Friday, February 12, 2010

အရေးကြီးလာပြီ ၂၀၁၀ - စိုးမြင့်သိန်း


ဗိုလ်ချုပ်အောင်ဆန်းက မကျဆုံးမီ (၂)လ အလိုမှာ "ဘေးကခြေထိုးတိုင်း မမြောက်နဲ့၊ မြောက်ရင် အပြစ်ပဲ၊ အချင်းချင်း ထိကုန်မယ်၊ ညီညွတ်ရေး အရေးကြီးတယ်၊ သံသယရှိရင် ဗြောင်မေးကြပါ၊ တူးတူးခါးခါး မမိုက်ချင်ကြနဲ့" ဟု ပြောခဲ့သည်။

ဒေါက်တာမောင်မောင်ကလည်း "လူတွေဟာ လူတွေသာဖြစ်ခြင်းကြောင့် ယင်းသည် ကမ္ဘာတည်သရွေ့ အမှန်တရားပဲ၊ ထိုအချက်ကို သဘောပေါက်ပါမှ ကြည်ဖြူစွာ လက်တွဲနိုင်ကြမှ လူမှုအဖွဲ့အစည်း၊ ဥပဒေ၊ နိုင်ငံတော် ကြာရှည်ခံ ကြီးပွားကြမည်။ သို့မဟုတ်ဘဲ ကိုယ့်ယဉ်ကျေးမှုနှင့် မကိုက်ညီဘဲ အခြားနိုင်ငံများမှ ပုံတူကူးချစနစ်များ၊ ဥပဒေများ၊ ဖွဲ့စည်းပုံများက ကြာရှည်မခံ။ ဆုတ်ယုတ်ဖို့သာရှိမည်" ဟု ရေးသားဖူးသည်။

မိမိအယူအဆကိုသာ တစ်ဖက်သတ် တင်ပြနေသော အယူစွဲဂျာနယ်လစ်ဇင် Opinionated Journalism ကို ဦးတည်နေတဲ့ ယနေ့အွန်လိုင်းမီဒီယာအချို့၊ ပြည်တွင်း အစွန်းရောက်ချင်တဲ့ မီဒီယာအချို့ကိုတော့ "ဒါဟာ ဟောင်းပြီး ခေတ်ကုန်နေတဲ့အကြောင်း" လက်တို့လိုက်ချင်ပါသည်။ ကြားနေရေးမူဝါဒ မဟုတ်တော့ဘဲ နောက်ပြန်ရေး လက်ဝဲရစ်ရထား ဖြစ်နေသည်။ သတင်းမှာ ဆန္ဒအယူဝါဒ အတ္တစွဲကပ်နေရင် အဲဒါ တန်ဖိုးမရှိဘူးဟု ကျွန်တော်ထင်သည်။ သတင်းသည် သတင်းဖြစ်နေဖို့ လိုရင်းဖြစ်၏။

မီဒီယာအသစ် (အမည်ခံ) တချို့ကလည်း Anti ဆန့်ကျင်သံက များနေပြီး ကွဲလွဲမှုထက် ပေါင်းဆုံမှုက အရေးကြီးတာကို မေ့နေကြဟန်တူသည်။ ဘလော့ဂါတို့သည် အခြေခံတည်ဆောက်ရေး၌ ပါဝင်ကြဖို့လိုပြီး ဖျက်ဆီးရေး၌ လက်မလျှိုမိကြဖို့ လိုမည်ထင်သည်။

မကြာမီက မြန်မာတိုင်း(မ်)စာစောင် PAGE (2) မှာ "ရဲရင့်တင့်ဆွေ" က "ရာဇ၀င်ပြီးတော့ သမိုင်း" ဟူသော ဆောင်းပါးရေးသားသည်။ ရာဇ၀င်နှင့် သမိုင်းများတွင် နိုင်ငံသားတို့ ကိုယ့်နိုင်ငံ ကိုယ့်ပြည် လှပရေး ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ နောင်လာနောက်သားများ အတုယူဖွယ်။ နောက်ပိုင်း (တစ်ပါတီ ၂၆ နှစ်အပါ) စိတ်ချမ်းသာစရာ မည်သည့်ဘက်မှ မတွေ့။ အာဏာလု၊ ကွဲပြဲ၊ ၀ါဒအစွန်းရောက်၊ အာဏာရှင်စနစ်၊ သောင်းကျန်းမှု၊ ပြစ်တင် ပုတ်ခတ် စွပ်စွဲ ဝေဖန် ရန်စောင် ဆုတ်ယုတ် ကျဆင်း ကာလများဟု ဖော်ပြလိုက်သည်။

ယနေ့တပ်မတော်၏ နိုင်ငံပြန်လည်တည်ဆောက်ရေး ၁၀ စုနှစ် နှစ်စုရောက်လာပြီ။ ရာဇ၀င်၊ သမိုင်း ဖြစ်တော့မည်။ မြေး၊ မြစ်၊ တီ၊ တွတ်များ သင်ယူကြရမည့် ကျွန်တော်တို့၏ ခေတ်သမိုင်း လှပစေချင်သည်၊ လေးစားမြတ်နိုးဖွယ် ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်စေချင်သည်။ အမျိုးသားရေး စိတ်အခြေခံဖြင့် အရာရာဆင်ခြင်စဉ်းစား ပေါင်းစည်းသွားကြဖို့တော့ သင့်ပြီထင်သည် ဟု ရေးသားပါသည်။ ကျွန်တော် ထောက်ခံသည်။

"အင်္ဂလိပ်အခက် မြန်မာအချက်" ဟူသော လွတ်လပ်ရေးကြိုးပမ်းမှုခေတ်က ကြွေးကြော်သံတစ်ခု မှတ်သားရဖူးပါသည်။

(ဆိုကြပါစို့) အချင်းချင်း မညီညွတ်လို့ မြန်မာ "အခက်" တွေ့ချိန်မှာ ဘေးနိုင်ငံအချို့ "အကွက်" တွေ့သွားတာ ကျွန်တော်တို့အတွက် ပျော်စရာမဟုတ်ပါ။ ပြန်၍ ညီညွတ်ကြဖို့ ကျွန်တော်နှိုးဆော်လိုသည်။ ရန်သူမရှိ မိတ်ဆွေသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ ဆိုသော ကဗျာဆရာကြီး စာရေးဆရာကြီး ဒဂုန်တာရာ၏ ဒဿနအယူအဆသည် ယနေ့ မီးရှူးတိုင်လမ်းပြ ဖြစ်သင့်သည်။

တစ်ခေတ်က ဂျပန်မျှော်ခဲ့တာ ကောင်းခဲ့သလား၊ မကောင်းပါ။ ပြန်တော်လှန်ရသည်။ သွေးနှစ်ခါထွက်ရသည်။ ယနေ့ အမေရိကန်မျှော်တော့ အီရတ် ဘာဖြစ်နေသလဲ။ သွေးအိုင်ထဲမှာ။

မြန်မာနှင့်မြန်မာ၊ "ရေ" လည်းမြန်မာ၊ "ကြာ"လည်းမြန်မာ၊ ရေနှင့်ကြာ ပဏာတင့်ပွင့်ရမည်၊ ဒီမိုကရေစီပန်း လန်းရမည်ဧကန်။ အမှန်တရား ပါးနပ်လိမ္မာ လှပအတူ စားသုံးကြဖို့ လိုပါမည်။

အရေးကြီးလာပြီ ၂၀၁၀၊ ရွေးကောက်ပွဲဥပဒေ လာမည်။ ရွေးကောက်ပွဲလာမည်။ နိုင်ငံရေးပလေယာသစ်တို့ ချစ်စဖွယ် တင့်တယ်စွာ ပေါ်လာသင့်။ ဘယ်မူဟန်နှင့် ပွင့်မည်နည်း။ အဖြူရောင် သစ္စာပန်းတို့ လွှမ်းပါစေ။

နိုင်ငံတော်သစ်သို့၊ နိုင်ငံတော်သစ်၌ နေသစ်၊ လသစ်၊ ကြယ်သစ်၊ အလင်းသစ်ပါစေ။ တပ်မတော်-အရပ်ဘက် ကြည်ဖြူလက်တွဲသွားကြစို့။

ဘယ်သူကမှ ကျွန်တော့်ကို အမိန့်သြဇာ အကြံဉာဏ်မပေးဘဲ ကျွန်တော့်ဘာသာ ကျွန်တော့်အသိနှင့် သမိုင်းတာဝန် ၂၀၁၀ တာဝန်ထမ်းလိုက်ပါသည်၊ ကလောင်နှင့်….

ကလောင်သမားသည် ငြိမ်းချမ်းစိမ်းလန်း အေးမြလှပသော လမ်းကိုသာ ရွေးပါသည်။ ဆူးရှညှောင့်စူး မြှားဆိပ်ဓားလှံ သွေးထွက်သံယို မလိုလားပါ။ လုံးဝ မလိုလားပါ။

၂၀၁၀ သည် ၁၉၈၈ မဟုတ်၊ ၁၉၉၀ မဟုတ်၊ ၁၉၄၈ မဟုတ်။

၂၀၁၀ သည် မြေစမ်း၍ ခရမ်းပျိုးရသည်မှန်သော်လည်း ဒီအသီးအပွင့်က အဆိပ်မရှိ၊ ခွန်အားဗီတာမင် "ဆေးဖက်ဝင်ခြင်း" သာရှိမည်။ စားသုံးသူကို ဒုက္ခပေးလိမ့်မည်မထင်။ လက်ရည်တစ်ပြင်တည်း ပေါင်းစည်းဒီမိုကရေစီ၊ တူတာတွဲလုပ် မတူတာခွဲလုပ် (ဥပဒေအတိုင်း) ပွင့်ကြလန်းကြ မွှေးကြမြကြဖို့သာ ရှိမည်။ ကျွန်တော် ရိုးရိုးသားသား ယုံကြည်လိုက်ချင်ပါသည်။ ယုံကြည်ပါသည်။

အရေးကြီးလာပြီ
၂၀၁၀ စိတ်ဓာတ်

၃၁-၁-၂၀၁၀

စာကြွင်း
၂၀၁၀ ဇန်န၀ါရီ ၉ ရက် ဒဿနိကဗေဒ အာစရိယပူဇော်ပွဲမှာ ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်း နှင့် ဆရာမကြီး ဒေါ်ကြည်ကြည်လှတို့က မျှဝေကူညီမှု အခြေခံစည်းမျဉ်း Principle of contribution၊ သတ္တိရှိမှုအခြေခံစည်းမျဉ်း Principle of courage ၀န်ဆောင်မှုကောင်းကောင်းဖြင့် လူ့အဖွဲ့အစည်း တိုးတက်မှုကိုရယူကြဖို့ ဆုံးမသြ၀ါဒပေးသွားသည်မှာလည်း ၂၀၁၀ စိတ်ဓာတ်ဒဿနအဖြစ် မှတ်ယူနိုင်ပါသည်။

(Northern Star ဂျာနယ် အမှတ် ၅၃ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics