Friday, February 12, 2010

နိုင်ငံရေးဦးနှောက်ထဲ ဘယ်သင်းလွှမ်းမိုး - မောင်စူးစမ်း


သုံးပွင့်ဆိုင်နှင့် အီမိုးရှင်း
မြန်မာ့နိုင်ငံရေးတွင် အခြေခံအားဖြင့် သုံးပွင့်ဆိုင်ပလေယာပုံသဏ္ဌာန် ပေါ်တော့မည်။ (၁) စပွန်ဆာ၊ (၂) နိုင်ငံရေးခေါင်းဆောင်တို့နှင့် (၃) မဲဆန္ဒရှင်တို့ဟူ၍ သုံးပွင့်ဆိုင်ကာ မြန်မာ့နိုင်ငံရေးကို ပုံလောင်းမည်။ ဤသို့ ပုံလောင်းရန်အလို့ငှာ သုံးဦးသုံးဖလှယ်စလုံး၌ နိုင်ငံရေးဦးနှောက် (Political Brains) တို့ ရှိကြရမည်။ ရှိလည်း ရှိကြသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့က ဤနိုင်ငံရေးဦးနှောက်ထဲတွင် အကြောင်းအကျိုး သုံးသပ်သော ဆင်ခြင်တုံတရား Reason နှင့် စိတ်ခံစားမှု (ဖီလင်အီမိုးရှင်း) Emotion တို့ အားပြိုင်ပုံကို စစ်တမ်းထုတ်ကြည့်သည်။

မြန်မာ့နိုင်ငံရေးဝေါဟာရတို့ထဲတွင် "၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ" တို့ဆိုသော ဝေါဟာရတွေ အတော်လွှမ်းမိုးခဲ့သည်။ ဤအချက်က စပွန်စာ၊ နိုင်ငံရေးခေါင်းဆောင်နှင့် မဲဆန္ဒရှင်တို့သည် အစွဲအလမ်းတို့ဖြင့် အလုပ်လုပ်ခဲ့ကြောင်း ပေါ်လွင်သည်။ ဤနေရာတွင် လေ့လာဆင်ခြင်ကြည့်စရာ ပုစ္ဆာတစ်ပုဒ်ပေါ်သည်။ ဆိုခဲ့ပါ ပလေယာတို့၏ နိုင်ငံရေးဦးနှောက်ထဲတွင် ဆင်ခြင်တုံတရားက လွှမ်းမိုးသလား၊ သို့တည်းမဟုတ် အီမိုးရှင်းက လွှမ်းမိုးသလားဟူ၍ မေးခွန်းထုတ်သည်။

ပေါ်လစီရေးရာ၌ပင်
ဝါဒနှင့်ပေါ်လစီတို့ကို အဓိကအခြေစိုက်၍ နိုင်ငံရေးလုပ်ကြလျှင် ဆင်ခြင်တုံတရားဖြင့် နိုင်ငံရေးလုပ်သည်ဟု သမားရိုးကျ အတွေးအမြင်အရ သုံးသပ်နိုင်သည်။ ယခုအချက်ကိုပင် စိန်ခေါ်ကြည့်သည်။ နိုင်ငံရေးသမားတို့က ၀ါဒနှင့်ပေါ်လစီတို့ကို ရွေးချယ်ရာ၌ ကျိုးကြောင်းဆင်ခြင်ပြီး ရွေးခြင်းမျိုးရှိစေကာမူ ဤရွေးချယ်မှု၌ အိမ်နီးချင်းက အတော်သြဇာလွှမ်းမိုးသည်။ ပေါ်လစီမူဝါဒတို့ ချမှတ်ရာ၌ ဆင်ခြင်တုံတရားဖြင့်သာ ရွေးချယ်ချမှတ်သည်မဟုတ်။ အီမိုးရှင်းဖြင့်လည်း ရွေးချယ်သတ်မှတ်သည်ဟု ဆန်စစ်ပြလာသည်။

ဆိုလိုရင်းအာဘော်မှာ နိုင်ငံရေးသည် အီမိုးရှင်းလွှမ်းမိုးသောအလုပ် ဖြစ်သည်။ ဤသို့ လွှမ်းမိုးရသည်မှာ လူတို့သည် အီမိုးရှင်းကို ပို၍ ရောင်ပြန်ဟပ်လေ့ရှိသောကြောင့် ဖြစ်သည်။

အမုန်းဇာတ်လမ်း
ခပ်ရဲရဲပြောရဲသော နိုင်ငံရေးသိပ္ပံပညာရှင်က နိုင်ငံရေးသည် မေတ္တာဇာတ်လမ်းထက် အမုန်းဇာတ်လမ်း ဖြစ်တတ်၍ ပိုပြီး အီမိုးရှင်းဆန်သည်ဟု ထောက်ပြသည်။ လူတို့တွင် နိုင်ငံရေးဦးနှောက်ရှိသည်။ ဤနိုင်ငံရေးဦးနှောက်ထဲတွင် အီမိုးရှင်းက မွေးရာပါ ပါပြီးဖြစ်သည်။ ထို့ကြောင့် ပေါ်လစီနှင့် ၀ါဒတို့ကို ရွေးချယ်ရာ၌ဖြစ်စေ၊ အကောင်အထည်ဖော်ရာ၌ဖြစ်စေ ဆင်ခြင်တုံတရားထက် အီမိုးရှင်းက ပိုပြီး သြဇာလွှမ်းမိုးနေတတ်သည်။

ယခုနိုင်ငံရေးကို ဘာသာရေး၊ လူမျိုးရေးတို့ကို အခြေခံ၍ ခွဲခြားကြည့်ခြင်းကို လျှော့ပေါ့လာသည်။ လူတန်းစားကို အခြေခံ၍ ခွဲကြည့်ခြင်းကိုလည်း လျှော့ပေါ့လာသည်။ လူမျိုးရေး၊ ဘာသာရေးနှင့် လူတန်းစားတို့အစား လူ့ထိပ်လွှာ (အီလစ်)နှင့် အောက်ခြေ (ပေါ်ပြူလစ်) တို့ဆိုပြီး ခွဲခြားကြည့်လာသည်။ လူ့အဖွဲ့အစည်းသည် ထိပ်လွှာ (အီလစ်)နှင့် အောက်ခြေ (ပေါ်ပြူလစ်) တို့ဖြင့် ဖွဲ့စည်းထားသည်ဟု အကြမ်းဖျင်းနားလည်ကြသည်။ ဤအခြေခံဖြင့်ပင် နိုင်ငံရေးကို သုံသပ်သည်။

တံဆိပ်စုံ
ထို့ကြောင့်လည်း ပေါ်လစီဝါဒရေးရာတို့ တံဆိပ်ခတ်လျှင် အီလစ်ဝါဒ Elitism နှင့် ပေါ်ပြူလာဝါဒ (Populism) လို့ဆိုပြီး မျက်နှာစာ နှစ်ဖက်ကိုသာကြည့်သော သုံးသပ်နည်းပေါ်လာသည်။ ဤသုံးသပ်နည်းပေါ်သလို နိုင်ငံရေးအယူဝါဒတို့ကို (၁) ကွန်ဆာဗေးတစ်၊ (၂) လစ်ဘရယ်နှင့် (၃) ဆိုရှယ်လစ်တို့ဟုဆိုပြီးလည်း ဂိုဏ်းခွဲပြောလာကြသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီးကာလတို့တွင် နိုင်ငံရေးတံဆိပ်တပ်သည့် မည်သည့်ပုံစံဖြင့် ပေါ်ထွန်းလာမည်နည်း။

(၁) ဘာသာရေးအခြေစိုက်၊ (၂) လူမျိုးရေးနှင့် ယဉ်ကျေးမှုအခြေစိုက်၊ (၃) လူတန်းစားအခြေစိုက်၊ (၄) နိုင်ငံရေးဝါဒနှင့် ပေါ်လစီအခြေစိုက်၊ (၅) အီလစ်နှင့် ပေါ်ပြူလစ်အခြေစိုက်၊ (၆) နိုင်ငံလုံးဆိုင်ရာအခြေစိုက်၊ (၇) ဒေသအခြေစိုက်၊ (၈) အမျိုးသမီးအခြေစိုက် စသည်ဖြင့် ပေါ်တီစုံပေါ်လာနိုင်သည်။ မည်သို့ပင်ဖြစ်စေ အမျိုးအစားလိုက်ပြီး သန်ရာသန်ရာ နိုင်ငံရေးဦးနှောက်တို့ ရှိကြမည်။ နိုင်ငံရေးကို သုံးသပ်သည်ထက် နိုင်ငံရေးဦးနှောက်ကို သုံးသပ်သည့် အကြောင်းအရာသစ်တစ်မျိုး ရေးပန်းစားလာသည်။

အညွှန်း - The Political Brain by Drew Westen

(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၆ အမှတ် ၆ နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics