။ လျှပ်တစ်ပြက်ရဲ့ ထုံးစံအတိုင်း ဖွလုံးလေးတွေကလည်း ပြုံးချင်စရာ၊ တွေးချင်စရာပါ။ လမ်းလျှောက်အယ်ဒီတာရဲ့ ဒိုင်ယာရီဆိုတာကို အရမ်းကို သဘောကျသွားတယ်။ လမ်းလျှောက်အယ်ဒီတာမှတ်စုကို သဘောကျရင်းစွဲ ရှိပြီးသားမို့လည်း ဖြစ်နိုင်ပါတယ်။ သူတို့ဂျာနယ်ကို ကျွန်တော် မက်မက်မောမော ဖတ်နေဖြစ်တဲ့အကြောင်းကို ခပ်ရေးရေးမြင်လိုက်ရတယ်။ အယ်ဒီတာတွေ၊ စာနယ်ဇင်းသမားတွေရဲ့ ကြိုးစားအားထုတ်မှုက အအိပ်ပျက်၊ အစားပျက်ပါပဲ။ ကိုယ့်ဘာသာကိုယ်တောင် သိမ်ငယ်သွားတယ်။ ဒါပေမယ့် ဒီတစ်ပတ် "မပြီးဆုံးသေးတဲ့ ကျော်ဟိန်း" ဆိုတဲ့ဆောင်းပါး ပါမလာတာကိုတော့ စိတ်မကောင်းဘူး။ အပတ်စဉ် စောင့်ဖတ်နေရတာ။ လျှပ်တစ်ပြက်မှာ အဲဒီဆောင်းပါးမပြီးသေးလို့ "ကျော်ဟိန်းများ" ဆိုတဲ့ စာအုပ်ကိုတောင် မ၀ယ်ဖြစ်သေးဘူး။
လျှပ်တစ်ပြက်ထဲမှာ ဖတ်လိုက်ရတဲ့အထဲက မေးမြန်းခန်းတစ်ခုမှာ "ရ,ရထားကြီး စီးလို့သွား ခရီးတွင်မှာလား" ဆိုတဲ့ ဆောင်းပါးကို ညွှန်းထားတာ တွေ့ရတယ်။ Flower News မှာ ပါတာတဲ့။ ရှာဖတ်ကြည့်ဦးမယ်။ အလကားညွှန်းတာတော့ ဟုတ်ဟန်မတူဘူး။ ကောင်းရင် ပြန်တင်ပေးမယ်။
အင်တာနက်ဂျာနယ်ကို ဖတ်ဖြစ်တယ်။ ပုံမှန်ယူနေကျ ဂျာနယ်တစ်စောင် ဒီတစ်ပတ် မထွက်တဲ့အတွက် တစ်စောင် အစားယူလိုက်ရတာပါ။ အင်တာနက်စာမျက်နှာတွေအကြောင်း၊ ဂိမ်းတွေအကြောင်း၊ မိုဘိုင်းလ်ဖုန်းတွေအကြောင်း၊ ဆော့ဖ်ဝဲတွေအကြောင်း သတင်းအဖြစ် ဘာသာပြန်ထားတာတွေကို မဖတ်ဘူး။ အထဲမှာပါတဲ့ ဆောင်းပါးတွေကိုပဲ ရွေးဖတ်ဖြစ်တယ်။ အရင်ကထက် ဆောင်းပါးတွေ ပိုများလာတာ တွေ့ရတယ်။ ကောင်းတဲ့ဟာတွေလည်း များလာတယ်။ အရင်ကဆို အဲဒီလိုမျိုး ဆောင်းပါးတွေမပါလို့ မဖတ်ဖြစ်တာ အတော်ကြာပြီ။ နည်းပညာဆိုင်ရာတွေကို ကျွမ်းကျင်မှုမရှိဘဲ ရမ်းသမ်းပြီး ရေးထားတဲ့အမှားတွေကို ဖတ်ဖူးခဲ့တာကြောင့်လည်း လက်ရှောင်ဖြစ်တာ ပါ,ပါတယ်။
First Eleven ဂျာနယ်ဖတ်ဖြစ်တယ်။ နှစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲဖြစ်သွားပြီဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ရွန်းနီနဲ့ ဒရော့ဘာပုံ မျက်နှာဖုံးတင်ထားတဲ့ ဂျာနယ်မှာ ကျွန်တော်အကြိုက်ဆုံးက နန္ဒ၀န်ငြိမ်းချမ်းရေးထားတဲ့ ရွန်းနီအကြောင်း ဆောင်းပါးပါ။ မြန်မာနေရှင်နယ်လိဂ်နဲ့ ပတ်သက်တဲ့သတင်းတွေကိုလည်း စိတ်ဝင်တစားဖတ်ဖြစ်တယ်။ ဒါပေမယ့် ပြုံးမိတယ်။ ၂၀၁၀ မှာလုပ်မယ့် MNL က နှစ်ကျော့စနစ် ဖြစ်သွားပြန်လို့ပါ။ မတ်လထဲမှာ စမယ်တဲ့။ စုစုပေါင်း (၁၁)သင်း ယှဉ်ပြိုင်ကြမယ်တဲ့။ မကြာမီ ဘယ်လိုတွေ ထပ်ပြောင်းဦးမလဲဆိုတာကို စောင့်ကြည့်နေရဦးမယ်။
မင်းလူ ရဲ့ စာပေကယ်ရီကေးချား ကို ဆက်ဖတ်ဖြစ်တယ်။ အဲဒီစာအုပ်ကို ဖတ်နေတာ တစ်ပတ်လောက်ရှိပြီ အခုထိ မပြီးနိုင်သေးဘူး။ တစ်ပုဒ်ဖတ်လိုက်၊ တခြားအလုပ်တွေဝင်လာလိုက်၊ တစ်ပုဒ်ဖတ်လိုက် စာအုပ်ကို ချထားလိုက်ရနဲ့ အဆင်မပြေဘူး။ စာဖတ်ရင်း ရယ်နေမိသေးတယ်။ မင်းလူကလည်း ပေါက်ပေါက်ရှာရှာမှ တကယ့်ကို ပေါက်ပေါက်ရှာရှာ ရေးတတ်တယ်။
ငှားထားပြီး မကြည့်ရသေးတဲ့ ဗီဒီယိုကြည့်ဖြစ်တယ်။ နေမ၀င်ချယ်ရီ၊ ဟိန်းဝေယံ၊ ပုလဲဝင်း၊ ဇော်ဝမ်း၊ အောင်ခိုင်၊ ဇင်မျိုး။ ရှုခင်းအလှတွေနဲ့ ဆုမြတ်မွန်မွန်ရဲ့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာဖြစ်နိုင်တယ်ဆိုတာကို သိနေတာတစ်ခုပဲ ဖီးလ်ငုပ်တယ်။ ကိုယ်ထင်တာနဲ့ ဇာတ်လမ်းက လွဲနေမှ ကြည့်လို့ကောင်းမှာကိုး။ အခုတော့ စီဒီတစ်ချပ် မကုန်သေးဘူး၊ ဇာတ်လမ်းကို မှန်းလို့ရနေပြီ။
ဘလော့ဂ်အတွက် ပို့စ်မရေးဖြစ်ဘူး။ အိပ်ချိန်ကိုတောင် နည်းနည်းကျော်သွားတယ်။ မနက်အတွက် နှိုးစက်ကို ၆ နာရီခွဲမှာ ထားလိုက်တယ်။ တစ်ခါတစ်လေ စိတ်လက်ပေါ့ပါးစွာနေချင်တယ်။ တစ်နေ့တစ်နေ့ ဘလော့ဂ်အတွက် pressure ဖြစ်နေရတာကို ဖျောက်ရမယ်။
အခုလည်း သူများဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုဒ်တွေကို လိုက်ဖတ်၊ ကွန်းမန့်တွေလိုက်ရေးပြီး မောသွားလို့ ခဏနားနေတဲ့အချိန်မှာ ဘာရေးရမှန်းမသိတာနဲ့ စိတ်ကူးထဲပေါ်ရာကို ရေးလိုက်တယ်။ ဘလော့ဂ်တစ်ခုဖတ်လိုက်၊ အဲဒီဘလော့ဂ်မှာရှိတဲ့ လင့်ခ်တွေကို လိုက်ဖတ်လိုက်နဲ့ ဆုံးကိုမဆုံးနိုင်တော့ဘူး။ ဖတ်စရာဘလော့ဂ်တွေမှ အများကြီးပါလားဆိုတာ အံ့သြတကြီး တွေ့ရတယ်။ အများကြီးဆိုတာ ဖတ်တဲ့လူတွေအတွက် အကျိုးရှိစေမယ့် ဘလော့ဂ်တွေကို ပြောတာ။ လူတိုင်းဘလော့ဂ်တစ်ခု ရှိရမည်ဆိုပြီး လုပ်ထားကြသလား အောက်မေ့ရတယ်။ ကြိုဆိုပါတယ်။ ဘလော့ဂ်ရေးသူ တစ်ယောက်ချင်းဆီက တစ်ခုရမယ်ဆိုရင်တောင် အများကြီးရနိုင်တာကိုး။
နောင်တစ်ချိန် ကျွန်တော့်ဘာသာ အလွမ်းပြေပြန်ဖတ်နိုင်အောင် ရေးထားတဲ့ ကိုယ်ရေးကိုယ်တာ မှတ်တမ်းသဘောမျိုးဖြစ်တဲ့အတွက် အားလုံးအတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ အဲဒီအတွက် အလဟသ မိတ်ဆွေရဲ့ အချိန်တွေပေးလိုက်ရရင် ဆောရီးပါနော်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၀ နာရီ ၀၇ မိနစ်တွင်ပြီး၏။
No comments:
Post a Comment