Thursday, February 18, 2010

အင်တာနက် သို့မဟုတ် ပညာရတနာသိုက်ကြီး - ဒေါက်တာခင်မောင်ညို


Just as steel can be used to build hospiitals or machine gun or nuclear power can either energize a city or destroy it.

Hillary Clinton
သံမဏိကို ဆေးရုံဆောက်ဖို့ သုံးလို့ရသကဲ့သို့ စက်သေနတ်လုပ်ရန်အတွက်လည်း သုံးနိုင်သည်။ ထို့အတူ အဏုမြူစွမ်းအင်ကို မြို့တစ်မြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်သကဲ့သို့ ထိုမြို့ကို ဖျက်ဆီးပစ်၍လည်း ရသည်။
ဟီလာရီကလင်တန်

လူ၏ အရေးအကြီးဆုံးသော အစိတ်အပိုင်းသည် ဦးနှောက်ဖြစ်သည်။ သို့သော် ထိုဦးနှောက်သည် ထိုအတိုင်းသုံးလို့ မရပါ။ ဦးနှောက်ထဲသို့ တစ်စုံတစ်ခု ထည့်ရပေမည်။ ထိုတစ်စုံတစ်ခုသည် ဉာဏ်ပညာသာ ဖြစ်ရပေမည်။

ဦးနှောက်ထဲကိုထည့်သော အရာများသည် ပတ်ဝန်းကျင်မှ ရသည်။

ထို့ကြောင့် ဦးနှောက်ထဲကို ရောက်သောအရာများသည် ဉာဏ်ပညာသက်သက် ဖြစ်မလာတော့။

ဦးနှောက်ကိုယ်တိုင်က အမုန်းတရားတွေ၊ မနာလိုမှုတွေ၊ အညစ်အပတ်တွေကို သိမ်းဆည်းထားနိုင်ပါသည်။ ဦးနှောက်၏ ဆင်ခြင်တရားသည် အတ္တကြီးမားကာ ထူးထူးခြားခြား အဖျက်လုပ်ငန်းများကို ပြုလုပ်နိုင်သည်။

ဒီအတွက် ကျွန်တော်တို့၏ ကလေးများကို ကျောင်းသို့ပို့ကြသည်။ ရှေးအခါက ကျောင်းဆိုသည်မှာ ဘာသာရေးအဖွဲ့အစည်းတည်ရာ ဖြစ်သည်။ မင်းတုန်းမင်းကြီးသည် ငယ်စဉ်က ရွှေကျောင်းသို့ သွားရသလို ဂျော့ဘုရင်သည်လည်း ကင်းကောလိပ်သို့ သွားရသည်။ ထိုကျောင်းများသည် ဘာသာရေးဆိုင်ရာကျောင်းများသာ ဖြစ်သည်။

ကျောင်းနေပြီး အများစု လိမ္မာကြပါသည်။

ကျွန်တော်တို့ မြန်မာဘုရင်လက်ထက်က ဘုန်းတော်ကြီးကျောင်းတွေမှာ ပေစာတွေရှိသည်။ ပုရပိုက်တွေရှိသည်။ ၎င်းတို့ကို သိမ်းဆည်းထားရာဌာနကို စာတိုက်ဟု ခေါ်သည်။

အနောက်တိုင်းတွင် ဂူဒင်ဘာ့ခ်ျ၏ ပုံနှိပ်စက်တီထွင်ပြီးနောက်ပိုင်းတွင် စာအုပ်များ တွင်ကျယ်လာသည်။

၁၅ ရာစုတွင် တရုတ်နှင့် ဥရောပယဉ်ကျေးမှုကို ပြောရလျှင် တရုတ်ကပင် သာချင်သည်။ သို့သော် ပုံနှိပ်စက် ပေါ်ပေါက်ပြီးနောက် ဥရောပတိုးတက်မှုသည် တရုတ်နှင့် မယှဉ်သာအောင် မြင့်မားလာကြောင်း လေ့လာသူများက ဆိုထားကြသည်။

ကျွန်တော်ဆိုလိုသည်မှာ စာပေသည် အရေးပါသည်။

ကျွန်တော် ငယ်ငယ်က မော်လမြိုင်ကောလိပ်ကို တက်ရသည်။ ကျွန်တော်ဝါသနာပါသော သိပ္ပံဘာသာတွဲကို ယူသည်။ နားမလည်ပါ။ ထိုအတွက် ကျွန်တော် စာကြည့်တိုက်သို့ သွားသည်။ ထိုစာကြည့်တိုက်သည် ကျွန်တော်၏ ရတနာသိုက်ပင်ဖြစ်သွားသည်။ စာကြည့်တိုက်သွားပြီးနောက်ပိုင်း ကျွန်တော့်ဘ၀ သိသိသာသာ ပြောင်းလဲသွားခဲ့ပါသည်။

ကျွန်တော် တက္ကသိုလ်ဆရာ ဖြစ်လာသည်။ အင်္ဂလန်သို့ ပညာသင်သွားခွင့်ရသည်။ ပါရဂူဘွဲ့ရသည်။

ကျွန်တော် တောကလာသူ ဖြစ်သည်။ ငယ်စဉ်ကကျောင်းလည်း လွတ်လပ်ရေးရခါစ တောကျောင်းဖြစ်၍ အဆင့်မမီပါ။ ကျောင်းတွင် ကျောင်းအုပ်ကြီးကလွဲ၍ ဘွဲ့ရသူ ဆရာ၊ ဆရာမ တစ်ယောက်မှ မရှိပါ။

ကျွန်တော်တို့ကျောင်းမှာ ၁၀ တန်းအောင်သူ တစ်ခါတစ်ခါ နှစ်ယောက်သုံးယောက်ရှိပြီး တစ်ခါတစ်ခါ တစ်ယောက်မျှ မအောင်ပါ။ ကျွန်တော် ၁၀ တန်းအောင်သောနှစ်တွင် နှစ်ယောက်သာ အောင်ပါသည်။

ကျွန်တော် ကျောင်းကို အပြစ်တင်နေသည်မဟုတ်ပါ။ အခြေအနေကို တင်ပြနေသည်သာ ဖြစ်သည်။ ယနေ့ခေတ်တွင် တည်ရှိနေသော တော်ရုံတန်ရုံကျောင်းသည် ကျွန်တော်တို့ကျောင်းလောက် အခြေအနေမဆိုးနိုင်ပါ။

သို့သော် ကျွန်တော်သည် ပညာရေးကို အထွတ်အထိပ်ရောက်အောင် သွားနိုင်ခဲ့သည်မှာ စာကြည့်တိုက်ကြောင့်ပင် ဖြစ်သည်။

ကျွန်တော်တို့ ဉာဏ်ပညာရင့်သန်စေဖို့ စာအုပ်များက များစွာ အထောက်အကူပြုသည်ကို သက်သေပြခြင်းဖြစ်သည်။

တက္ကသိုလ်ဆိုသည်မှာ အဆောက်အဦး၊ ဆရာ၊ စာကြည့်တိုက်ဟူ၍ သုံးမျိုးသုံးစား ပါဝင်သည်ဟု သဘောပေါက်ခဲ့ပါသည်။

သို့သော် ၂၀ ရာစုနှောင်းပိုင်း ၂၁ ရာစု အ၀င်လေးတွေမှာ စာကြည့်တိုက်ပုံစံ ပြောင်းသွားလေသည်။

ကျွန်တော်တို့သည် သတင်းအချက်အလက် အများစုကို အင်တာနက်မှ ရသည်။ စွယ်စုံကျမ်းကြီးများသည် အင်တာနက်တွင် ရှိနေသည်။ အချို့သော ပညာရှင်များက စိတ်ပူသွားသည်။

သတင်းအချက်အလက် တော်လှန်ရေးခေတ်သည် အရှိန်အဟုန် အင်မတန်ကြီးမားသည်။ ထို့ကြောင့် အင်တာနက်ရှိသူနှင့် မရှိသူ (have and have-not) တို့အကြား ကွာဟမှုသည် များလာမည်ဟု ယူဆသောကြောင့် ဖြစ်သည်။

တကယ်တမ်းကွာဟမှုသည် သိသာထင်ရှားသော်လည်း လူတိုင်းလိုလို တစ်ဆင့်ခံသတင်းအချက်အလက်များ ရသည့်အတွက် ကွာဟမှု အင်မတန်နည်းပါးသည်ဟု ဆိုနိုင်ပေသည်။ ကျွန်တော့်ယူဆချက် မှားကောင်းမှားမည်။ သို့သော် တစ်ကမ္ဘာလုံး ခြုံကြည့်သည့်အခါ တိုးတက်လာမှုများကို တွေ့နေရသည်။

ကျွန်တော်တို့ရှေးခေတ်က ပေစာများကို ရေးကြသည်။ အချို့ပေစာ တစ်ဆူတည်းသာ ရှိသည်။ ကူးယူပွါးရသော်လည်း ဘုန်းကြီးကျောင်းအချို့တွင်သာ ထိုပေစာများ ရှိသည်။ သို့သော် တစ်နိုင်ငံလုံးက ထိုပေစာအကျိုးကို (တစ်ဆင့်) ခံစားကြရသည်။

တကယ်တမ်း အင်တာနက်မကြည့်နိုင်သော်လည်း ဂြိုလ်တုစလောင်းများလည်း သတင်းအချက်အလက်ကို ပေးနိုင်သည်။

ကမ္ဘာတစ်ဖက်ခြမ်းတွင်ရှိသည့် ဟေတီနိုင်ငံတွင် ဖြစ်ပွားသော ငလျင်ဒဏ်ခံရသူများကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်နေရသည်။ လူပေါင်းတစ်သိန်းခွဲကျော် သေဆုံးသည်။ အင်မတန် ဆိုးရွားသောငလျင် ဖြစ်သည်။ တစ်ကမ္ဘာလုံးက အကူအညီတွေ ရောက်လာသည်။ အကူအညီတွေအနက် ဟေတီသမ္မတ တောင်းဆိုသည်မှာ ဆက်သွယ်ရေးကွန်ယက် ပြန်လည်တည်ဆောက်ပေးရန် ဖြစ်သည်။ သူတို့ဖုန်းလိုင်းတွေအားလုံး ပျက်သွားပြီဖြစ်သည်။

အစိုးရအဖွဲ့ဝင်များ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်၍မရ၊ အင်ဂျီအိုနှင့် အစိုးရ ဆက်သွယ်၍မရ။ ထို့ကြောင့် ပြည်သူလူထု ဆက်သွယ်မှု ဘယ်လောက်ခက်မည်ကို တွေးတောနိုင်သည်။

ထို့ကြောင့် မိုဘိုင်းဖုန်းစနစ်ကို ချက်ချင်းပြင်ဆင် တည်ဆောက်ပေးလိုက်သည်။ မကြာမီမှာပင် ဆူပါမားကတ်ကုန်တိုက် အဆောက်အဦပျက်အောက်တွင် ပိတ်မိနေသော မိန်းကလေးနှစ်ယောက်နှင့် အဆက်အသွယ်ရရှိကာ ကယ်တင်နိုင်ခဲ့သည်။

သွားရေးလာရေး အုပ်ချုပ်ရေးကအစ အဆိုပါ ဆက်သွယ်ရေးသည် အဓိကကျသည်။ ကမ္ဘာတစ်ခွင်က ဟေတီကို မြင်နေရလျှင် သူတို့ကူညီနိုင်ကြမည် ဖြစ်သည်။

တကယ်တမ်း အင်တာနက်မိုဘိုင်းဖုန်း စသည်တို့သည် အဖျက်အမှောင့်လုပ်ငန်းအတွက်လည်း များစွာအသုံးဝင်သည်။ မိုဘိုင်းဖုန်းဖြင့် ဗုံးထောင်နိုင်သည်။ အင်တာနက်ထဲ ထိုးဖောက်ဝင်ရောက်ကာ အဖျက်လုပ်ငန်းများစွာ လုပ်နိုင်ပါသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အိုစမာဘင်လာဒင်၏ နယူးယောက်ကုန်သွယ်ရေးစင်တာကို ၀င်ရောက်တိုက်ခိုက်ပြီး အမြွှာညီနောင်မျှော်စင်ကို ပြိုပျက်စေသည်မှာ မိုဘိုင်းဖုန်းများဖြင့် ဆက်သွယ်မှုတွေ လုပ်နိုင်သောကြောင့် ဖြစ်သည်။

တကယ်တမ်း အင်တာနက်သည် လူသားများကို အထွတ်အထိပ် ရောက်စေနိုင်သော လက်နက်ကိရိယာဖြစ်သည်။ ကျွန်တော်တို့ ဒါကို အသုံးချတတ်ပါက အားလုံး အဆင်ပြေမည်။

ဆောင်းပါးအစတွင် ဟီလာရီကလင်တန် ပြောသွားသည့် ကောက်နုတ်ချက်ကို ထပ်မံတင်ပြလိုသည်။

Just as steel can be used to build hospiitals or machine gun or nuclear power can either energize a city or destroy it.
Hillary Clinton
သံမဏိကို ဆေးရုံဆောက်ဖို့ သုံးလို့ရသကဲ့သို့ စက်သေနတ်လုပ်ရန်အတွက်လည်း သုံးနိုင်သည်။ ထို့အတူ အဏုမြူစွမ်းအင်ကို မြို့တစ်မြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်သကဲ့သို့ ထိုမြို့ကို ဖျက်ဆီးပစ်၍လည်း ရသည်။

ဒါက လူသားများအပေါ်တွင်သာ တည်သည့်အပိုင်းဖြစ်သည်။

စက်သေနတ်ထုတ်မည်စိုး၍ သံမဏိကို ပိတ်သည်။ အနုမြူဗုံးလုပ်မည်စိုး၍ အဏုမြူစွမ်းအင်ကိုပိတ်သည်။ ဓာတ်ပေါင်းဖိုများကို ကန့်သတ်သည်။ ထိုပုံစံကို ကျွန်တော်တို့ ရင်ဆိုင်ရမည်သာ ဖြစ်သည်။ အကျိုးအကြောင်းဆင်ခြင်ပြီး အသိဉာဏ် မကြီးရင့်သေးသရွေ့ ထိုပြဿနာသည် ပြဿနာအနေဖြင့် တည်နေမည်သာ ဖြစ်သည်။

အကြမ်းဖက်လုပ်ရပ်များနှင့် အခြားသော မလိုလားအပ်သည့် လုပ်ရပ်များကိုကြောက်၍ အင်တာနက်ကို ကန့်သတ်ချုပ်ချယ်ကြသည်။ ဒါကို ကျွန်တော်တို့ တွေ့နေရပေမည်။

ထိုအခါတွင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ တိုးတက်မှု နှေးကွေးသွားမည်ဖြစ်သည်။ သို့သော် မရပ်ဆိုင်းသွားပါ။ လူသားတို့ ရင့်ကျက်လာသောအခါ မိမိဝီရိယဖြင့် ကြိုးပမ်းကြသည့်အခါ အနာဂတ်ကို လှလှပပ မြင်လာမည်သာဖြစ်သည်။

နိဂုံး
ဘယ်သူ့ကိုမှ အပြစ်မတင်ကြပါနှင့်။
အင်တာနက်ခေတ်ကို ရောက်လာကြပါပြီ။
ဒီရတနာသိုက်ကြီးက လူသားအားလုံး၏ လက်တစ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်သည်။
လူငယ်များ စွမ်းအားဖြင့် နိုင်ငံကို တည်ဆောက်ပါ။

Bi Weekly Eleven Journal
အတွဲ (၂) အမှတ် (၄၈)
Friday, February 19, 2010
စာမျက်နှာ - ၂၂

No comments:

Post a Comment

 
Web Statistics