Television and Politics ရုပ်သံနှင့် နိုင်ငံရေး
ဘီဘီစီသည် ၁၉၃၆ တွင် လန်ဒန်ဒေသတစ်ဝိုက်အတွက် ရုပ်မြင်သံကြား စတင်လွှင့်ထုတ်ခဲ့သည်။ အလက်ဇန်ဒရာနန်းတော်မှ ၂ နိုဝင်ဘာတွင် စတင်လွှင့်ထုတ်ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ တယ်လီဗေးရှင်းခေါ် ရုပ်မြင်သံကြားတို့သည် လူတို့၏ ဘ၀များအပေါ် တစ်စတစ်စလွှမ်းမိုးလာခဲ့ရာ နိုင်ငံရေးဘ၀များသည်လည်း ရုပ်သံနှင့် ဆက်စပ်လာခဲ့သည်။ နိုင်ငံရေးသမားများသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသကဲ့သို့ ဖြစ်လာသည်။ ဟာရိုးလ်မက်က မီလန်(ဗြိတိသျှဝန်ကြီးချုပ် ၁၉၅၇-၆၃)၊ ချားလ်ဒီဂေါ (ပြင်သစ်သမ္မတ ၁၉၅၈-၆၈) နှင့် ဂျွန်အက်ဖ်ကနေဒီ (အမေရိကန်သမ္မတ ၁၉၆၀-၆၃) တို့သည် ရုပ်မြင်သံကြားခေတ်၏ အကျိုးထူးကို ခံစားခဲ့ရသူများဖြစ်သည်ဟု မှတ်တမ်းတင်ခံခဲ့ရသည်။ ၁၉၆၀ သမ္မတရွေးကောက်ပွဲတွင် ကနေဒီသည် နစ်ဆင်ကို မဲအနည်းငယ်မျှအသာဖြင့် အနိုင်ရခဲ့ခြင်းမှာ ရုပ်သံတွင် နှစ်ဦးသားယှဉ်၍ စကားပြောကြရာ၌ ကနေဒီ၏ရုပ်သွင်သဏ္ဌာန်က နစ်ဆင်ထက် သာလွန်ဆွဲဆောင်မှုရှိသည်ကို ပရိသတ်များ မြင်တွေ့သွားကြ၍ဖြစ်သည်ဟု အဆိုရှိသည်။ ရုပ်သံမီဒီယာသည် တစ်နှစ်ပြီးတစ်နှစ် တိုးတက်ဖွံ့ဖြိုးလာခဲ့ရာ ကမ္ဘာတစ်ခွင်မှ ဖြစ်ရပ်များကို မိမိအိမ်ထဲတွင်ထိုင်နေရင်း မျက်ဝါးထင်ထင် တွေ့လာကြရသည်။ ထိုအခါ နိုင်ငံရေးသည် အလွန်နယ်ကျဉ်းသွားသည်။ ပြည်သူအများကို လှည့်ဖြားရန်ခဲယဉ်းသော အနေအထားသို့ ဆိုက်ရောက်သွားသည်။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ မျှော်စင်ညီနောင်ကို အကြမ်းဖက်သမားတို့က လေယာဉ်ဖြင့် ၀င်တိုက်ဖြိုဖျက်ခဲ့ပုံကို နိုင်ငံတကာရှိ လူထုပရိသတ်များက ဖြစ်စဉ်ဖြစ်နေချိန်မှာပင် စောင့်ကြည့်နိုင်ခဲ့ကြသည်။
Sphere of Influence သြဇာနယ်ပယ်
SOI ဟူ၍လည်း အတိုကောက်ခေါ်ဝေါ်သည်။ နိုင်ငံတကာဆက်ဆံရေးတွင် နယ်မြေတစ်ခု သို့တည်းမဟုတ် ဒေသကြီးတစ်ခုအပေါ် နိုင်ငံတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ယဉ်ကျေးမှု၊ စီးပွားရေး၊ စစ်ရေး သို့မဟုတ် နိုင်ငံရေးအရ သြဇာလွှမ်းမိုးခြင်းကို ဆိုလိုသည်။ သြဇာခံနိုင်ငံသည် ဂြိုဟ်ရန်နိုင်ငံ (a satellite sate) သို့မဟုတ် လက်တွေ့သဘောအရ ကိုလိုနီတစ်ခု (de facto colony) အဖြစ်သို့ ရောက်ရှိသွားသည်။ သြဇာနယ်ပယ်ထူထောင်ခြင်းကို စူပါပါဝါခေါ် အင်အားလွန်နိုင်ငံများ၊ အင်အားကြီးနိုင်ငံများနှင့် အလယ်အလတ် အင်အားရှင်နိုင်ငံများက ပြုလုပ်ကြသည်။ ထင်ရှားသော ဥပမာတစ်ခုမှာ ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်အတွင်းတွင် ဂျပန်အစိုးရသည် ကိုရီးယား၊ မန်ချူးရီးယား၊ ဗီယက်နမ်နှင့် တရုပ်ပြည်နယ်မြေအချို့ကို ချုပ်ကိုင်ထားပြီး သြဇာခံနယ်ပယ်ကြီး ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင်မူ အင်အားကြီးနိုင်ငံများ စစ်အေးတိုက်ပွဲ ဆင်နွှဲကြရာ၌ သြဇာနယ်ပယ်များ ထူထောင်ခဲ့ကြရာ အမေရိကန်သည် အနောက်ကမ္ဘာခြမ်း (western hemisphere) တွင်လည်းကောင်း၊ ဆိုဗီယက်တို့သည် အရှေ့ဥရောပတွင်လည်းကောင်း သြဇာလွှမ်းခဲ့ကြသည်။
Monday, February 08, 2010
Television and Politics, Sphere of Influence - မောင်ဝံသ
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၆ အမှတ် ၅ နှင့် အတွဲ ၅ အမှတ် ၄၇ တို့တွင်ပါရှိသည့် ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန် မှ ပြန်လည်ထုတ်နုတ်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 10:31 AM
Labels 2010, Political, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment