Wednesday, February 10, 2010

Champion Mandalay Football Team


၅၅-ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ ၉ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့ ကိုးသိန်း ကစားကွင်းတွင် လက်ရှိချန်ပီယံ မန္တလေးတိုင်း အသင်းနှင့် စစ်ကိုင်းတိုင်း အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မန္တလေးတိုင်း အသင်းက အနိုင် ရရှိပြီး ထပ်ဆင့် ချန်ပီယံဘွဲ့ ခံယူနိုင်ခဲ့သည်။

ပထမပိုင်းတွင် မန္တလေးတိုင်း အသင်းက အသာစီးမှ ဖိကစား နိုင်ခဲ့သော်လည်း ဂိုးသွင်း မသေချာမှု၊ စစ်ကိုင်းတိုင်း ဂိုးသမား လက်စွမ်းပြမှု တို့ကြောင့် ဂိုးမရှိ သရေကျနေခဲ့သည်။ ဒုတိယပိုင်း ပြန်အစတွင် စစ်ကိုင်းတိုင်း အသင်းက မထင်မှတ်ဘဲ တန်ပြန် တိုက်စစ်ဆင် ကစားရာ မန္တလေးတိုင်း အသင်း၏ ၁၈ကိုက် စည်းထိပ်၌ စစ်ကိုင်းတိုင်း အသင်း အလွတ်တည်ကန်ဘော ရရှိခဲ့သည်။ စစ်ကိုင်းတိုင်း အသင်းသည် အလွတ်တည် ကန်ဘောများ ကောင်းသည့် အသင်းဖြစ်ပြီး အကြို ဗိုလ်လုပွဲ၌ မကွေးကို အလွတ် တည်ကန်ဘောမှ ဂိုးသွင်းကာ အနိုင်ယူခဲ့သည့် အသင်းဖြစ်သည်။ မန္တလေး အသင်းကိုလည်း ယင်းနည်းဖြင့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တည်ကန်ဘော ဂိုးကို မကွေးနှင့် ကစားခဲ့စဉ်က အလွတ် တည်ကန်ဘောမှ ဂိုးသွင်းယူ ပေးခဲ့သည့် စစ်ကိုင်းတိုင်းမှ ကျောနံပါတ် ၂၃ မင်းချစ်သူကပင် မန္တလေးတိုင်း အသင်းဘက်သို့ သွင်းယူပေးခဲ့သည်။

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း စစ်ကိုင်းတိုင်း အသင်းက အသာစီးက ကစားနိုင်ခြင်း မရှိဘဲ ချေပဂိုး ရလိုသော မန္တလေးတိုင်း အသင်းကသာ စစ်ကိုင်းတိုင်း အသင်းအပေါ် ဖိကစားနိုင်ခဲ့သည်။ မိနစ် ၉၀ ပြည့်ရန် ၁၅မိနစ်ခန့် အလိုတွင် မန္တလေးတိုင်း အသင်း ရရှိသော ထောင့်ကန်ဘောမှ တစ်ဆင့် မန္တလေး နောက်ခံလူ ဇင်လင်းအောင်(မန်း-မြို့တော် စည်ပင်)က ရှေ့တက် ခေါင်းတိုက်ကာ ချေပဂိုး သွင်းယူ ပေးခဲ့သောကြောင့် မန္တလေးတိုင်း အသင်း ချေပဂိုး ရခဲ့သည်။ ဇော်လင်းအောင်သည် ချေပဂိုးရရန် နှစ်ဆင့် ခေါင်းတိုက် ခဲ့ရသည်။ ထောင့်ကန်ဘော ပထမအကြိမ် ခေါင်းတိုက်ရာ စစ်ကိုင်းတိုင်း အသင်းမှ ဂိုးသမားနှင့် ထိကာ ပြန်ထွက်လာသည့် ဘောလုံးကို ထပ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။

ပွဲချိန် မိနစ် ၉၀အတွင်း တစ်ဂိုးစီ သရေကျ နေခဲ့သောကြောင့် အချိန်ပို ဆက်ကစားရာ အချိန်ပို ပထမပိုင်းတွင် မန္တလေးတိုင်း အသင်းကပင် အသာစီး ရခဲ့သော်လည်း ဂိုးမသွင်းနိုင် ခဲ့ပေ။ အချိန်ပို ဒုတိယပိုင်းတွင် မန္တလေးတိုင်း အသင်း တိုက်စစ်မှူး သက်နိုင်(ရတနာပုံ လူငယ်အသင်း)က ဂိုးသွင်းယူ နိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် လက်ရှိချန်ပီယံ မန္တလေးတိုင်း အသင်းက စစ်ကိုင်းတိုင်း အသင်းကို ၂-၁ဂိုးဖြင့် အနိုင်ရကာ ၅၅-ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ချန်ပီယံ ဖြစ်ကာ နှစ်နှစ်ဆက် ချန်ပီယံဘွဲ့ ခံယူနိုင်ခဲ့သည်။

ဗိုလ်လုပွဲစဉ်၌ အကောင်းဆုံး ကစားသမားဆုကို မန္တလေးတိုင်း အသင်းမှ သက်နိုင် (ရတနာပုံ လူငယ်)က ရရှိခဲ့သည်။ သက်နိုင်သည် ဒုတိယအဆင့် အုပ်စုပွဲစဉ် (၃)ပွဲ၊ အကြို ဗိုလ်လုပွဲ၊ ဗိုလ်လုပွဲတို့၌ ပွဲစဉ် အကောင်းဆုံး ကစားသမားဆု (၅)ကြိမ် ဆက်တိုက် ရရှိခဲ့သည်။ ထို့အပြင် ၅၅-ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည်။ ၎င်းသည် ၂၀၀၉ခုနှစ် တတိယအကြိမ် မန္တလေး မြို့တော်ဝန်ဖလား ပထမတန်းအဆင့် အမျိုးသား အလွတ်တန်း ဘောလုံး ပြိုင်ပွဲတွင်လည်း ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ကာ ရတနာပုံ လူငယ်အသင်းကို ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးခဲ့သည်။

၅၅-ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ၌ မန္တလေးတိုင်း လက်ရွေးစင် အသင်း၏ ရလဒ်များ

ပထမအဆင့် အုပ်စုပတ်လည် မြောင်းမြဇုန် အုပ်စု(ဃ)
ပြိုင်ဘက်အသင်း         ရလဒ်    နိုင်/ရှုံး    ပွဲစဉ်အကောင်းဆုံး ကစားသမား
စစ်ကိုင်းတိုင်း               ၂-၁      နိုင်      အောင်မင်းသိန်း (မန္တလေးတိုင်း၊ ရတနာပုံ လူငယ်)
ရှမ်းပြည်နယ်(မြောက်)    ၂-၁      နိုင်      အောင်မင်းသိန်း (မန္တလေးတိုင်း၊ ရတနာပုံ လူငယ်)
ရှမ်းပြည်နယ်(အရှေ့)      ၇-၀      နိုင်     အောင်မင်းသိန်း (မန္တလေးတိုင်း၊ ရတနာပုံ လူငယ်)

ဒုတိယ အဆင့် အုပ်စု ပတ်လည် ဟင်္သာတဇုန် အုပ်စု(ခခ)
ကချင်ပြည်နယ်    ၂-၀    နိုင်       သက်နိုင်    (မန္တလေးတိုင်း၊ ရတနာပုံ လူငယ်)
မကွေးတိုင်း        ၁-၁    သရေ    သက်နိုင်    (မန္တလေးတိုင်း၊ ရတနာပုံ လူငယ်)
မွန်ပြည်နယ်       ၃-၀    နိုင်        သက်နိုင်    (မန္တလေးတိုင်း၊ ရတနာပုံ လူငယ်)

အကြိုဗိုလ်လုပွဲ  
ဧရာဝတီတိုင်း    ၃-၁    နိုင်          သက်နိုင်    (မန္တလေးတိုင်း၊ ရတနာပုံ လူငယ်)

ဗိုလ်လုပွဲ
စစ်ကိုင်းတိုင်း    ၁-၁    သရေ        သက်နိုင်   (မန္တလေးတိုင်း၊ ရတနာပုံ လူငယ်)
အချိန်ပိုတွင် မန္တလေးတိုင်း အသင်းက ၁-၀ ဖြင့်နိုင်

(http://www.yadanarbonfc.com မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics