Tuesday, February 09, 2010

ဗြိတိသျှခေတ် (၃)


ယခင်ပို့စ်အဟောင်းများကို ဦးစွာပြန်ဖတ်မှ လိပ်ပတ်လည်ပါလိမ့်မည်။
ဗြိတိသျှခေတ် (၁)
ဗြိတိသျှခေတ် (၂)

မြန်မာအမျိုးသားတို့မှာ အမျိုးသားစိတ် တစ်ဟုတ်တည်း နိုးကြွလာလေရာ လုံးဝလွတ်လပ်ရေး ဟုမ်းမရူးကို လိုချင်သူများလည်းရှိ၍ အချို့ကမူ အုပ်ချုပ်မှုအခွင့်အရေး တစ်စတစ်စ တိုးပေးသည်ကို လက်ခံရင်း တစ်ဆင့်ထက်တစ်ဆင့် တိုက်ပွဲဝင်ရန် ဆန္ဒရှိကြလေသည်။ ဤနည်းအားဖြင့် အင်္ဂလိပ်အစိုးရက ထိုးပေးသော ဒိုင်အာခီကို လက်ခံလိုသူနှင့် ဟုမ်းမရူးကို အရယူလိုသူတို့ စိတ်ဝမ်းကွဲပြားကြလေသည်။ ဒိုင်အာခီ အုပ်ချုပ်ရေးတွင် တိုင်းပြည်မှ ရွေးကောက်သော အမတ် ၇၉ ဦး၊ ဘုရင်ခံခန့် အမှတ် ၂၂ ဦး၊ ၀န်ကြီး ၂ ဦး၊ စုစုပေါင်း ၁၀၃ ဦး ပါဝင်သော ဥပဒေပြုလွှတ်တော် ဖွဲ့စည်းရလေသည်။ ထိုလွှတ်တော်အထက်တွင် ဘုရင်ခံခန့် ၀န်ကြီး ၂ ဦးနှင့် ပြည်သူ့ကိုယ်စားလှယ် အမတ်ထဲမှ ရွေးချယ်သော ၀န်ကြီး ၂ ဦး ပါဝင်သော ၀န်ကြီးအဖွဲ့ ရှိလေသည်။ သို့ရာတွင် ပြည်ထဲရေးနှင့် ဘဏ္ဍာရေးကို ဘုရင်ခံခန့် ၀န်ကြီးများက ချုပ်ကိုင်၍ နိုင်ငံသားဝန်ကြီးနှစ်ဦးမှာ ပညာရေးနှင့် သစ်တောရေးကိုသာ ကိုင်တွယ်ရလေသည်။

ထို့ကြောင့် ဒိုင်အာခီကို လက်ခံသူများမှာ ရွေးကောက်ပွဲဝင်၍ လခငါးထောင်စားအမတ် ဖြစ်ခွင့်ရှိလာသည်ဖြစ်ရာ ထိုအခွင့်အရေးကိုမျှော်၍ ဒိုင်အာခီကို လက်ခံခြင်းဖြစ်သည်ဟု ဟုမ်းမရူး လိုလားသူများက စွပ်စွဲလေသည်။ မည်သို့ပင်ဖြစ်စေ လစာနှင့် ရာထူးသည် အမျိုးသားစည်းလုံးရေးကို နှောင့်ယှက်ခဲ့သည်သာဖြစ်၍ နိုးကြားသော မြန်မာတို့ ဂိုဏ်းကွဲကြရလေသည်။

ထိုဟုမ်းမရူးနှင့် ဒိုင်အာခီ အငြင်းပွားမှုနှင့် ဂိုဏ်းကွဲမှုတွင်သာ မရပ်တည်ကြသေးဘဲ ဆက်လက်၍ နိုင်ငံရေးဂိုဏ်းကွဲမှုများ ပေါ်ပေါက်ရပြန်ပေသေးသည်။ ၁၂၉၀ ပြည့်နှစ်တွင် အိန္ဒိယ ဒိုင်အာခီအုပ်ချုပ်နည်းကို ၁၀ နှစ် စမ်းသပ်၍ အောင်မြင်သည်၊ မအောင်မြင်သည်၊ နောင်တွင် မည်သို့ တိုးပေးသင့်သည်များကို စုံးစမ်းရန် ဆာဂျွန်ဆိုင်မွန် ခေါင်းဆောင်သော ကော်မရှင်အဖွဲ့တစ်ဖွဲ့ စေလွှတ်လေသည်။ ထိုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အမတ် ၇ ဦးပါဝင်သော မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကိုလည်း လွှတ်တော်က ဖွဲ့စည်းလေသည်။ ဟုမ်းမရူးကိုရမှ လက်ခံမည်ဆိုသော အမျိုးသားတို့ကမူ ကော်မရှင်အဖွဲ့၏ စုံစမ်းမေးမြန်းမှုကို မခံဘဲ သပိတ်မှောက်ကြလေသည်။ ထို့အဖွဲ့နှစ်ဖွဲ့လုံးက အစီရင်ခံရာတွင် မြန်မာနိုင်ငံကို အိန္ဒိယနယ်ပယ်အဖြစ်မှ ခွဲထုတ်၍ သီးခြားအုပ်ချုပ်ရန် အကြံပေးချက် ပါရှိလေသည်။

(ဆက်လက်ဖော်ပြပေးပါမည်)

No comments:

Post a Comment

 
Web Statistics