မိမိအကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွား ဦးထိပ်ထားသူ
ဗိုလ်ချုပ်အောင်ဆန်းသည် "မိမိတစ်ကိုယ်ရေ အကျိုးစီးပွါးထက် နိုင်ငံ့အကျိုးစီးပွါးကို ဦးထိပ်ထားသူ" ဖြစ်သည်။ ခေါင်းဆောင်မှုပညာရပ် အလိုအရ 'Putting the organization's interests before personal interests' သဘောတရားနှင့် ဗိုလ်ချုပ်သည် လုံးဝကိုက်ညီသည်။ သူ့အတွက် "လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ" သာ ဖြစ်ခဲ့သည် မဟုတ်ပါလား။
ခေတ်ကာလတစ်လျှောက် နိုင်ငံစုံ၊ နယ်ပယ်စုံတွင် ခေါင်းဆောင်များ ရှိခဲ့ကြသော်လည်း ခေါင်းဆောင်အများအပြားသည် မိမိတို့ပန်းတိုင်ရောက်ရေးကိုသာ ဦးစားပေးတတ်ပြီး နိုင်ငံပန်းတိုင်ရောက်ရေး၊ မိမိအဖွဲ့အစည်း ပန်းတိုင်ရောက်ရေးကို နောက်တွင်ထားသူများ ဖြစ်သည်။ နိုင်ငံ သို့မဟုတ် အဖွဲ့အစည်း ပန်းတိုင်သို့ ချီတက်ရာတွင် အဖွဲ့အစည်းနှင့် နိုင်ငံ ပန်းတိုင်မရောက်မီ ကာယကံရှင် ခေါင်းဆောင်က ပန်းတိုင်သို့ ကြိုရောက်သွားသည့် အဖြစ်အပျက်များကို ကမ္ဘာ့နိုင်ငံရေးသမိုင်း၊ စီးပွါးရေးသမိုင်းတွင် များစွာ တွေ့ခဲ့ရသည်။ ဗိုလ်ချုပ်မှာ မိမိပန်းတိုင်ရောက်ရေးထက် နိုင်ငံပန်းတိုင်ရောက်ရေးကိုသာ ဦးထိပ်ထားသူ ခေါင်းဆောင်ကောင်းဖြစ်သည်။
ခေါင်းဆောင်လုပ်ရမှသာ အဖွဲ့အစည်းအတွက် ကြိုးစားအားထုတ်သည်မဟုတ်ဘဲ နောက်လိုက်နေရာရလျှင်လည်း ဗိုလ်ချုပ်သည် ကျရာနေရာမှ အစွမ်းကုန်ကြိုးပမ်းသူဖြစ်သည်။ မိမိခေါင်းဆောင်နေရာမှ မနေရလျှင် ဖျက်လိုဖျက်ဆီးလုပ်လိုသည့် "မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်မည့်" စိတ် ဗိုလ်ချုပ်တွင် လုံးဝမရှိပါ။ တက္ကသိုလ်ကျောင်းသားဘ၀က ဥက္ကဋ္ဌဖြစ်သင့်သော်လည်း အခြားကျောင်းသားကြီးတစ်ယောက် အရွေးခံလိုက်ရပြီး ကိုအောင်ဆန်းမှာ ဒုဥက္ကဋ္ဌသာ ဖြစ်ခဲ့သည်။ ခြေထိုးခံရသည်ဟု ယူဆကာ သူငယ်ချင်းများက မကျေမနပ်ဖြစ်ခဲ့သော်လည်း ကိုအောင်ဆန်း ကိုယ်တိုင်မှာမူ ကဖျက်ယဖျက်စိတ် လုံးဝမရှိဘဲ အဖွဲ့၏ ကျရာတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သည်။ ယင်းကိုကြည့်လျှင် သူ့တွင် ထိုင်ခုံလုလိုစိတ် လုံးဝမရှိကြောင်း တွေ့ရသည်။ အဖွဲ့အစည်း ကောင်းစားရေးအတွက် မိမိ၏ အတ္တကို အလွယ်တကူ ချိုးနှိမ်နိုင်သည့်သူပင် ဖြစ်သည်။
ဗိုလ်ချုပ်သည် နိုင်ငံ့အရေးသာ ဦးစားပေးပြီး မိမိအကျိုးစီးပွားကို မဖွေရှာသဖြင့် ၎င်းနှင့်ဆက်ဆံရသည့် နိုင်ငံခြားသား ဗိုလ်ချုပ်များကပင် လေးစားကြရသူဖြစ်ကြောင်း အောက်ပါစာပိုဒ်က သက်သေထူနေသည်။
"မြန်မာပြည်ရောက် ဂျပန်စစ်တပ်များ၏ ပထမဆုံး သေနာပတိချုပ် အီးဒါး (Lt.General Iida) က အောင်ဆန်းသည် ငွေလည်း မမက်၊ အာဏာလည်း မမက်၊ တစ်ကိုယ်ကောင်းလည်း မဆန်၊ ဒါကြောင့် ဂျပန်တွေက သူ့ကိုလေးစားသည်" ဟု ပြောဖူးသည်။
(အောင်ဆန်းမိသားစု-၁၇၀)
မြန်မာနိုင်ငံဘုရင်ခံ ဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်းအား ရာထူးနှင့် စည်းရုံးရန် ကြိုးစားသော်လည်း မရခဲ့ကြောင်းကို အောင်ဆန်းမိသားစု စာအုပ်တွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်။
"ထိုအချိန်အထိ ဘုရင်ခံ ဒေါ်မန်စမစ်သည် အောင်ဆန်းအကြောင်း ကောင်းစွာမသိသေးပေ။ ယခင်က တွေ့ဖူးသော ခေါင်းဆောင်များကဲ့သို့ အောင်ဆန်းကိုလည်း ရာထူးနှင့် ဆွယ် (၀ါ) ၀ယ်၍ ရလိမ့်မည်ဟု ထင်နေပုံပေါ်သည်။ ထို့ကြောင့် အောင်ဆန်းအား ပြန်ပြောမည့် မိတ်ဆွေတစ်ယောက်ကို I like Aung San very much. I don't mind taking him into the Executive Council or giving him a big post.
"ကျွန်ုပ် အောင်ဆန်းကို အလွန်သဘောကျသည်။ သူ့အား ၀န်ကြီးတစ်နေရာဖ်ြစစေ၊ ရာထူးကြီးတစ်ခုဖြစ်စေ ပေးဖို့ မခဲယဉ်းပါဘူး" ဟု ပြောသည်။ ထိုသတင်းကြားပြီးသောအခါ အောင်ဆန်းက ကျွန်တော့်အား "ဘုရင်ခံက ကျွန်တော့်ကို ဘယ်လိုလူစားမျိုးများ အောက်မေ့နေသလဲ မသိပါဘူး" ဟု ပြောသည်။
အင်္ဂလိပ်က ဖွဲ့ပေးသည့် Burma Army ဗမာ့တပ်မတော်အတွင်းသို့ ဖက်ဆစ်ကိုတော်လှန်ခဲ့သော တပ်မတော် PBF ပြောင်းလဲထည့်သွင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ်ရာထူး (Brigadier General) ဖြင့် ဒုတပ်မတော် စစ်ဆေးရေးအရာရှိချုပ် ရာထူးထမ်းဆောင်ရန် ဗြိတိန် အရှေ့တောင်အာရှ စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ကမ်းလှမ်းသော်လည်း ဗိုလ်ချုပ်သည် တစ်ဦးတည်းမဆုံးဖြတ်။ သူ ပါဝင်နေသည့် ဖ.တ.ပ.လ အဖွဲ့ချုပ်နှင့် မျိုးချစ်ဗမာ့တပ်မတော်သို့ ထိုကမ်းလှမ်းချက်ကို တင်ပြပြီး အများ၏ အဆုံးအဖြတ်ကို နာခံကာ ရာထူးကို လက်ခံခြင်းမပြုခဲ့ဘဲ နိုင်ငံလွတ်လပ်ရေးအတွက် ပိုမိုစွမ်းဆောင်နိုင်မည့် ဖ.တ.ပ.လ ကိုသာ ပုံကာ ရွေးချယ်ခဲ့သည်။ ထိုသို့ လက်ရှိရာထူးမှ ထွက်လိုက်သည့်အတွက် ဗိုလ်ချုပ် စားဝတ်နေရေး အတော်ကျပ်တည်းသွားခဲ့သည်။
လော့ဒ်မောင့်ဘက်တန်ထံသို့ ဗိုလ်ချုပ်၏ ပြန်စာမူရင်းမှ ကောက်နုတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
I have placed befor my colleagues in the AFPFL and the PBF your offer to appoint me in the Burma Army… I regret very much that I shall not be able to serve further in the Army. But this is the majority decision, and I must abide by it.
(အောင်ဆန်းမိသားစု - စာ ၁၈၃)
၁၉၄၇ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ (ဗိုလ်ချုပ်ကျဆုံးပြီး ၁၀ ရက်အကြာ) လွှတ်တော်တွင် "ကြေကွဲဝမ်းနည်းကြောင်းအဆို" ကို ၀န်ကြီးချုပ်ဟောင်း ဦးနု တင်သွင်းရာတွင်-
"ဗိုလ်ချုပ်နေရာမှာ ဗိုလ်ချုပ်မဟုတ်ဘဲနဲ့ တခြားက ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တဲ့ လူစားမျိုး၊ လောဘကြီးတဲ့ လူစားမျိုး၊ အဲဒီလို လူစားမျိုးတစ်ယောက် ရှိနေမယ်ဆိုရင် ဂျပန်ခေတ်တုန်းက တစ်သက်မဟုတ်ဘူး ဆယ်သက်မကုန်နိုင်အောင် ပစ္စည်းတွေစုနိုင်တယ်၊ အဲဒီအထိဖြစ်နိုင်တယ်။ ဂျပန်ခေတ်တုန်းက ဒီလိုရတဲ့ သြဇာအရှိန်အ၀ါတွေကို အလွဲသုံးစားပြုပြီးတော့ ပိုက်ဆံတွေဟာ သုံးမကုန်လောက်အောင် စုသွားကြတဲ့ လူတွေအကြောင်းကိုလည်း ဒီမှာကြွလာတဲ့ အမတ်မင်းတွေ အသိပါပဲ" ဟု ပြောကြားခဲ့သည့် စကားတွင်လည်း ဗိုလ်ချုပ်၏ ကိုယ်ကျိုးမရှာ ပြည့်အကျိုးကိုသာ ရှာခြင်းကို မြင်တွေ့ရမည်။
(အောင်ဆန်းမိသားစု - စာ ၁၇၀)
ဗိုလ်ချုပ်မဖြစ်မီ ကိုအောင်ဆန်းဘ၀ကပင် နိုင်ငံ့အကျိုးကိုသာ ရှေးရှုခဲ့သည်။ ထိုခေတ်က ဘီအေအောင်လျှင် မြို့ပိုင်၊ နယ်ပိုင်စသည့် ရာထူးများ အလွယ်ရနိုင်ပြီး သူဌေးသမီး ဥစ္စာပေါ ရုပ်ချောများကို ခေါင်းခေါက်ရွေးနိုင်သည့်တိုင် ဘီအေဘွဲ့ရ ကိုအောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံရေးနယ်ပယ်အတွင်းသို့သာ ခြေစုံပစ်ဝင်ခဲ့သည်။
လူဆိုသည်မှာ ပုထုဇဉ်မှန်လျှင် အတ္တရှိသည်။ အတ္တကို ချိုးနှိမ်ပြီး မိမိဦးဆောင်ရသည့် အဖွဲ့အစည်း သို့မဟုတ် နိုင်ငံအကျိုးစီးပွားကို ရှေ့တန်းတင်နိုင်ခြင်းသည် ခေါင်းဆောင်ကောင်း၏ အမှတ်လက္ခဏာပင်ဖြစ်ပြီး ထိုသူဦးဆောင်သော အဖွဲ့အစည်း သို့မဟုတ် နိုင်ငံသည်လည်း ပန်းတိုင်သို့ ရောက်ရှိပေမည်။ မိမိနောက်လိုက်အများ၏ ချစ်ခင်ကြည်ညိုခြင်းကိုလည်း ခံရပေမည်။ ဗိုလ်ချုပ်အား မြန်မာပြည်သူများကလည်း လေးစားကြည်ညိုကြသလို နိုင်ငံသည်လည်း လွတ်လပ်ရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်ခဲ့သည်။ ယင်းမှာ ဗိုလ်ချုပ်သည် 'Putting the organization's interests before personal interests' သဘောတရားနှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီသောကြောင့် ဖြစ်သည်။
Wednesday, February 17, 2010
ဗိုလ်ချုပ်နှင့် ခေါင်းဆောင်မှုရှာပုံတော် (၂) - ဇေယျသူ
(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 7:51 AM
Labels ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment