ခဏခဏပြောလွန်းတော့ ဘလော့ဂ်ကို လာဖတ်တဲ့လူတွေက စိတ်ညစ်နေလောက်ပါပြီ။ ဒါပေမယ့် ပြောစရာတွေကလည်း ကျွန်တော့်ကျမှများ လာလာပြီး ကြုံနေရသလား မပြောတတ်တော့ပါဘူး။ ထုံးစံအတိုင်း မရိုးနိုင်တဲ့ ဂျာနယ်တွေမှာ ပြီးစလွယ်လုပ်မှု၊ စာလုံးပေါင်းအမှားတွေကို အလှူကြီးပေးနေမှုတွေပေါ့။
တော်တန်ရုံအမှားလောက်ကို ကျွန်တော်မပြောဖြစ်တော့ပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ဘယ်နားမှာမှားတယ်၊ ဘယ်ဟာကလွဲနေတယ် စသည်ဖြင့် စာဖတ်ရင်းနဲ့ မင်နီတစ်ချောင်းနဲ့ တို့ထား၊ မှတ်ထားလိုက်ပါတယ်။ ဖတ်စရာဂျာနယ်တွေက များရတဲ့အထဲ စာလုံးပေါင်းမှားတာလောက်ကိုပါ လိုက်စစ်နေရင် တစ်ပတ်ကိုတစ်စောင်ပြည့်အောင် ဖတ်ဖို့ဆိုတာတောင် အတော်ကြိုးစားရမယ်။ ကျွန်တော်ဖတ်သမျှ ဂျာနယ်တွေကလည်း စာလုံးပေါင်းအမှား၊ အသုံးအနှုန်းအမှား အင်မတန်များပါလားဆိုတာ တစ်နေ့ပြီးတစ်နေ့ သိ,သိလာရတယ်။
ကဲ… ပြောပါရစေဦ။ ပထမဆုံးအနေနဲ့ ဒီပို့စ်ကို ရေးဖြစ်အောင်အထိ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာနဲ့ စပါ့မယ်။ ဆရာလူထုစိန်ဝင်းရေးတဲ့ ပညာရှင်ဆိုတာ ကြီးမြတ်သူဖြစ်တယ် ဆိုတဲ့ ဆောင်းပါးကို ဒီနေ့မနက်ပြန်ရိုက်နေရင်းနဲ့ နောက်ဆုံးအပိုဒ်ရောက်တော့ မအီမလည်ကြီးဖြစ်သွားရတယ်။ စိတ်လည်းညစ်သွားသလို အတော်လေးလည်း အောင့်သီးအောင့်သက် ဖြစ်သွားမိတယ်။ ကျွန်တော်သာ ဆရာလူထုစိန်ဝင်းဆိုရင် အဲဒီဂျာနယ်ကို စာမူပေးဖို့ အတော်လေးကို ပြန်စဉ်းစားမိမှာ အသေအချာပါပဲ။ နောက်ပြီးတော့ ရေးထားတဲ့အကြောင်းအရာကလည်း ပညာရှင်တွေနဲ့ ပတ်သက်တဲ့အကြောင်း။ တစ်ခါတစ်ခါ စဉ်းစားမိတယ်။ ကျွန်တော်တို့ကသာ ဖတ်စရာစာ၊ လေ့လာစရာစာ၊ မှတ်သားစရာစာလို့ ခံယူကြတာကိုး။ ဂျာနယ်လုပ်တဲ့လူတွေအတွက်ကျတော့ "စာ" ဆိုတာထက် "စီးပွားရေး" ဆိုတဲ့ အမြင်ပဲ ရှိမယ်ထင်တယ်လို့ တွေးမိတာလည်း ခဏခဏပါပဲ။ စကားပြန်ဆက်ရအောင်ပါ။
နောက်ဆုံးအပိုဒ်မှာ ဆရာလူထုစိန်ဝင်းပေးထားတဲ့ ခေါင်းစဉ်ခွဲက "ဆိုကရေးတီးလို" တဲ့။ ဆိုကရေးတီးကို လူတိုင်းနီးနီး သိကြပါတယ်။ ဘယ်သူမှန်းသေသေချာချာ မရှင်းပြနိုင်ပေမယ့် ဘယ်သူကွဆိုတာလောက်တော့ ပြောပြနိုင်ကြတဲ့ ပညာရှင်ကြီးဆိုပါတော့။ အဲဒါကိုလေ ကိုရွှေဂျာနယ် True News က ဘယ်လိုလုပ်လိုက်သလဲဆိုတော့ "ဆို၊ က၊ ရေး၊ တီးလို" တဲ့။ ကဲ… ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ ခေါင်းစဉ်မှာတင်မှားတာဆိုရင် ကျွန်တော် နားလည်ပေးဦးမလို့ပါပဲ။ ဒါပေမယ့် အထဲက စာမှာပါ အမှားအတိုင်းကြီး ရောချထားသဗျ။ ဂျာနယ်မှာ ဖော်ပြထားတဲ့ မူရင်းရေးသားချက်ကို ဖတ်ကြည့်ပါဦး။ စာဖတ်သူအနေနဲ့ ဘယ်လိုနားလည်သလဲ၊ ဘယ်သူ့အလွန်လဲဆိုတာကိုပေါ့။
ဆို၊ က၊ ရေး၊ တီး လို
"ပညာရှင်" ဆိုတဲ့ စကားလုံးရဲ့နောက်မှာ အင်မတန်ကြီးလေးတဲ့ တာဝန်တွေရှိသလို၊ အင်မတန်ကြီးမြတ်တဲ့ တန်ဖိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီစကားကို ပေါ့ပေါ့လွယ်လွယ် မသုံးစေချင်ဘူး။ ပညာရှင်ဆိုတဲ့ နာမည်ခံချင်ကြရင်လည်း ကိုယ်ကိုယ်ကိုယ် ဆို၊ က၊ ရေး၊ တီးလို ကိုယ့်ပညာရပ်ရဲ့ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မှု ပြုနိုင်ရဲ့လားဆိုတဲ့ မေးခွန်းကို အရင်ဆုံးမေးကြည့်ပါဦးလို့ ပြောလိုက်ချင်ပါတယ်။
အစပိုင်းမှာပြောခဲ့တာက သီချင်းတွေအကြောင်း၊ ဇာတ်သဘင်တွေအကြောင်းဆိုတော့ ကျွန်တော်ပဲ ဖတ်တာမှားတာလား၊ နားလည်မှုလွဲနေတာလား၊ သူပြောချင်တာကို ကျွန်တော်မသိတာလား စသည်ဖြင့် ခေါင်းခြောက်သွားသေးတယ်။ နောက်မှ ဆရာလူထုစိန်ဝင်းကတော့ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို မညွှန်းလောက်ပါဘူးလို့ တွေးမိလိုက်ပါတယ်။ မပြောချင်တော့ပါဘူးဗျာ။
တစ်လက်စတည်း ပြောဦးမယ်။ ဂျာနယ်တွေအကြောင်းပေါ့။ အကုန်လုံးတော့ မပြောတော့ပါဘူး။ နည်းနည်းပါးပါးပေါ့။ တော်ကြာနေ စာဖတ်သူတွေက သူတို့ထုတ်သမျှကို ပိုက်ဆံပေးပြီး ၀ယ်ဖတ်နေတဲ့ ခပ်ညံ့ညံ့တွေလို့ ထင်နေမှာစိုးလို့ပါ။ သူတို့ဂျာနယ်တွေကို ဖတ်ချင်တာမဟုတ်ပါဘူး။ အထဲမှာရေးထားတဲ့ စာရေးဆရာကြီးတွေရဲ့ စာတွေကြောင့် ဖတ်ဖြစ်နေတာပါ။ အဲဒီစာတစ်ပုဒ်ကိုပဲ ဂျာနယ်သုံးလေးခုမှာ အပြိုင်ပါပြီး ရွေးဖတ်လို့ရရင် အဲဒီလိုဂျာနယ်တွေကို မဖတ်ဖြစ်မှာ အသေအချာပါပဲ။
7Day News ဂျာနယ်က ဖတ်စရာစုံလင်ပါတယ်။ အမြဲတမ်းပါတတ်တဲ့ အစီအစဉ်လေးတွေ၊ ဆောင်းပါးလေးတွေလည်း ကောင်းပါတယ်။ ဒါပေမယ့် ဟိုစာမျက်နှာညွှန်း၊ ဒီစာမျက်နှာညွှန်း သိပ်လုပ်တဲ့ ဂျာနယ်ပါ။ ဂျာနယ်ဖတ်တဲ့လူကို စိတ်မရှည်အောင်၊ စိတ်တိုလာအောင်၊ ဖတ်ချင်စိတ်ကုန်အောင် တမင်လုပ်နေသလားလို့တောင် တွေးမိပါတယ်။ တစ်ချို့အကြောင်းအရာတွေများဆိုရင် သုံးခါလောက် စာမျက်နှာအညွှန်းနဲ့ ပြန်ဖတ်ရတာ အတော်ကို စိတ်ညစ်စရာ ကောင်းပါတယ်။ အဆိုးဆုံးကတော့ နောက်စာမျက်နှာက စာတွေကို ရှေ့စာမျက်နှာတွေမှာ ပြန်ညွှန်းတာပါပဲ။ ဆိုပါတော့ စာမျက်နှာ ၄၅ မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို စာမျက်နှာ ၂၆ မှာဆက်ဖတ်ဖို့အတွက် ညွှန်းတာမျိုးပေါ့။
လျှပ်တစ်ပြက်ဂျာနယ်ကတော့ သတင်းထူးတယ်၊ သူများနဲ့မတူတာ လုပ်တတ်တယ်၊ အယ်ဒီတာ ဆရာမြတ်ခိုင်ရဲ့ ဖွလုံးတွေကို သဘောကျလို့သာ ဖတ်နေရတယ်။ စာလုံးပေါင်းကို ရေးချင်သလိုရေးတဲ့ ဂျာနယ်ပါ။ လုံးဝကို ပြင်လည်းမပြင်၊ ဂရုလည်းမစိုက်တဲ့ ဂျာနယ်လို့ ကျွန်တော်မှတ်ထားပါတယ်။ မြန်မာစာလုံးပေါင်းတွေမှားလို့ အင်္ဂလိပ်စာလုံးပေါင်းရော မှန်သလားဆိုတော့လည်း တလွဲချည်းပါပဲ။ သူတို့ရေးချင်သလိုကို ရေးတာပါ။ သည်းခံရတာပါပဲ။
နောက်များမှ ဆက်ပါဦးမယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၇ နာရီ ၁၃ မိနစ်တွင်ပြီး၏။
No comments:
Post a Comment