အားကြီးမုန်းတယ်
ဂျူးလူငယ်သည် တက္ကသိုလ်သို့ ၀င်ခွင့်ရပြီးနောက် အိမ်သို့ ပြန်လာသည်။ အဖေဖြစ်သူကို ပြောသည်။
"အဖေ… ဒီနေ့ တက္ကသိုလ်မှာ ပုံစံစာရွက်တွေကို ဖြည့်ခိုင်းတယ်။ "လူမျိုး" ဆိုတဲ့နေရာမှာ ကျွန်တော် ရုရှားလို့ ဖြည့်လိုက်တယ်။ ကျွန်တော်တို့ ဂျူးတွေကို ဘယ်လိုဆက်ဆံတယ်ဆိုတာ အဖေသိသားပဲ။ ကျွန်တော့်ကို အဖေစိတ်မဆိုးပါဘူးနော်"
"စိတ်မဆိုးပါဘူး သားရယ်။ အေး… ဒါပေမယ့် ကျောင်းသွားရင်တော့ တခြားဂျူးတွေလို ကိုယ်ပိုင်ကားနဲ့ မသွားရဘူး။ ရုရှားတွေလို ဓာတ်ရထားနဲ့ သွားရမယ့်ကွဲ့"
"ကောင်းပါပြီ…. အဖေ"
အဖေနဲ့ စကားပြောပြီးနောက် အမေရှိရာဘက် ရောက်လာကာ ပြောသည်။
"ဒီနေ့ တက္ကသိုလ်မှာ… ပုံစံစာရွက်ကို ဖြည့်ခိုင်းတယ်။ "လူမျိုး" ဆိုတဲ့နေရာမှာ ကျွန်တော်…. ရုရှားလို့ ဖြည့်လိုက်တယ်။ ကျွန်တော်တို့ဂျူးတွေကို ဘယ်လို သဘောထားကြတယ်ဆိုတာ အမေသိသားပဲ။ ကျွန်တော့်ကို စိတ်မဆိုးပါဘူးနော်"
"သားကို အမေ ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ။ စိတ်မဆိုးပါဘူးကွယ်။ အေး… ဒါပေမယ့် မိသားစု ၀ိုင်းထားပြီး စားသောက်ကြတဲ့အခါမှာ သားဟာ… ရုရှားတွေလို အာလူးနဲ့ သခွါးချဉ်ပဲ စားရမယ်။ မေမေတို့ ဂျူးတွေလို… ၀က်ပေါင်ခြောက်၊ ကြက်ကြော် စသည်တို့ကို မစားရတော့ဘူးနော်"
"ကောင်းပါပြီ… မေမေ"
မိသားစု ညနေစာထိုင်စားကြသည်။ အဖေနှင့်အမေဖြစ်သူတို့ အသားတုံးကြီးတွေကို မြိန်ရေရှက်ရေ ကိုက်သည်။ ဈေးကြီးငါးကို အားပါးတရ စားသည်။ သားဖြစ်သူမူ အာလူးနှင့် သခွားချဉ်ကိုပဲ မျက်စိမှိတ်ပြီး ကျိတ်ရသည်။
စားပြီးသည်နှင့် တက္ကသိုလ်ကျောင်းသား ထိုင်နေရာက ထသည်။ ထို့နောက် မိဘများကို အံကြိတ်ပြီး… ပြောသည်။
"ကျွန်တော် ရုရှားဖြစ်တာ… တစ်ရက်ပဲ ရှိသေးတယ်။ ဒီတစ်ရက်ထဲနဲ့ပဲ ခင်ဗျားတို့ ဂျူးတွေကို ကျုပ်… မုန်းသွားပြီဗျ။ သိလား… အားကြီးမုန်းသွားပြီ"
မြန်မြန်ခုန်ပါ
မိမိကိုယ်မိမိ သတ်သေရန် ဆုံးဖြတ်ထားပုံရသည့် လူတစ်ယောက် မိုးပျံတိုက်၏ ခေါင်းမိုးပေါ်မှ ခုန်ချရန် ပြင်နေသည်။
အောက်မှ လူအုပ်သည် အပေါ်သို့ စိုးရိမ်စွာ မော့ကြည့်နေကြသည်။
မိန်းမတစ်ယောက်က ဘေးကလူကို ပြောသည်။
"ဘုရား… ဘုရား၊ နောက်ငါးမိနစ်အတွင်းသာ သူမခုန်ချရင်တော့ ကျွန်မ ရုံးနောက်ကျမှာ သေချာပြီ"
ကြားတာတော့ ကြားရပါရဲ့
ရထားမှောက်ရာတွင် နားရွက်နှစ်ဖက်လုံး ပြတ်သွားသော လူနာတစ်ယောက် ဆရာဝန်ထံရောက်လာပြီး ပြောသည်။
"ဒေါက်တာ… ကျွန်တော့်ကို နားရွက်အသစ် တပ်ပေးပါလား ခင်ဗျာ"
"ယောက်ျားနားရွက်မရှိဘူး…. မိန်းမနားရွက်ပဲ ရှိတယ်"
ဘာနားရွက်ပဲဖြစ်ဖြစ်၊ နားရွက်ရှိဖို့ အရေးကြီးတယ်လေ ဟုတွေးပြီး ယောက်ျားကြီး သဘောတူလိုက်သည်။
ရက်အနည်းငယ် ကြာသောအခါ ပြန်ရောက်လာပြီး နားရွက်ကို ပြန်ဖြတ်ပေးပါရန် တောင်းဆိုသည်။ ဆရာဝန်က မေးသည်။
"ဘာလဲ… ဘာမှ မကြားရလို့လား"
"အားလုံး ကြားရပါတယ်၊ ဒါပေမယ့် ဘာမှ နားမလည်ဘူး"
ပြောပဲပြောရက်တယ်
ဘတ်စ်ကားပေါ်သို့ အရက်မူးနေသူတစ်ယောက် တက်လာသည်။ မိခင်ဖြစ်သူ၏ ပေါင်ပေါ်တွင်ထိုင်နေသော ၂ နှစ်သားအရွယ်ခန့်ရှိ ကလေးကိုကြည့်ပြီး ဒီလောက်ရုပ်ဆိုးတဲ့ကလေးမျိုး မတွေ့ဖူးပါလားဟု ပြောချလိုက်သည်။ မိမိ၏သားလေးကို မဆီမဆိုင် သူစိမ်းတစ်ယောက်က ယခုကဲ့သို့ စော်ကားသဖြင့် အမျိုးသမီး ရှက်ပြီး ရှိုက်ကြီးတငင် ငိုသည်။ ကျန်ခရီးသည်များကလည်း ဒေါသထွက်ပြီး အရက်သမားကို ကားပေါ်က မောင်းချသည်။ ထို့နောက် အမျိုးသမီးကို ၀ိုင်းပြီး နှစ်သိမ့်ကြသည်။ အမျိုးသမီး အငိုမတိတ်။ ဒရိုင်ဘာလည်း မနေနိုင်တော့။ တစ်နေရာတွင် ကားကို ရပ်လိုက်ပြီး ကလေးအမေကို ဖျောင်းဖျသည်။
"တိတ်ပါဗျာ၊ ကိုင်း… ကျွန်တော် ရေတစ်ခွက် ယူလာခဲ့မယ်"
လမ်းဘေးအအေးဆိုင်မှ ရေတစ်ခွက်ယူလာပြီး ကလေးအမေကို ပေးသောက်သည်။ ရှိုက်သံရပ်သွားသည်ကို ကြည့်ပြီး ဆက်ပြောသည်။
"အဲဒီလိုမှပေါ့။ ကိုင်း… အခု ခင်ဗျားရဲ့ မျောက်ကလေးအတွက် ကျွန်တော် ငှက်ပျောသီး သွားယူလိုက်ဦးမယ်နော်"
စာနာစိတ်
စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်။
လူနာသုံးယောက် ခုတင်တစ်ခုတည်းတွင် ကျပ်ကျပ်တည်းတည်း အိပ်နေကြသည်။ ၎င်းတို့ထဲက တစ်ယောက်သည် မလှည့်သာ မလှုပ်သာသဖြင့် အိပ်မပျော်နိုင်။ ကြာသော် သည်းမခံနိုင်တော့သဖြင့် ခေါင်းအုံးကိုဆွဲကာ ကြမ်းပေါ်ဆင်းအိပ်သည်။ အိပ်ပျော်နေသော လူနာတစ်ယောက် မျက်လုံးပွင့်လာပြီး မိမိဘေးတွင် နေရာလွတ်သွားသည်ကို တွေ့သည်။ သို့နှင့် ကြမ်းပေါ်က လူနာကို လှမ်းပြောသည်။
"ဟေ့… နေရာချောင်သွားပြီ၊ လာ… တက်အိပ်လှည့်"
Monday, February 08, 2010
ပြုံးစေ၊ ရယ်စေ ဟာသအထွေထွေ
(မောင်ကောင်းထိုက် ၏ လက်ရွေးစင်ဟာသပဒေသာ အမှတ် ၁၉ မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment