အနုပညာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတိုင်းကို အနုပညာသည်လို့ ခေါ်ချင်ခေါ်ပါ။ အနုပညာရှင်လို့တော့ဖြင့် မခေါ်ချင်ဘူးလို့ တစ်ခါက ရေးခဲ့ဖူးတဲ့ ဂျာနယ်ဆောင်းပါးတစ်စောင်ကို ယူလာပြီး မိန်းကလေးတစ်ဦးက မေးခွန်းတွေ မေးပါတယ်။ မြန်မာစာ ဆရာမလေးတစ်ဦးပါ။ သူက "ပညာရှင်"ဆိုတဲ့ စကားကို စေ့စေ့စပ်စပ် လေ့လာဆန်းစစ်နေပုံ ရပါတယ်။
သီချင်းသည်ဆိုတဲ့ အသုံး
အနုပညာရှင်ဆိုတဲ့ စကားရှိသလို မြန်မာစကားမှာ အနုပညာသည်ဆိုတဲ့ အသုံးလည်းရှိပါတယ်။ သဘင်သည်ဆိုတဲ့ အသုံးလည်း ရှိပါတယ်။ ရှေးက သီချင်းသည် (သာချင်းသည်) တို့၊ ပန်းပွတ်သည်တို့ ဆိုတဲ့အသုံးတွေလည်း ရှိပါတယ်။ အဲဒါကြောင့် သီချင်းဆိုသူတိုင်း အငြိမ့်က ဇာတ်က,စားသူတိုင်းကို ဂီတပညာရှင်တို့၊ သဘင်ပညာရှင်တို့မခေါ်ဘဲ ပညာသည်လို့သာ ခေါ်စေချင်တာပါ။ ကိုယ့်တစ်ဦးတစ်ယောက်တည်းရဲ့ အမြင်သဘောထားပါ။ အဘိဓာန်ဖွင့်ဆိုချက်တွေ၊ ကျမ်းစာအလိုတွေနဲ့ ညီကောင်းမှညီပါလိမ့်မယ်။ အသက်ကြီးတဲ့ သတင်းစာဆရာတစ်ယောက် ပြောတာဖြစ်လို့ဆိုပြီး အမှန်လို့ မယူဆပါနဲ့။ မရေးလိုက်ပါနဲ့။ သတင်းစာဆရာ ဘယ်သူဘယ်ဝါကဖြင့် သူ့အယူအဆကို ဒီလိုဒီလို ပြောပါတယ်ဆိုတာမျိုးပဲ ရေးပါ။ အသက်ကြီးတဲ့သူရဲ့ စကားတိုင်း မှန်တယ်လို့ ပြောလို့မရပါဘူး။ မမှားတဲ့ သတင်းသမားလည်း မရှိပါဘူး။ ရှေ့ဆက်ပြီးရှာပါ၊ လေ့လာပါ၊ သုတေသနတွေလုပ်ပါလို့ ဆရာမလေးကို စကားခံပြီးမှ ကိုယ့်အမြင်အယူအဆတွေကို ပြောပြလိုက်ပါတယ်။
စည်းဝါးမသိအဆိုတော်
သီချင်းဆိုသူတိုင်း ဂီတသဘောတရား၊ ဂီတပညာကို တတ်သိနားလည်ကြတာ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီခေတ်မှာ အသံအကြောင်း၊ စည်းဝါးအကြောင်း ဘာတစ်ခုမှ မသိဘဲနဲ့ အဆိုတော်ဖြစ်နေသူတွေ၊ သီချင်းရေးနေသူတွေ မနည်းလှပါဘူး။ တချို့များ တော်တော်အောင်မြင်ပြီး ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာတောင် ရှိပါတယ်။ အသံအကြောင်း၊ စည်းဝါးအကြောင်း နားမလည်သူတစ်ယောက်ကို နာမည်ကြီးအဆိုတော် ဖြစ်နေရုံနဲ့တော့ ဂီတပညာရှင်လို့ ခေါ်သင့်တယ်မထင်ပါဘူး။ စင်စစ် သူဟာ "သီချင်းသည်" ပါ။ သဘင်သည်ဆိုတဲ့ စကားရှိထားတဲ့အတွက် ဂီတပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ "ဂီတပညာသည်" ဆိုတဲ့ အခေါ်မျိုးလောက်နဲ့ပဲ သင့်တော်မယ်ထင်ပါတယ်။ အဆိုတော်လိုပါပဲ၊ ဒီခေတ်မှာ အငြိမ့်က,စားတိုင်း၊ ဇာတ်က,စားနေတိုင်း ကတတ်တယ်လို့ မထင်နဲ့။ တချို့က လက်မြှောက်ခြေမြှောက်နဲ့ ဇာတ်ခုံပေါ် ပတ်ချာလည်ပြေးရင်း ခုန်ပေါက်နေတာလောက် လုပ်တတ်တာ။ "ခေါင်း၊ ခါး၊ ခြေ၊ လက်" တို့ ဘာတို့ သိတာမဟုတ်ဘူး။ အငြိမ့်ဆိုတဲ့ အကပညာရပ်တစ်ခုကို ဖျက်ဆီးနေတဲ့ "အငြိမ့်ခွေ" တွေထဲက မင်းသမီးတွေကို ကြည့်လိုက်ရင် လက်ခံသဘောတူမှာပါ။
ဆတ်ဆတ်ထိမခံသူ
ပညာရှင်ဆိုတာကတော့ ပညာရပ်တစ်ခုကို "ထုံးလိုချေ၊ ရေလိုနှောက်" နိုင်အောင် ပိုင်ပိုင်နိုင်နိုင် တတ်သိနားလည်ပြီး အဲဒီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုသူ၊ အဲဒီပညာကို တိုးတက်သထက် တိုးတက်အောင် ရှာဖွေစမ်းသပ်၊ သုတေသနအလုပ်တွေ လုပ်နေသူ၊ အဲဒီပညာနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ရှာဖွေတွေ့ရှိချက်တွေ ဖြည့်စွက်ပေးနိုင်သူ၊ ကိုယ်ပိုင်အတွေးအခေါ် အယူအဆတွေနဲ့ ဝေဖန်သုံးသပ်ပြီး ကောက်ချက်တစ်ခု ချပေးနိုင်သူဖြစ်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် တစ်ချက်ထပ်ဖြည့်ပါသေးတယ်။ အဲဒီအချက်ကတော့ ပညာရှင်ဆိုတာ ကိုယ့်ပညာရပ်ရဲ့ ဂုဏ်သိက္ခာကို ကိုယ့်အသက်နဲ့ထပ်တူ လေးစားတန်ဖိုးထားပြီး အဲဒီဂုဏ်သိက္ခာကို "ဆတ်ဆတ်ထိမခံ" ထိန်းသိမ်းကာကွယ် စောင့်ရှောက်သူ ဖြစ်ရမယ်ဆိုတာ ဖြစ်ပါတယ်။
ကြောင်ဖြူကြောင်မည်း အယူအဆ
ဒီအချက်က ဒီခေတ်မှာ ပိုပြီး အရေးကြီးတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ "ကြောင်ဖြူတာ မည်းတာက အရေးမကြီးဘူး၊ ကြွက်မိဖို့သာလိုရင်းပဲ" ဆိုတဲ့ အယူအဆ လွှမ်းမိုးပြီး နေရာတကာမှာ "ငွေ အဓိက" ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ပညာရှင်တွေကိုယ်တိုင်လည်း "အူမတောင့်မှ သီလစောင့်နိုင်တယ်" ဆိုတဲ့စကား အပြောများလာကြတာများ ကြားမိမြင်တွေ့နေရလို့ပါ။ ငွေအတွက်၊ ရာထူးအာဏာအတွက် ကိုယ့်ပညာရဲ့ ဂုဏ်သိက္ခာနဲ့ ပညာရှင်ဆိုတဲ့ ကိုယ့်ဂုဏ်သိက္ခာကို မငဲ့ကွက်တော့ဘဲ ငွေရှင် ကြေးရှင်များ၊ ရာထူးအာဏာရှင်များရဲ့ ရှေ့မှောက်မှာ ၀ပ်စင်းသါားကြတာတွေလည်း မနည်းပါဘူး။ လောလောဆယ်တောင် ပညာရှင်တချို့ဟာ ဆေးဝါးထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ ခိုင်းစေတဲ့အတိုင်း ကြက်ငှက်တုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီး ပုံကြီးချဲ့အစီရင်ခံစာတွေ ရေးသားတင်သွင်းခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ နိုင်ငံတကာ စာနယ်ဇင်းတွေမှာ ဖတ်နေရပါတယ်။ ဓာတုလက်နက်တွေနဲ့ အဆိပ်ဓာတ်ငွေ့လက်နက်တွေ စမ်းသပ်တီထွင်ပေးနေကြသူတွေဟာလည်း သိပ္ပံပညာရှင်လို့ အမည်ခံထားကြတဲ့ ပါရဂူဘွဲ့ရတွေ ဖြစ်ကြပါတယ်။
သိက္ခာကို ရိက္ခာနဲ့ လဲသူတွေ
ကုမ္ပဏီပိုင်ရှင် သူဌေးဆိုသူတွေက ပိုက်ဆံရှာတတ်ရုံ၊ ငွေထုတ်ပေးရုံကလွဲပြီး ဘာမှတတ်တာ မဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေကသာ လူသတ်လက်နက်တွေဖြစ်တော့ မလုပ်နိုင်ဘူလို့ တင်ထားရင် သူဌေးတွေ ဘာလုပ်တတ်မှာလဲ။ ပညာရှင်တွေက ပညာရှင်ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ပညာရပ်ရဲ့ ဂုဏ်သိက္ခာကို မထိန်းကြလို့သာ ဒီလို လူသတ်လက်နက်တွေ အစုလိုက်၊ အပုံလိုက် ရှိနေတာဖြစ်ပါတယ်။ ပညာရှင်တွေကို ဒီလိုဖြစ်သွားအောင် လုပ်လိုက်တာက "ကြောင်ဖြူ ကြောင်မည်း" သမားတွေဖြစ်တယ်။ သူတို့သာ အဓိကတရားခံဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပညာရှင်ဆိုတဲ့ ဂုဏ်သိက္ခာကို အသပြာနဲ့ ရောင်းစားဖို့ ၀န်မလေးတဲ့ ပညာရှင်တွေမှာလည်း တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။
ဆိုကရေးတီး လို
"ပညာရှင်" ဆိုတဲ့ စကားလုံးရဲ့နောက်မှာ အင်မတန်ကြီးလေးတဲ့ တာဝန်တွေရှိသလို၊ အင်မတန်ကြီးမြတ်တဲ့ တန်ဖိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီစကားကို ပေါ့ပေါ့လွယ်လွယ် မသုံးစေချင်ဘူး။ ပညာရှင်ဆိုတဲ့ နာမည်ခံချင်ကြရင်လည်း ကိုယ်ကိုယ်ကိုယ် ဆိုကရေးတီးလို ကိုယ့်ပညာရပ်ရဲ့ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မှု ပြုနိုင်ရဲ့လားဆိုတဲ့ မေးခွန်းကို အရင်ဆုံးမေးကြည့်ပါဦးလို့ ပြောလိုက်ချင်ပါတယ်။
Wednesday, February 17, 2010
ပညာရှင်ဆိုတာ ကြီးမြတ်သူဖြစ်တယ် - လူထုစိန်ဝင်း
(True News ဂျာနယ် အတွဲ ၂ အမှတ် ၂၇ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 7:52 AM
Labels ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment