Monday, February 08, 2010

စနစ်၏ သားကောင်များ - တင်ညွန့်


ပြည်သူအပေါ် မည်သို့လက်တွေ့ကျကျ အုပ်ချုပ်ရမည်နည်းဆိုသည်မှာ အစိုးရ၏ပြဿနာဖြစ်သည်။ အာဏာကို လက်ကိုင်ထားချင်သူများအနေဖြင့် ပြည်သူအပေါ်တွင် ဘက်ပေါင်းစုံဖြင့် ချဉ်းကပ်နည်းကို ကျင့်သုံးကြရမည်သာဖြစ်သည်။ ကွန်မြူနစ်စနစ်၊ ဖက်ဆစ်စနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ် စသည်ဖြင့် အမျိုးမျိုးခေါင်းစဉ်တပ်ကာ အုပ်ချုပ်ခဲ့ကြသောကြောင့် လက်ချိုးရေတွက်၍ ရနိုင်သည့်အဆင့်တွင်သာ ရှိနေသေးသည်။

အစိုးရတစ်ရပ်ကို ဖွဲ့စည်းခြင်းဆိုသည်မှာ ပြည်သူကို ထိန်းချုပ်ရန် သို့မဟုတ် အုပ်ချုပ်ရန်သာဖြစ်သည်။ အစိုးရနှင့်ပတ်သက်၍ ဖွင့်ဆိုချက်များကို လေ့လာကြည့်လျှင် "လူ့ဘောင်အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတော်အား နိုင်ငံရေးအရ အုပ်ချုပ်ရန်၊ လမ်းညွှန်ရန်နှင့် ထိန်းချုပ်ရန်အတွက် စွမ်းဆောင်ပေးသူများ" ဆိုသည့်သဘော သက်ရောက်နေကြောင်း တွေ့ရသည်။ တစ်နည်းအားဖြင့် အစိုးရဆိုသည်မှာ "အုပ်ချုပ်မှုစနစ်" ဟူ၍ အထိရောက်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။

ခေတ်အဆက်ဆက် အစိုးရအမျိုးမျိုး မည်မျှပြောင်းလဲသည်ဆိုစေ အသွင်သဏ္ဌာန်သာ ပြောင်းလဲသွားခြင်းဖြစ်ပြီး အနှစ်သာရသဘောမှာ အတူတူချည်းသာဖြစ်သည်။ အစိုးရဆိုသည်မှာ ပြည်သူကို ထိန်းချုပ်ရန် သို့မဟုတ် အုပ်ချုပ်ရန်သာ ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရသည် အကြွင်းမဲ့အာဏာကို ကျင့်သုံးကောင်းကျင့်သုံးကြမည်သာ ဖြစ်သည်။ အစိုးရကို မည်သူမျှ အာဏာနှင့်အုပ်ချုပ်ပိုင်ခွင့်မရှိဟူ၍ တားဆီးပိုင်ခွင့်လည်းမရှိပေ။ အစိုးရကလည်း အာဏာဖြင့် မအုပ်မချုပ်ပါဟူ၍ သမိုင်းစဉ်တွင် တာဝန်မခံခဲ့ပေ။ လူတစ်ဦးတစ်ယောက်အာဏာ သို့မဟုတ် လူတစ်စုအာဏာများဖြင့်သာ ပြည်သူကို အုပ်ချုပ်ခဲ့ကြပြီး အာဏာကို မျှတစွာကျင့်သုံးသလော၊ အစွမ်းကုန် အကြွင်းမဲ့ ကျင့်သုံးသလောဆိုပြီး အစိုးရအပေါ်တွင် တိုင်းတာလေ့ရှိကြသည်။

ဤသို့ဆိုလျှင် ဒီမိုကရေစီဆိုသည်မှာ ဘာဖြစ်သွားပြီနည်း။ ပြည်သူ့ဆန္ဒအရအုပ်ချုပ်မည့် ပြည်သူ့အစိုးရ မရှိတော့ပြီလော။ ဒီမိုကရေစီကို တိုင်းတာရန်မှာ ဒီမိုကရေစီဖြင့် မလုပ်ဖြစ် မဖြစ်နှင့် မည်သူ့အတွက် ဒီမိုကရေစီဖြစ်သည်ကို သုံးသပ်ကြည့်ကြရန်သာဖြစ်သည်။

လူဆိုသည်မှာ အစစ်အမှန် လွတ်လပ်သည်ဆိုလျှင် မလုပ်ချင်သည်ကို အတင်းအဓမ္မလုပ်ရန် မည်သူမျှ အတင်းအကျပ် ခိုင်းစေခွင့်မရှိ။ အစိုးရသည် ပြည်သူကို ကိုယ်စားပြုသည်မှန်လျှင် အစိုးရဆိုသည်မှာ ပြည်သူကို အမိန့်ပေးစေခိုင်းရန်မဟုတ်၊ ပြည်သူကသာ အစိုးရကို အမိန့်ပေးစေခိုင်းရန် ဖြစ်သည်။ သို့သော် လက်တွေ့ဘ၀တွင် ပြောင်းပြန်ဖြစ်နေသည်။ ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်ခြင်းနှင့် ဘာမျှမဆိုင်သယောင် လှည့်စားဖြားယောင်း သိမ်းသွင်းခြင်းခံနေရသည်။

လူ့သဘာဝအရ လူဆိုသည်မှာ အစိုးရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကြွင်းမဲ့ လွတ်လပ်သူများဖြစ်ကြသည်။ သို့သော် ညီမျှမှု၊ မညီမျှမှု၊ တရားလက်လွတ်ပြုကျင့်မှုများကြောင့် ထိန်းချုပ်ရန် အစိုးရကို ဖော်ဆောင်လာကြရာမှ လွတ်လပ်မှုလည်း လူသားတွင် ဆုံးရှုံးလာရတော့သည်။ အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့လူကို ဖျက်ဆီးတတ်သဖြင့် အကြွင်းမဲ့အာဏာအပေါ် လူတို့ကြောက်ရွံ့စိုးရိမ်လာကြသည်။ သို့သော် အကြွင်းမဲ့အာဏာဖြင့်သာ လူတို့ ရင်းနှီးယဉ်ပါးနေကြရသည်။ အစိုးရဆိုသည်မှာ အကြွင်းမဲ့အာဏာဖြင့် အုပ်ချုပ်မည်လော၊ ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်မည်လောဟူ၍ ရွေးစရာနှစ်ခုသာရှိသည့် အနေအထားသို့ ရောက်လာသည်။ နောက်ဆုံး ဒီမိုကရေစီကို ရှေ့တန်းတင်လိုက်ခြင်းသာလျှင် အဖြေဟု ရွေးချယ်သည်ဆိုစေ စနစ်တစ်ခု၏အောက်တွင် ပြည်သူသည် လွတ်လပ်မှုပျောက်ကာ စိုးမိုးအုပ်ချုပ်မှုပုံစံ တစ်ခုအတွင်းသို့ သက်ဆင်းကြရသည်သာဖြစ်သည်။

ဒီမိုကရေစီအတွက် အခြာသော မက်လုံးတစ်ခုက "အများစုအုပ်ချုပ်ရေး" (Majority Rule) ဖြစ်သည်။ လူများစုအုပ်ချုပ်ရေးကို ကိုယ်ကျင့်တရား (Morality)၊ ယုတ္တိနည်းကျ (Logic) နှင့် လက်တွေ့ (reality) စံတို့ဖြင့် တိုင်းတာကြသည်။

လူသားကို လူသားကအုပ်ချုပ်ခြင်းသည် အတိုင်းအတာမဲ့လော၊ အတိုင်းအတာဖြင့်လော။ အုပ်ချုပ်ပိုင်ခွင့်ကို မည်သူက အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိသနည်းဆိုသည်မှာ နှစ်ပေါင်းများစွာ လူသားတို့ရင်ဆိုင်လာကြရသည့် ပြဿနာဖြစ်သည်။ လူသားသည် လူနည်းစု (minority) လက်ထဲတွင် အာဏာကို ထိန်းချုပ်ထားမှုကို မနှစ်သက်ကြပေ။ လူနည်းစု စိုးမိုးခြယ်လှယ်မှုကိုလည်း တရားနည်းလမ်းမကျ၊ တရားမမျှတဟူ၍သာ လက်ခံလေ့ရှိကြသည်။

ပြည်သူ၏ ခွင့်ပြုချက်အရ (by consent of the people) အုပ်ချုပ်ခွင့်ရသည့် အစိုးရဆိုသည်မှာ အတိုင်းအတာ ပမာဏတစ်ခုအတွင်းသာ ဖြစ်သည်။ ပြည်သူကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှသာ အုပ်ချုပ်ကြရန်ဖြစ်သည်။ ပြည်သူကို အုပ်ချုပ်ရန်ဥပဒေဆိုသည်မှာလည်း အမှန်တကယ် ပြည်သူကိုယ်တိုင် သဘောတူပြဋ္ဌာန်းထားကြသည့် ဥပဒေအတိုင်းသာ ဖြစ်ရမည်။ "လူများစုက အုပ်ချုပ်စိုးမိုးထိုက်သူများဟု သတ်မှတ်သည့်အစိုးရသာလျှင် ဒီမိုကရေစီအစိုးရ" ဟူ၍ Jim Davidson က ဖွင့်ဆိုထားပါသည်။

အာဏာဖြင့် ချုပ်ကိုင်လိုသူတို့သည် အာဏာစက်ကို မဖြန့်ကြက်နိုင်၊ ဖြန့်ကြက်ရမည်ကိုလည်း စိုးရိမ်သောကြောင့် Minority ကို လက်ကိုင်ထားကာ အုပ်ချုပ်ကြသည်။ ဒီမိုကရေစီသည် ပြည်သူက၊ ပြည်သူ့အတွက်၊ ပြည်သူဖြင့် အုပ်ချုပ်ခြင်း Majority ကို တောင်းဆိုသည်။ သို့သော် ထိုစနစ်နှစ်ရပ်စလုံးတွင် "အစိုးရ" ဖြင့်သာ အုပ်ချုပ်ကြရသည်။ လူတစ်ဦး၊ လူတစ်စု၊ လူထု မည်သို့ပင် ပြောင်းလဲခေါ်ဝေါ်သည်ဆိုစေ ပြည်သူသည် ထိုသူအားလုံးတို့ သတ်မှတ်သည့် စနစ်၏ သားကောင်များသာ ဖြစ်ကြရပြီး လူသား၏ အစစ်အမှတ်လွတ်လပ်မှုများ ဆုံးရှုံးပျောက်ကွယ်ကြရသည်သာ ဖြစ်သည်။

လူများစုအုပ်ချုပ်ရေးကို ယုတ္တိနည်းကျ ပိုင်းဖြတ်ရန်မှာ "ကောင်းမြတ်ခြင်း" (Good) ဖြစ်သည်။ လူများတိုင်း၊ အများစုသဘော တူညီမှုကိုရတိုင်း ကောင်းသလားဆိုသည့် မေးခွန်းကို ရင်ဆိုင်ကြရသည်။ "များတိုင်းကောင်း" သဘောတရားသည် ပြတ်သားတိကျမှု ရှိသည်ဟု မဆိုနိုင်ပေ။ လူတစ်ဦးနှင့်တစ်ဦး အခြေအနေ၊ ဆန္ဒ၊ အကျင့်စရိုက်၊ စိတ်နေစိတ်ထားလည်း တူညီကြသည်မဟုတ်ပေ။ နိုင်ငံရေးစနစ် သို့မဟုတ် ၀ါဒသဘောတရားတစ်ခုသည် "က" အတွက် စိတ်ကြိုက်ဖြစ်နိုင်သော်လည်း "ခ" နှင့် "ဂ" အတွက် စိတ်ကြိုက်ဖြစ်ချင်မှ ဖြစ်နိုင်လိမ့်မည်။ "က" အတွက် (Good) သည် "ခ" အတွက် (Bad) ဖြစ်ချင်ဖြစ်နေတတ်သည်။ သို့ဖြစ်ရာ "များတိုင်းကောင်း" သဘောတရားသည် ပြည်သူအားလုံးအတွက် မျှတသည့်အဖြေတစ်ခု ဖြစ်နိုင်ပါသလောဟူ၍ ပြန်လည်ဆန်းစစ်သင့်သည်။

လက်တွေ့ဘ၀တွင် လူများစုဆိုတိုင်း အုပ်ချုပ်ခွင့်ရှိပြီး လူနည်းစုက လူများစုကို အရှုံးပေးနေကြရသည်သာ ဖြစ်သည်။ တစ်ခါတစ်ရံ လူများစုချင်းဖြစ်သော်လည်း ဒီမိုကရေစီက ကြားခံလိုက်သဖြင့် မတိမ်းမယိမ်း ကွာဟချက်လေးဖြင့်လည်း အများစုသဘော သက်ရောက်ပြီး အသာရ အနိုင်ယူသွားတတ်သည်။ ရွေးကောက်ပွဲတိုင်း ပြည်သူတိုင်းကို ကိုယ်စားမပြုနိုင်ပေ။ ပြည်သူထက်ဝက်ခန့် မဲပေးပိုင်ခွင့်ရှိသည်ဆိုစေ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးကြသည်မဟုတ်ပေ။ မဲမပေးကြသူများ၊ မထောက်ခံကြသူများ၊ စိတ်မ၀င်စားသူများ၊ ပါဝင်ပတ်သက်ခြင်း မရှိလိုသူများလည်း သူတို့ကိုယ်ပိုင်ဆန္ဒ အခွင့်အရေးများ ရှိကြသည်သာ ဖြစ်သည်။ လူ ၁၀၀ တွင် မဲပေးပိုင်ခွင့်ရှိသည့်သူ ၃၀၊ လာရောက်မဲပေးသူ ၂၀၊ ထို ၂၀ တွင် ၁၁ မဲဖြင့် အနိုင်ရသူကို Majority ဟု သတ်မှတ်ပြီး ကျန် ၉ ဦးနှင့် မဲလာမပေးသူ ၁၀ ဦး၏ အခွင့်အရေးကို Minority ဟု သတ်မှတ်ကာ လျစ်လျူရှုခြင်းသည် တရားမျှတမှု ရှိနိုင်ပါသလော။ မဲပေးခွင့်မရသည့် လူပေါင်း ၇၀ ၏ အခွင့်အရေးအတွက် မည်သို့ စဉ်းစားကြမည်နည်း။ လူ ၁၀၀ တွင် ၈၉ ဦး၏ အခွင့်အရေးကို လျစ်လျူရှုကာ လူ ၁၁ ဦးဆန္ဒဖြင့် အုပ်ချုပ်မည့် အစိုးရကို ပြည်သူ့ဆန္ဒအရ အုပ်ချုပ်သောအစိုးရ "ပြည်သူ့အစိုးရ" ဟု ကြေညာလျှင် ပြည်သူကို မျက်နှာပြောင်တိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဒီမိုကရေစီတွင် အများ၏ ထောက်ခံမှုအရ (Mandate of the people) ဆိုသည့်စကားကို တွင်ကျယ်စွာ အသုံးပြုလေ့ရှိကြသည်။ ထို Mandate ဆိုသည်မှာလည်း လူတစ်စု Mandate လား၊ ပြည်သူလူထု အားလုံးအတွက် Mandate လားဟူ၍ ပြန်မေးစရာရှိသည်။ အုပ်စုလေးတစ်စု၏ Mandate ဖြင့် တက်လာသည့်အစိုးရကို ပြည်သူတို့က လုပ်ချင်ရာလုပ်ခွင့် ပေးလိုက်ရခြင်းသည် မျှတမှုရှိနိုင်ပါမည်လော။

လူများစုအုပ်ချုပ်ရေးသည် လူအများက ရွေးချယ်ခြင်း (The people have chosen) ကြောင့်ဟူ၍ စောဒကတက်စရာ ရှိသည်။ ရွေးကောက်ပွဲဆိုသည်မှာ ခေတ်သစ်တွင် တစ်ဦးတစ်ယောက်တည်းကို ထောက်ခံရွေးကောက်ကြရသည့် ခေတ်မဟုတ်တော့။ အနည်းဆုံး ပြိုင်ဘက်တစ်ယောက်တော့ ပါဝင်လာကြရသည်သာဖြစ်သည်။ ကိုယ့်ပါတီအတွင်းမှ ကိုယ့်ပါတီကြိုက်ခေါင်းဆောင်ကို ကွက်ကွက်လေး ပြည်သူ့လက်အတွင်းသို့ အပ်ကြရခြင်းသာ ဖြစ်သည်။ ထိုအုပ်စုခေါင်းဆောင်များက ပြည်သူအားလုံးကို ကိုယ်စားပြုကာ ပြည်သူနှင့်တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရပြီး နိုင်ငံ့ခေါင်းဆောင် ဖြစ်လာလျှင်လည်း "ငါသည် ပြည်သူအားလုံးကို အမှန်တကယ် ကိုယ်စားပြုသလား" ဆိုသည့် မေးခွန်းကို လိပ်ပြာသန့်သန့်ဖြင့် မိမိကိုယ်မိမိ ပြန်မေးကြည့်ကြရန်သာ ဖြစ်သည်။

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics