ကျားနဲ့ရင်ဆိုင်တွေ့ရင် မေတ္တာပို့မနေနိုင်ဘူး။ ဓားဆွဲတန်ဆွဲ၊ တုတ်ဆွဲတန်ဆွဲလုပ်ရမှာပဲလို့ ရေးလိုက်တာနဲ့ ပတ်သက်ပြီး လူငယ်တစ်စုလာပြီး စကားနိုင်လုကြပါတယ်။ သဘောမတူဘူးရယ်တော့ မဟုတ်ပါဘူး။ ဒီလိုလှည့်ပြီး စဉ်းစားရင် ဘယ်လိုလဲ၊ ဒီနည်းနဲ့ ဖြေရှင်းလို့မရဘူးလားစသဖြင့် လူငယ်သဘာဝ လှည့်ပတ်စဉ်းစားကြည့်ကြတာပါ။
အာတွေ့တဲ့မြန်မာစကား
လူငယ်တွေက ဒီလိုစကားနိုင် လုပြောရတာကို တော်တော်ပျော်ကြတယ်။ ခုခေတ် 'အီလစ်' တွေ သည်းခြေခိုက်စကားနဲ့ ပြောရင်တော့ 'ဦးနှောက်မုန်တိုင်းဆင်ခြင်း'ပေါ့။ ကမ္ဘာအဆင့်မီ အရည်အချင်းမရှိဘူးပဲ ပြောပြော။ စကားနိုင်လုတယ်လို့ ပြောရတာကိုပဲ အာတွေ့ပါတယ်။ လူငယ်တစ်ယောက်က သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ ဂေဟစနစ် ထိန်းသိမ်းရေးတို့ ရှုထောင့်က သူမြင်သလိုပြောပါတယ်။ ဟူးကောင်း တောင်ကြားမှာ ကျားဦးရေ တစ်နေ့တခြား လျော့ပါးလာနေတဲ့အတွက် မကြာခင်နှစ်များအတွင်းကျားတွေမျိုး ပြုန်းပျောက်ကွယ်မယ့် အန္တရာယ်ရှိ နေတယ်။ ဒါကြောင့်ကျားကို မသတ်သင့်ဘူးလို့ ပြောပါတယ်။ အဲဒီစကား နားထောင်ပြီးတော့ မိန်းကလေးတစ် ယောက်ကကျားကိုမသတ်ရင်ကျား က လူကိုသတ်မှာပေါ့၊ ဒီလိုတော့အဖြစ် မခံနိုင်ပါဘူးလို့ ၀င်ပြောပါတယ်။
ကြွက်နှိမ်နင်းဖို့ မြွေတွေလွှတ်ရမလား
ပထမလူငယ်က လူ့ရပ်၊ လူ့ရွာထဲကျားက အတင့်ရဲပြီးဝင်ဆွဲတာ မဟုတ်ဘူး။ ကျားတွေ၊ ဆင်တွေနေ တဲ့တောတွေ၊ တောင်တွေထဲကို လူတွေက ကျူးကျော်ဝင်ရောက် နေထိုင်ကြတာဖြစ်တယ်။ လူတွေက တရားပျက်ပြီး ကျူးကျော်တာလို့ ချေပပါတယ်။ အဲဒီအချိန်မှာပဲ နောက်လူငယ်တစ်ယောက်က အိမ်နီးချင်းနိုင်ငံတစ်ခုမှာ စပါးခင်းတွေကို ကြွက်အုပ်ကြီးတွေ ၀င်ရောက်ဖျက်ဆီးတဲ့အတွက် မြွေတွေကိုလယ်ကွင်းတွေထဲ ပြန်လွှတ်ပေးနေတဲ့ သတင်းကိုပြောပြပါတယ်။ မြန်မာပြည်က နာဂစ်ဒဏ်ခံဒေသတွေက လယ်ကွင်းတွေ၊ ကြွက်ဝင်ဖျက်နေတာကိုလည်း မြွေ တွေလွှတ်ပေးလိုက်ရင် ဘယ်လိုနေမလဲလို့ မေးလိုက်ပါတယ်။ အဲဒီမှာလည်း တစ်ယောက်တစ်မျိုးနဲ့ စကားနိုင်လုပြီး ပြောကြတာ ဆူညံနေတာပါပဲ။ ပျော်စရာအတော်ကောင်းပါတယ်။
လူတွေက ကျူးကျော်ဖျက်ဆီးတာ
လူငယ်တွေအားလုံးဟာ ပညာတတ်တွေဖြစ်ကြတော့ သူတို့ပြောကြ ဆိုကြတာတွေကို ခပ်ပေါ့ပေါ့သဘောထားလို့ မရပါဘူး။ ကျားမျိုးပြုန်းမှာ စိုးရိမ်တဲ့လူငယ်ရဲ့ ပြောကြားချက်တွေကလည်း မှန်ပါတယ်။ လူတွေက တိရစ္ဆာန်များ ကျက်စားနေထိုင်ရာ ဒေသတွေကို ၀င်ရောက်ကျူးကျော် ဖျက်ဆီးကြတော့ သားရဲတိရစ္ဆာန်တွေမှာ နေစရာရော၊ စားစရာပါ ရှားပါးလာကြပါတယ်။ တောတောင်ရေမြေ သဘာဝတွေနဲ့ ဂေဟစနစ်ကြီး တစ်ခုလုံးကို လူသားတွေက ဖျက်ဆီးပစ်ခဲ့တာဖြစ်တယ်။ အဲဒီအကျိုးဆက်ကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ ရာသီဥတုတွေ ဘယ်လောက်ဖောက်ပြန်နေတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တွေ့ပဲ။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစတဲ့ မြစ်ကြီးတွေမှာလည်း နွေမပေါက်ခင်ကပဲ သောင်ခုံကြီးတွေ ထွန်းနေတဲ့အတွက် သင်္ဘောတွေ၊ မော်တော်တွေ ခက်ခက်ခဲခဲ သွားလာနေကြရတယ်ဆိုတဲ့ သတင်းတွေ နေ့စဉ်ဖတ်နေကြရတယ် မဟုတ်လား။ နောက်ငါးနှစ်က ၁၀ နှစ်အတွင်း ၀င်ရိုးစွန်းဒေသက ရေခဲတောင်ကြီးတွေ ပျောက်ကွယ်သွားတော့မယ်ဆိုတဲ့ သတိပေးချက်တွေကလည်း ကြားနေရလေတော့ အဲဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ဧရာဝတီ ဘယ်လိုဖြစ်လေမလဲလို့လည်း ပူလိုက်ရတာ။
ကိုယ်မသတ်ရင် သူကသတ်မှာ
သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်အတွက် စိတ်ပူတာမှန်ပေမယ့် လယ်ကွင်းတွေထဲ မြွေဖမ်းပြီးလွှတ်တာမျိုးတော့လည်း သဘောတူရမှာ ခပ်ခက်ခက်ပဲ။ သူများနိုင်ငံတွေမှာ က လယ်ထွန်စက်တွေ၊ 'Combined harvester'လို့ ခေါ်တဲ့ စပါးရိတ်သိမ်း ရင်းနဲ့ တစ်ခါတည်း ဆန်ကြိတ်ပြီး သားထွက်လာတဲ့ စက်ကြီးတွေနဲ့ လယ်ထဲဆင်းကြတာဆိုတော့ မြွေကိုက်ခံရစရာအကြောင်းမရှိလှဘူး။ မြန်မာလယ်သမားတွေက ခြေဗလာ လက်ဗလာနဲ့ လယ်ထဲဆင်းရတာ။ မြွေဆိုတာက ဆင်လို၊ ကျားလိုမြင်ရ တဲ့ သတ္တ၀ါမဟုတ်ဘူး။ ကျေးလက် ဒေသတွေမှာ တစ်နှစ်၊ တစ်နှစ်ပိုးထိ လို့ အသက်ဆုံးရှုံးကြရတာတွေ ရာနဲ့ချီရှိနေတာမဟုတ်လား။ အဲဒီတော့ ဘယ်နှယ့်လုပ်မလဲ။ ကျားတွေ့ရင် သတ်ရမှာပဲ၊ မြွေတွေ့လည်း သတ်ရ မှာပဲ။ ဂေဟစနစ် ထိန်းသိမ်းရေးအသိဉာဏ် ခေါင်းပါးတယ်ပြောလည်း မတတ်နိုင်ဘူး။ မြွေဆိုးနဲ့ ရင်ဆိုင်တွေ့နေတာ ကိုယ်က သူ့ကိုမသတ်ရင် သူက ကိုယ့်ကိုသတ်သွားမှာ သေချာတယ်။
ဘယ်လောက်ပြောပြော မောရုံပဲ
တစ်ခါက မီးသွေးအကြီးအကျယ်ရောင်းတဲ့ ကျောင်းသားဟောင်းတစ်ယောက် အတန်းထဲမှာ စကားနိုင်လုပြောကြရင်း ပြောခဲ့တဲ့စကားကို ပြန်အမှတ်ရမိတယ်။ မီးသွေးမရှိရင် ခင်ဗျားတို့အိမ်တွေမှာ ဘာနဲ့ ထမင်းချက်စားကြမလဲ၊ တောကလူတွေကော မီးသွေးမဖုတ်ရရင် ဘာလုပ်စားကြမလဲလို့ သူကပြောသွားတယ်။ စဉ်းစားကြည့်တော့ သူပြောတာမှန်တယ်။ လျပ်စစ်တို့၊ ဓာတ်ငွေ့တို့နဲ့ ချက်ဖို့ဆိုတာ နေရာတိုင်းမှာ ဖြစ်နိုင်တာမဟုတ်ဘူး။ လူတိုင်းမတတ်နိုင်ဘူး။ ဆင်းရဲသားဆိုတာ ညနေအလုပ်ပြန် နေ့တွက်ခလေး ရလာမှ မီးသွေးလေးအစိတ်သား၊ ငါးဆယ်သားဝယ်ပြီး ချက်ကြ၊ ပြုတ်ကြရတာလေ။ ရေနံဆီမီးဖိုတွေ ပေါပေါလောလော သုံးနိုင်တဲ့အချိန်တုန်းက မြို့ကြီးပြကြီးတွေမှာ ဘယ်သူမှ မီးသွေးမီးဖို မသုံးဘူး။ မီးမွှေးရတာ လက်ဝင်ရုံတင်မက အိုးတိုက်ရတာအလုပ်ရှုပ်လို့။ အစားထိုးစရာ ဘာမှလုပ်မပေးနိုင်ရင်တော့ တောပြုန်းလို့ မီးသွေးမဖုတ်ကြပါနဲ့လို့ ဘယ်လောက်ပြောပြော မောရုံပဲရှိမယ်။ သုံးသူက သုံးနေသရွေ့ ဖုတ်ပြီးရောင်းသူက ရောင်းနေကြမှာပဲ။
လူသားမျိုးနွယ် မပြုန်းရေးအဖွဲ့မရှိ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ဂေဟစနစ်ကာကွယ် စောင့်ရှောက်ရေးတို့၊ ရှားပါးတိရစ္ဆာန်များ မျိုးပြုန်းပျောက်ကွယ် မသွားရေးတို့ဆိုတဲ့ အသိရှိကြတာ အင်မတန်ကောင်းတယ်။ ကျားတွေ မသတ်ဖို့၊ မိကျောင်းတွေ မသတ်ဖို့ ပြောဟောနေကြတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကြီးဆိုတာ ရှိသလို လူသားမျိုးနွယ် စောင့်ရှောက်ရေးအဖွဲ့ဆိုတာမျိုး မရှိတာက တော့ အတော်အံ့သြစရာကောင်းတယ်။ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို နေရာတကာလိုက်ပါပြီး အဖွဲ့ပေါင်းစုံ လျှောက်ဖွဲ့နေတဲ့ ကုလသမဂ္ဂအဖွဲ့ကြီးတောင် ဒီကိစ္စတော့ မေ့နေတာလား၊ တမင်မေ့ချင်ယောင် ဆောင်နေတာလား မသိဘူး။ ဘာမှလုပ်တာ မတွေ့ရဘူး။ ကမ္ဘာပေါ်မှာ တစ်နှစ် တစ်နှစ်ကို ကျားတွေ၊ မိကျောင်းတွေ၊ ဝေလငါးတွေ အသတ်ခံရတဲ့ အရေအတွက်ဟာ အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လူသားတွေ အသတ်ခံရတဲ့ အရေအတွက်ရဲ့ တစ်ဝက်တောင် ရှိမယ်မထင်ပါဘူး။
အာရုံလွှဲဖို့ မီးမောင်းထိုးကာ
အာဖဂန်နစ္စတန်မှာ၊ အီရတ်မှာ၊ ဆူဒန်မှာ နေ့စဉ်အသတ်ခံရလို့ သေဆုံးသွားကြရတဲ့ တိုက်ခိုက်ရေးသမားမဟုတ်သူ သာမန်အရပ်သား ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တွေရဲ့ အရေအတွက်ဟာ ထောင်ဂဏန်းအထိ ရှိပါတယ်။ ဒါတွေကိုတော့ ဘာမှမပြောဘဲ၊ ဘာမှမလုပ်ဘဲ ကျားမျိုးမပြုန်းရေးတို့၊ မိကျောင်း ကာကွယ်စောင့်ရှောက်ရေးတို့လောက်ပဲ မီးမောင်းထိုးပြနေကြတာဟာ ဘာသဘောလဲလို့ စဉ်းစားဖို့တော့ လိုပါလိမ့်မယ်။
အတွဲ (၅) အမှတ် (၁၉)
No comments:
Post a Comment