Tuesday, February 16, 2010

Haiti ငလျင်က ပေးတဲ့အတွေး - ကိုဉာဏ် (ပန်းလောင်မြေ)


တစ်နေ့က မိတ်ဆွေတစ်ယောက် မေးလာတဲ့ မေးခွန်းတစ်ခုကြောင့် ဒီစာကို ရေးဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီစာကို ရေးချင်တဲ့အတွက် အဲဒီမေးခွန်းကို စောင့်နေခဲ့ရတာ တစ်လကျော်သွားပြီဖြစ်ပါတယ်။ ရှင်းပြပါရစေ။ မေးခွန်းမေးခဲ့တဲ့ မိတ်ဆွေက မြန်မာ့သွေးဘလော့ဂ်ကို ပုံမှန်ဖတ်ရှုသူတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့်ကိုလည်း မကြာခဏ အားပေးတတ်သူ၊ တစ်ခါတစ်လေ ဝေဖန်ထောက်ပြတတ်သူ တစ်ဦးပါ။ ဘလော့ဂ်ကို ပုံမှန်ဖတ်နေသူဖြစ်တဲ့အတွက် ကျွန်တော့်ဘလော့ဂ်မှာ ဘယ်လိုအကြောင်းအရာတွေကို တင်ပေးတတ်တယ်၊ ကျွန်တော့်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေက ဘာလဲဆိုတာကို ကောင်းကောင်းသိတဲ့ လူနည်းစုထဲက တစ်ယောက်ပါ။ သူကတော့ ပြောရှာပါတယ်…. ငါလည်း မေးမလို့ မေးမလို့နဲ့ မမေးဖြစ်တာ၊ အခုတော့ကြုံလို့ မေးကြည့်ဖြစ်တာပါတဲ့။ ဟုတ်ကဲ့… သူမေးတဲ့ မေးခွန်းက ဘာမှ အထူးအဆန်းကြီး မဟုတ်ပါဘူး။
"မင်းဘလော့ဂ်မှာ ဒီလောက် စုံနေအောင် တင်ပေးထားပြီး ဟေတီသတင်းကို ဘာဖြစ်လို့ မတင်ပေးတာလဲတဲ့။ သတင်းတိုလေးတောင် မတွေ့ဘူး" တဲ့။

ကျွန်တော်ဖြေမည်
ဟုတ်ပါတယ်။ ဟေတီငလျင်သတင်းကို ကျွန်တော် သတင်းအဖြစ်နဲ့တောင် တင်မပေးထားပါဘူး။ တမင်ကို မတင်ပေးဖြစ်တာပါ။ အဲဒီလို မတင်ပေးဖြစ်အောင် အားတင်းရတာလည်း အတော်ပင်ပန်းပါတယ်။ ကျွန်တော်ပြောခဲ့သလို အခုရေးနေတဲ့စာကို ရေးချင်တဲ့အတွက် မေးခွန်းတစ်ခု ကျွန်တော့်ဆီကို ရောက်မလာမချင်း မရေးဘူးလို့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေလို့ပါ။ တစ်ပတ်ကြာလည်း ဘယ်သူကမှ မမေး၊ နှစ်ပတ်လည်း မထူး၊ သုံးပတ်လည်း ဘယ်သူကမှ ပါးစပ်မဟ၊ လေးပတ်ကြာလည်း အသံမကြားဆိုတော့ အတော်လေးကို စိတ်ပျက်မိ၊ အားငယ်မိတာ အမှန်ပါပဲ။ ဟော… အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို မေးလာပါပြီ။ ကျွန်တော် အင်မတန် ပျော်ပါသည်။ သူများတွေ ဒုက္ခရောက်နေတဲ့သတင်းကို ကျွန်တော်က ပျော်နေတဲ့အတွက် ကျွန်တော့်ကို ဝေဖန်ကြ၊ မေတ္တာပို့ကြမယ်ဆိုရင်လည်း ကျေကျေနပ်နပ်ကြီး ခံယူပါမယ်။ တစ်လကျော်လောက် ကျွန်တော့်ရင်ထဲမှာ ခိုးလုခုလု ဖြစ်နေခဲ့ရတဲ့ အလုံးတစ်လုံးကို ချေဖျက်လိုက်ရပြီဖြစ်တဲ့အတွက် ကျေနပ်ပါတယ်။ ကျွန်တော်ပြောချင်တာတွေကို ပြောပါမည်၊ မေးခွန်းတွေအတွက် ဖြေပါမည်။

ဟေတီနိုင်ငံဆိုသည်မှာ
ဟေတီနိုင်ငံဆိုတာ အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်း၊ မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်အကြား၊ မက္ကဆီကိုပင်လယ်ကွေ့၏ အရှေ့တောင်ဘက် ကာရစ်ဘီယံပင်လယ်ကြီးအတွင်းရှိ ဟစ်စပန်နီယိုလာဆိုသည့် ကျွန်းကြီးတစ်ကျွန်းပေါ်တွင် တည်ရှိသည့် နိုင်ငံငယ်လေးတစ်ခု။ ဟေတီက ကျွန်းအနောက်ပိုင်းမှာ တည်ရှိပြီး သူတို့နဲ့အတူ နှစ်ယောက်တစ်အိပ်မက်,မက်ကာ ထိုကျွန်းပေါ်တွင် နောက်ထပ်တည်ရှိသည့်နိုင်ငံက ဒိုမီနီကန်သမ္မတနိုင်ငံ။ ဟေတီနိုင်ငံရဲ့ အကျယ်အ၀န်းက ဧရိယာစတုရန်းမိုင် ၁၀၇၁၄ သာရှိသည်။ လူဦးရေ ၉ သန်းကျော်ရှိပြီး ၉၅ ရာခိုင်နှုန်းက လူမည်းများဖြစ်သည်။ ၁၈၀၄ ခုနှစ်တွင် ပြင်သစ်ကိုလိုနီ လက်အောက်ခံအဖြစ်မှ လွတ်လပ်ရေးရခဲ့သည်။ မြို့တော်မှာ ပို့(တ)အော်ပရင့်(စ)ဖြစ်ပြီး နိုင်ငံ၏ လက်ရှိသမ္မတက ရီနီပရီဗယ်ဖြစ်သည်။

ဟေတီမှာ ကမ္ဘာပျက်ခဲ့ရတဲ့ ဇန်န၀ါရီ ၁၂ ရက်
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၄ မိနစ်ခန့်မှာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၀ အဆင့်ရှိသည့် ငလျင်တစ်ခုက မဖိတ်ခေါ်ဘဲနှင့် ဟေတီနိုင်ငံလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ ဦးတည်ဗဟိုချက်ဖြစ်ခဲ့သည်က မြို့တော် ပို့(တ)အော်ပရင့်(စ)၏ အနောက်တောင်ဘက် ၁၀ မိုင်ကျော်ခန့်အကွာ မြေအောက် (၈.၁) မိုင် အနက်တွင်ဖြစ်သည်။ သူချည်းပဲ လာတာမဟုတ်ဘဲ နောက်တော်ပါရံရွေတော်တွေအဖြစ် ရစ်ခ်ျတာစကေး ၅.၀ မှ ၅.၉ အကြားရှိ ငလျင်လှုပ်မှုပေါင်း (၁၄)ကြိမ်အပါအ၀င် Aftershock များစွာ လှုပ်ခတ်ခဲ့သေးသည်။

တစပြင်ဖြစ်သွားတဲ့ ဟေတီမြို့တော်
အဲဒီငလျင်ကြောင့် လူဦးရေ (၂)သန်းကျော် နေထိုင်တဲ့ မြို့တော် ပို့(တ)အော်ပရင့်(စ)မှာရှိတဲ့ အဆောက်အအုံအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ပြိုလဲပျက်စီးကြေမွသွားသည်။ ငလျင်ဖြစ်ပြီးပြီးချင်း ချက်ချင်းရေတွက်လို့ရသမျှက လူ (၇)သောင်းကျော် သေဆုံးသွားခဲ့ရသည်။ လူ ခုနစ်သောင်းဆိုသည့် ပမာဏသည် မျက်လုံးပြူးရုံသာမဟုတ်၊ အသက်ရှူရပ်သွားလောက်သည်အထိ ဆိုးဝါးလှသည့် ပမာဏ။ သို့သော် ဘယ်သူမှ မျက်လုံးမပြူးနိုင်၊ အသက်ရှူ မရပ်နိုင်ကြသေး။ ပြိုလဲပျက်စီးနေသည့် အဆောက်အအုံ အပျက်အစီးတွေအောက်မှာ လူတွေ ဘယ်လောက်ရှိနေသေးလဲဆိုတာ ဘယ်သူမှ မပြောနိုင်၊ ဘယ်သူမှ မခန့်မှန်းနိုင်။ သမ္မတနန်းတော်လည်း ပြိုလဲသွားပြီ၊ လွှတ်တော်လည်း မြေခသွားပြီ။ အစိုးရအဖွဲ့ ဘယ်မှာရုံးစိုက်ရမှန်း မသိတော့။ ဘယ်သူတွေကို တာဝန်ပေးရမှာလဲ မဆုံးဖြတ်နိုင်တော့။ သေတဲ့လူတွေကို ဘယ်မှာထားရမလဲ မစဉ်းစားနိုင်၊ အပျက်အစီးတွေအောက်က လူတွေ၊ အလောင်းတွေကို ဘယ်လိုကယ်ထုတ်၊ ဖယ်ထုတ်ရမလဲဆိုတာ တွေးတောင်မတွေးတတ်။ မသေဘဲ ဒဏ်ရာဗရပွ၊ မျက်နှာမှာ မျက်ရည်မရှိဘဲ သွေးစည်းချောင်းပဲ ပြည့်နေတဲ့ လူတွေကို ဘယ်လို ဆေးကုပေးရမလဲ၊ စားနပ်ရိက္ခာ ဘယ်လိုလုပ်ပေးရမလဲ၊ ဘယ်နေရာမှာ နေရာချထားပေးပြီး အနားယူခိုင်းရမလဲ။ ကြည့်လေရာရာ မြို့တော်တစ်ခုလုံးက သုဿာန်တစပြင်သက်သက်၊ အလောင်းတွေက နေရာအနှံ့၊ ညည်းညူသံတွေက မသဲမကွဲ၊ အုတ်ပုံအပျက်အစီးတွေက ကမ်းမမြင်လမ်းမမြင် အပြည့်အနှက်၊ သွားလာနေသူတွေ ကြည့်တော့လည်း မျက်နှာက ဖြူဖပ်ဖြူရော်၊ သွေးစသွေးနတွေနှင့်၊ မျက်လုံးကြောင်တောင်နှင့်၊ ရီဝေသောအကြည့်တို့နှင့် ငိုစရာမျက်ရည်မရှိတော့သည့် လူသေကောင်မျက်နှာတို့နှင့် တကယ့်ကို လောကငရဲ ဖြစ်သွားရသည်။ ပင်လယ်ဆိပ်ကမ်း ပျက်စီးသွားသည်၊ လေဆိပ်က အပြည့်အ၀ သုံးမရတော့၊ လမ်းပန်းဆက်သွယ်ရေးတွေက အားလုံးကမောက်ကမ၊ ဆက်သွယ်ရေးဆိုတာ စဉ်းစားလို့မရတော့။

ကယ်ပါယူပါ တစာစာ
ဟေတီသမ္မတက ချက်ချင်းဆိုသလိုပဲ နိုင်ငံတကာသို့ မေတ္တာရပ်ခံသည်။ သူတို့နိုင်ငံအတွက် အကူအညီများ ပေးကြဖို့၊ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ပေါ့။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နိုင်ငံများအနေနှင့် လက်ပိုက်ကြည့်မနေကြပါနှင့်၊ ကူညီကြပါ၊ ရိုင်းပင်းကြပါဟု နှိုးဆော်ပေးနေရသည်။ အမေရိကန်တို့ ရုရှားတို့၊ ဂျာမနီတို့၊ ပြင်သစ်တို့ကလည်း နိုင်ငံတွေအားလုံး အကူအညီပေးကြဖို့၊ အလှူငွေထည့်ဝင်ကြဖို့၊ နည်းပညာတွေ အကူအညီပေးကြဖို့ ရွာဆော်လုပ်နေကြရသည်။

ဆိုးဝါးလွန်းတဲ့ စံချိန်တွေ
၂၀၁၀ ပြည့်နှစ်ရဲ့ ကန့်လန့်ကာအဖွင့်ကို ဟေတီငလျင်က မလှမပဖြင့် ခပ်ကြမ်းကြမ်း ဆွဲဖွင့်လိုက်သည်။ ခပ်ကြမ်းကြမ်းမှ တကယ့်ကို ကြမ်းရမ်းလွန်းလှသည်။ ဟေတီနိုင်ငံရဲ့ နှစ် ၁၀၀ ကျော်သက်တမ်းအတွင်းမှာ တစ်ကြိမ်မှ မကြုံဖူးသေးတဲ့ ဘေးအန္တရာယ်နှင့် ခါးသီးစွာ လက်တွေ့ကြုံလိုက်ရသည်။ ကာရစ်ဘီယံဒေသ၌ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အင်အားအပြင်းဆုံးနှင့် ပျက်စီးမှုပမာဏ အကြီးဆုံးငလျင်အဖြစ် စံချိန်တင်သွားခဲ့သည်။ လူဦးရေ ၉ သန်းကျော်သာ ရှိသော နိုင်ငံငယ်လေးတစ်ခုအတွက် လူ ၃ သန်းကျော် အတိဒုက္ခရောက်သွားစေခဲ့သည်ကလည်း ဆိုးဝါးလွန်းလှသည်။

ဝန်ခံပါတယ်
ဟေတီငလျင်အတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ အခုနောက်ဆုံး စာရင်းဇယားတွေအရ လူဦးရေ နှစ်သိန်းကျော် သေဆုံးခဲ့ရပြီဆိုသည့် သတင်းက ဘယ်လိုမှ ပျော်စရာမကောင်းတာ၊ ကြည်နူးစရာမကောင်းတာ အသေအချာဖြစ်ပါသည်။ လူတွေသေသွားတာကို ၀မ်းနည်းစိတ်မကောင်းဖြစ်မိသည်ထက် ကျန်ရစ်ခဲ့သူတွေအတွက် ပိုလို့ သနားမိသည်။ မိဘမဲ့သွားတဲ့ ကလေးငယ်တွေ ဘယ်လောက်များနေပြီလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိ၊ ဘယ်မှာနေရမှန်းမသိတဲ့ ဒုက္ခသည်တွေ ဘယ်လောက်များနေမလဲ၊ စားစရာမရှိ၊ နေစရာမရှိ၊ အကူအညီတောင်းစရာမရှိ ဖြစ်နေသည့် ဒုက္ခသည်က ရေတွက်နိုင်မှာမဟုတ်။ သို့သော် ထိုဝမ်းနည်းစိတ်ကို ကျွန်တော်အကြာကြီး မထိန်းထားနိုင်ပါ။ ဟေတီသတင်း ဖတ်ရသည့်ခဏတွင်တော့ သနားစရာကောင်းလိုက်တာ ဆိုတာလောက်ပဲ ဖြစ်မိပါသည်။ ကိုယ့်အလုပ်တွေနှင့်ကိုယ်မို့ ဟေတီကိစ္စကို အလေးထားပြီး အချိန်ပေးမနေနိုင်ပေ။ ရှင်းအောင်ပြောရလျှင် ဟေတီကဒုက္ခသည်တွေ စားစရာမှ ရှိပါ့မလားဆိုတဲ့အတွေးထက် မနက်မိုးလင်း အိပ်ရာနိုး၍ နံနက်စာစားဖို့ကိစ္စသည် ကျွန်တော်အတွက် ပိုအရေးကြီးတာကို မညာတမ်း ၀န်ခံပါသည်။ သူတို့အကြောင်းကို တွေးနေပြီး မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်၊ အလုပ်မလုပ်နိုင် ကျွန်တော်မဖြစ်မိပါ။ အခြားသူများတော့ ကျွန်တော်မသိပါ။

ကျွန်တော့်အတွက် ဟေတီကပေးတဲ့ အတွေး
ကျွန်တော်တစ်ခု စဉ်းစားမိတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း နာဂစ်ဆိုတဲ့ ကြီးကြီးမားမား သဘာဝဘေးအန္တရာယ်တစ်ခု ကိုယ်တွေ့ကြုံခဲ့ရဖူးတယ်။ ဘယ်လောက်ရုန်းကန်ခဲ့ရတယ်၊ ကြိုးပမ်းလုပ်ဆောင်ခဲ့ရတယ်ဆိုတာ အားလုံးအသိ။ အခုထိလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တာဝန်ရှိသူတွေက ဦးဆောင်ပြီး အင်တိုက်အားတိုက် လုပ်ဆောင်နေဆဲ။ ကျွန်တော်တို့တွေ နာဂစ်ဒဏ် ခံခဲ့ရတုန်းကလည်း အခြားနိုင်ငံတွေက ၀မ်းနည်းကြောင်း၊ စာနာကြောင်းတွေ ပြောခဲ့ကြ၊ ပြသခဲ့ကြ၊ ကူညီခဲ့ကြသည်။ သူ့အထွာနဲ့သူပေါ့။ ဒါပေမယ့် အချိန်တန်တော့လည်း ကိုယ့်အားကိုယ်ကိုး၊ ကိုယ်လှေကိုယ်ထိုးပြီး လုပ်ရတာပါပဲ။ ဘယ်နိုင်ငံကတော့ မြန်မာနိုင်ငံအတွက် ၀မ်းနည်းပါတယ်၊ ဘယ်လိုအကူအညီတွေ ပေးချင်ပါတယ် စတဲ့သတင်းတွေကို ဖတ်ရရင် အရမ်းကို ရယ်ချင်တာပဲ။ တစ်ချို့သတင်းတွေများဆိုရင် သူတို့တွေက ကိုယ်တွေမြန်မာတွေထက်ပဲ ပိုလို့ ၀မ်းနည်းနေသယောင်ယောင်၊ ပိုလို့ စိတ်ထိခိုက်နေသယောင်ယောင် ဖတ်ရ၊ မြင်ရ၊ ကြားရတော့ ဖတ်နေရင်းနဲ့ အော်ရယ်ချင်လိုက်တာမှ အရမ်းကိုပါပဲ။ ကိုယ့်မြန်မာတွေက ကူညီနေတာကိုတော့ အလေးမထားဘဲ နိုင်ငံခြားအကူအညီဆိုတာတွေကို လည်ပင်းရှည်အောင် မျှော်နေခဲ့တဲ့ လူမျိုးတွေအကြောင်းကိုလည်း ပြန်ကြားရ၊ ပြန်သိရတော့ စိတ်မကောင်းဖြစ်မိသေးတယ်။

အခုတော့ ပြောလို့ရပါပြီ။ ဟေတီနိုင်ငံမှာ အခု ကျွန်တော်တို့ နာဂစ်ထက် အဆပေါင်းများစွာဆိုးတဲ့ ငလျင်ဘေးဆိုးကြီးဒဏ် ခံလိုက်ရပါပြီ။ လူနှစ်သိန်းကျော် သေဆုံးခဲ့ရပြီဖြစ်တဲ့ ဟေတီနိုင်ငံအတွက် ကျွန်တော်တို့တွေ ကိုယ်ထိလက်ရောက် ဘာတွေလုပ်ပေးနိုင်ပါသလဲ။ ဘာတွေ ကူညီပေးနိုင်ပါသလဲ။ စာနာသနား စိတ်မကောင်းဖြစ်ပေးရုံမှတစ်ပါး ကျွန်တော်တို့တွေ ဘာများလုပ်ပေးနိုင်ခဲ့ပါသလဲ။

တိုက်တွန်းလိုပါတယ်
ကျွန်တော်တို့နိုင်ငံအတွက်၊ လူမျိုးအတွက် ကျွန်တော်တို့တွေမှာ လုပ်စရာတွေ အများကြီးရှိပါတယ်။ အခုဆိုရင် ကြီးမားတဲ့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ မလွဲမသွေကြုံရမယ့် ၂၀၁၀ ကို ရောက်ရှိလာခဲ့ပါပြီ။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံးအနေနဲ့ အမေကျော် ဒွေးတော်လွမ်းမနေဘဲ၊ သူတစ်ပါးကို အားကိုးချင်စိတ်ပဲ မွေးမနေကြဘဲ မိမိကျရာတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ရင်း၊ ကိုယ့်ပြည်တွင်းရေးကို ကိုယ့်တိုင်းရင်းသား၊ ကိုယ့်သွေးသား ညီအစ်ကိုမောင်နှမအချင်းချင်း တိုင်ပင်ညှိနှိုင်းဆွေးနွေး အဖြေရှာရင်း ကိုယ့်အားကိုယ်ကိုးပြီး လက်ရှိရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီကို အရောက်လှမ်းချီတက်သင့်ပါကြောင်း မြန်မာ့သွေးမှ တိုက်တွန်းလိုပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၆ ရက်၊ အင်္ဂါနေ့။
နေ့လည် ၁၁ နာရီ ၀၆ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics