တရုတ်ပြည်ခေါင်းဆောင် မော်စီတုန်းကတော့ "စာအုပ်ပေါင်း တစ်ကုဋေဖတ်တတ်တာ ဖတ်နိုင်တာ အဆန်းမဟုတ်၊ ချီးကျူးစရာမဟုတ်။ ၀က်တစ်ကောင် ဖြောင့်ဖြောင့် သတ်တတ်ဖို့ (လက်တွေ့)က ပိုအရေးကြီးသည်"ဟု သူ၏ နာမည်ကျော် ON STUDY "လေ့လာရေး" ဟူသော ကျမ်းမှာ ရေးခဲ့သည်။
သူက စာဖတ်တဲ့အလုပ်ဟာ ကမ္ဘာမှာ အလွယ်ဆုံးအလုပ်ဟုပင် ပြတ်ပြတ်ပြောခဲ့သည်။ သူကိုယ်တိုင် (သူ့အတ္ထုပ္ပတ္တိမှာ ဖတ်ရတာ)ကလည်း စာကြည့်တိုက်ကြီး တစ်ခုလုံးကိုဖတ်ပြီး သူ့ကိုယ်သူ "သင်" ခဲ့သည်။ Self-Study၊ ဆရာမရှိ ပေါ်လစီ၊ အဲဒီစာအုပ်တွေဖတ်ပြီး ရုရှားစတာလင် အမိန့်သြဇာ ညွှန်ကြားမှုအောက် ခေါင်းငုံ့ မ၀င်ဘဲ သူ့နည်းသူ့လမ်းနှင့် သူ့စခန်းကို (တရုတ်ပြည်အား ခေါ်သွား)ခဲ့သည်။
ယနေ့ တရုတ်ပြည်သည် လက်တွေ့တရုတ်ပြည် ဖြစ်သည်။ သဘောတရားအပြော တရုတ်ပြည်၊ စာဖတ်သက်သက် တရုတ်ပြည်မဟုတ်တော့။ ယနေ့ကမ္ဘာမှာ အမေရိကန်ကို ယှဉ်နိုင်နေသည်မှာ လက်တွေ့အလုပ် လုပ်သောကြောင့် ဖြစ်သည်။ သဘောတရားခေတ် အပြောခေတ်၊ အဟောခေတ်၊ အဖတ်ခေတ်ကို ထားခဲ့သည်။ မဖတ်ရမဟုတ်၊ ဖတ်ပါ။ မပြောရမဟုတ်၊ ပြောပါ။ သဘောတရားရေးပါ၊ မရေးရ မဟုတ်။
သို့သော် လက်တွေ့အလုပ် လုပ်သူကို ကျွန်တော်တို့ ဘာသာ,သာသနာမှာ သိကြားမင်းကတောင် ရှိခိုးရသည်။ ဗေဒင်မမှန်နိုင်။ အလုပ်,လုပ်သူကို အဆိုးမဟောနိုင်။ ဗေဒင်ဆရာ လက်မှိုင်ချရသည်။ ယောက်ျားကောင်းဟေ့- အလုပ်လုပ်လျှင် မိုးကို ဒူးနှင့်တိုက်နိုင်သည်။ တရုတ်တို့ မိုးတွေလေတွေကို ဒုံးနှင့်ခွင်း၍ မောင်းထုတ်ပစ်သည်။ မိုးလေ၀သကို လက်တွေ့ပိုင်စိုးခဲ့ပြီ။
ဗိုလ်ချုပ်အောင်ဆန်းကလည်း သူ၏ "နိုင်ငံရေးအမျိုးမျိုး" ဆောင်းပါး၌-
"အများအားဖြင့် စင်မြင့်ပေါ်တက် အသံကျယ်ကျယ်အော် ဟိုဆဲဒီဆဲဆိုလျှင် နိုင်ငံရေးဟု ထင်၏။ ဤအရာမျိုးကား နိုင်ငံရေး မဟုတ်။ Demagogy ဓမင်ဂေါ်ဂီခေါ် လူပြိန်းကြိုက် အပေါစားနည်း ဖြစ်၏။
အချို့က ဒါကို အဟုတ်ထင်၊ ဟစ်တလာ၊ မူဆိုလီနီ ယောင်ဝါးကြ၏။ ဒီလို ၀ါးသူတွေ ကြာကြာမခံ။ နဂိုပေါ်လာလျှင် တိမ်မြှုပ်သွားကြသည်က များသည်။ တချို့လည်း စဉ်းစားသော ဤခေတ်သစ်၌ ပေါ်လာသော ၀ါဒများကို ကြားရပြီး အဟုတ်မှတ်ယောင်ရမ်း ပြောကြရေးကြ သီချင်းစပ်ကြ၏"
လို့ ရေးခဲ့သည်။
ခေတ်တစ်ခေတ်သို့ ပြောင်းတော့မည့် အကြို ယနေ့ကာလတွင်လည်း ဗိုလ်ချုပ်ပြောခဲ့သလိုမျိုးတွေ တွေ့လာနေရ၏။ အင်တာနက် ၀က်ဘ်ဆိုက်တွေ၊ ပုံနှိပ်စာတွေမှာ အချင်းချင်း ခွပ်ကြသွပ်ကြ ထိုးကြချိုးကြ ချက်ကြနှက်ကြ မျက်စိရှုပ် နားရှုပ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အလွဲသုံးစား လုပ်နေကြသလား၊ စဉ်းစားဖို့။ ဗုဒ္ဓဘာသာနိုင်ငံ ဗုဒ္ဓဘာသာနည်း မေတ္တာဖြင့်ယှဉ်သော ပြောဆိုရေးသားနိုင်မှု အားနည်းကြရော့ထင့်။ အာဃာတ၊ ၀ိဘစ္ဆ၊ ရုဒ္ဒ ဒေါသသင့် အပြောအဆိုများ တွင်ကျယ်နေသလား။ စဉ်းစားဖို့။
အတိုက်အခံများ… အပြုအကောင်း အကြံဉာဏ်စကားထက် အဖျက်အဆိုး အမှောင့်စကား အရေးအသား များနေသလား။ စဉ်းစားဖို့။
တိုင်းပြည်ကောင်းစားရေး ပေါင်းစည်းဖို့ ပြောဆိုသံများ ကြားရခဲဘိတောင်း၊ လက်ခုပ်သံမြူသော တရားပွဲများ ခေတ်စားနေသလား။ စဉ်းစားဖို့။
လောက၌ လက်ခုပ်သံမြူသော စကားဝိုင်းသည် လွယ်ပါ၏။ မခက်ပါ။ အပြောကောင်းသတဲ့၊ ဟုတ်ကဲ့ လွယ်ပါ၏။ မခက်ပါ။ Anti လုပ်သဟေ့၊ ချသကွ ဆော်သဟ မခက်ပါ။ လွယ်လွယ်လေး။
တော်လှန်တဲ့ကဗျာ၊ လက်မရွံ့ကဗျာ၊ အမေရိကန်ဆန့်ကျင်ရေးကဗျာ၊ လက်ဝဲ ကဗျာ၊ ဂျူးလီးယက်ဖူးချစ်ကဗျာ မခက်ပါ။ လွယ်လွယ်လေး။ ခံစားမှုအတု ကူးချ ပြန်ရေး လက်သီး-လက်မောင်း ရွတ်ဖတ်သရဇ္ဇျယ် ပြောဆိုရေးသားရတာ အလွန်လွယ်ပါ၏။ ပရိသတ်လည်း ရလွယ်ပါ၏။ ဖြစ်လာမည့် ကြုံလာမည့် အန္တရာယ်ရန်စွယ် ကာကွယ်ရတာ (လက်တွေ့) က မလွယ်ပါ။ ခက်လှ၏။ ခက်ပါ၏။
မော်စီတုန်းပြောသလိုပင် ၀က်တစ်ကောင် သတ်ဖူးရဲ့လား။ သတ်တတ်ရဲ့လား။ ခင်ဗျားစကားက လွယ်လွန်း၏။ ခင်ဗျားစာ၊ ခင်ဗျားကဗျာက လွယ်လွန်း၏။ လက်တွေ့ (ခက်တဲ့ကိစ္စ) အတူတူ လုပ်ကြည့်ရအောင်။ စိန်ခေါ်ချင်စမ်းပါဘိ။
ဘုံပလက်ဖောင်းရှာဖို့ လိုပါသည်။ ဗိုလ်ချုပ်ပြောတဲ့ လူပြိန်းကြိုက်များ ကြော်ငြာ (ကျော်အောင်ညာတာများ) က များလွန်းစွ။ ဘုံသဘောတူညီချက် ပလက်ဖောင်း၊ ဂရောင်းရှာဖို့က ပို၍ အရေးကြီးပါ၏။
ဥပမာ- နောင်ပေါ်လာမည့် တရားဝင် ဖွဲ့စည်းပုံဥပဒေအရ "လွှတ်တော်"၊ အဲဒီ နေရာမျိုးက ပို၍ အရေးကြီးပါသည်။ ကလေက၀ ပြောဆိုရေးသားရတာက လွယ်ပါသည်။ အရေးလည်းမပါ အရာလည်းမ၀င် အရေးလည်း မကြီးပါ။
မကြာခင်က ကမ္ဘာကျော် နိုဘယ်လ်ဆုရှင် "စတစ်ဂလစ်" လာပြီး အကြံကောင်း ဉာဏ်ကောင်းများ ပြောဟောသွားသည်။
မြန်မာ့အတိုက်အခံသမားများက ဤသို့ စိတ်ထားနှင့် ပြောနိုင်ကြသလား၊ စဉ်းစားဖို့။ နိုင်ငံခြားက မနေနိုင်မထိုင်နိုင် လာကူပြီး စဉ်းစားပေးသည်။ စိတ်နေ စိတ်ထား အတုယူဖို့။ စဉ်းစားဖို့။
နိုင်ငံရေးက အပြောလွယ်သည်။ လှသည်။ လွယ်သည်။ အလုပ်ခက်၏။ ညစာကျက်ဖို့ခက်၏။ လှတာမက်ဖို့ မခက်။
ဒီမိုကရေစီပဒေသာပင် မြေကပေါက်၊ နေ့ချင်းညချင်း ရွှေတိုင်းပြည်၊ နတ်ရေကန်ထဲချ မရနိုင်သေး။ အာဏာမှန်း၍ အလွမ်းသယ်ရသည်က လွယ်၏။ လက်တွေ့ လုပ်ရည်ကိုင်ရည် အမှန်ရှိသော အပြောသမားမဟုတ်၊ အလုပ်ဖြင့် သက်သေပြနိုင်သော နိုင်ငံရေးခေါင်းဆောင်သစ်ရဖို့ ခက်၏။ ပြည်သူက မျှော်၏။
ကျမ်းကိုး
သုတေသီမြင့်ထွန်း - ဗိုလ်ချုပ်အောင်ဆန်း သူ့ဘ၀စာနှင့် ထူးခြားသောအဆိုအမိန့်
ကိုကိုလှိုင် - နိုင်ငံရေးအပြောနှင့်အလုပ်၊ ရန်ကုန်တိုင်းမ် အတွဲ (၆) အမှတ် (၄)
မော်စီတုန်း - ON STUDY ၊ လက်တွေ့ကျမ်း၊ ပဋိပက္ခကျမ်း
Sunday, February 14, 2010
နိုင်ငံရေးသဘောတရားအပြောနှင့် လက်တွေ့အလုပ်ကွာခြားမှု - ကျော်စိန်ထွန်းမြင့်
(Northern Star ဂျာနယ် အမှတ် ၅၃ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 9:03 AM
Labels 2010, Political, ဆောင်းပါး-Article, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment