၃၁-၁-၂၀၁၀ (တနင်္ဂနွေနေ့)
ဇာတ်ကားအမည် - ရွှေနားတော်သွင်း ချစ်ခြင်းစကား
ဇာတ်ညွှန်း - အောင်ကြီး
ဇာတ်လမ်း နှင့် ဒါရိုက်တာ - မောင်မျိုးမင်း (ရင်တွင်းဖြစ်)
သရုပ်ဆောင်များ - ကျော်ကျော်ဗို၊ ညွန့်ဝင်း၊ ခင်သန်းနု၊ မြတ်မှူးခင်၊ ခင်လေးဆွေ၊ နေဆန်း၊ ပပစိုးကြည်
မှတ်ချက်
ဇာတ်အိမ်ခိုင်ခိုင်နဲ့ တကယ်ကို စိတ်ဝင်စားစရာကောင်းလှပါတယ်။ တင်ပြပုံကလည်း မောင်မျိုးမင်းစိတ်ကြိုက် ဖန်တီးထားပုံရတဲ့အတွက် သူ့နေရာနဲ့သူ ကွက်တိပါပဲ။ အထူးသဖြင့် အသံသွင်းတဲ့အခန်းကို တံခါးဖွင့်တဲ့အခါ တံခါးပေါက်အဟကိုလိုက်ပြီး အလင်းထိုးတာလေးကို ရိုက်ပြတာကို အရမ်းကို သဘောကျမိပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးမှာ ကျွန်တော်အထိဆုံး ဇာတ်ကွက်ကတော့ မြတ်မှူးခင်က ကိုယ်ဝန်ကြီးနဲ့ ဗိုက်နာလာတဲ့အချိန်၊ လမ်းမှာကားပျက်၊ ဗိုက်အပ်ထားတဲ့ ဆရာဝန်မကို ဖုန်းဆက်ပြီး အကူအညီတောင်း၊ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပါပဲ၊ အဲဒီဆရာဝန်မက ကျော်ကျော်ဗိုရဲ့ ဇနီးဖြစ်နေတယ်။ သူတို့ကားနဲ့ ကားပျက်တဲ့နေရာကို လာအခေါ်မှာ မြတ်မှူးခင်ကို မနိုင်တဲ့အတွက် ကျော်ကျော်ဗိုက ပွေ့ပြီး သူ့ကားပေါ်ကို တင်ပေးရတယ်။ အဲဒီလိုတင်ပေးပြီးတဲ့အချိန် ကျော်ကျော်ဗိုက ကားမောင်းတဲ့နေရာကို ပြန်မယ်အလုပ်မှာ မြတ်မှူးခင်က လက်ကို မလွှတ်ဘဲ ဆွဲထားတဲ့အခန်းလေးကို မျက်စိထဲမှာ မြင်ယောင်နေမိပါတယ်။ စကားလုံးတွေ တစ်လုံးမှ မပြောလိုက်ရပါဘဲ စကားတွေအများကြီးကို ကျွန်တော်ကြားလိုက်မိတယ်။ သရုပ်ဆောင်သစ်ဆိုပေမယ့် မြတ်မှူးခင်မှာ ဆွဲဆောင်မှုတစ်ခုတော့ ရှိနေတာတွေ့ရပါတယ်။ စကားမပီ၊ အချောအလှကြီး မဟုတ်ပေမယ့်လည်း သရုပ်ဆောင်တဲ့နေရာမှာ ဆွဲဆောင်မှုရှိတာတော့ အမှန်ပါပဲ။ "သားနာမည် အဓိပတိဘွား" ဆိုပြီး ကလေးသရုပ်ဆောင်က ကျော်ကျော်ဗိုကို ပြောတဲ့အခန်းကတော့ အသည်းနုသူတွေ မျက်ရည်ပေါက်ကနဲ ကျဦးမယ့်အခန်းပေါ့။
ကြည့်ဖြစ်အောင် ငှားကြည့်ဖို့အတွက် တိုက်တွန်းလိုက်ချင်တဲ့ ဇာတ်ကားတစ်ကားပါ။
၂-၂-၂၀၁၀ (အင်္ဂါနေ့)
ဇာတ်ကားအမည် - မျက်နှာဖုံး
ဇာတ်လမ်း၊ ဇာတ်ညွှန်း - သည်ခေတ်နေ
ဒါရိုက်တာ - နေပိုင်
သရုပ်ဆောင်များ - မင်းမော်ကွန်း၊ မို့မို့မြင့်အောင်၊ ဇော်ဝမ်း၊ ဦးအောင်လွင်၊ အောင်ခိုင်၊ မင်းညီ၊ ကေညီ၊ ၀ါးခယ်မရဲမောင်၊ ဒေါ်ထားအဖွဲ့၊ ရဲမြညွန့်အဖွဲ့၊ ကလေးသရုပ်ဆောင် ယွန်းယွန်း
မှတ်ချက်
စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ။ အပျင်းပြေအနေနဲ့ ငှားကြည့်သင့်တယ်လို့ ထင်မြင်ချက်ပေးလိုပါတယ်။
၇-၂-၂၀၁၀ (တနင်္ဂနွေနေ့)
ဇာတ်ကားအမည် - အပြာရောင်မုသား
ဇာတ်ညွှန်း - အောင်ကြီး
ဇာတ်လမ်း၊ ဒါရိုက်တာ - မောင်မျိုးမင်း (ရင်တွင်းဖြစ်)
သရုပ်ဆောင်များ - ကျော်ကျော်ဗို၊ မို့မို့မြင့်အောင်၊ ဖွေးဖွေး၊ နေဆန်း၊ ခင်မို့မို့အေး
မှတ်ချက်
မောင်မျိုးမင်းရဲ့ ပေးချင်တဲ့ message တွေကို ထင်ထင်ရှားရှား မြင်နိုင်တဲ့ ဇာတ်ကားတစ်ခုပါ။ မလွတ်တမ်း ငှားကြည့်ဖြစ်အောင် ငှားကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ သဘောကျမှာအသေအချာပါ။ ဇာတ်ကားတစ်ခုလုံးကို အဓိကချုပ်သွားတာကတော့ ဇာတ်သိမ်းခန်း နှစ်ခန်းပါပဲ။
ကျွန်တော်သဘောကျမိတဲ့ ဒိုင်ယာလော့ခ်လေးတွေကို ဖတ်ကြည့်ပါဦးနော်-
- အခက်အလက်နဲ့ အပွင့်တွေ ဝေဆာဖို့ထက် ကုပ်တွယ်ထားရတဲ့ မြေကြီး ကျွတ်ထွက်မသွားအောင် ဖက်တွယ်ထားရတဲ့ ဘ၀မျိုးပါ
- မဖြစ်နိုင်တော့တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ ခံစားရတဲ့အချိန်တိုင်း ဆန္ဒတွေက နောက်ဆုတ်သွားတတ်ပါတယ်
- လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ အဲဒီလူရဲ့ ကိုယ်ကျင့်တရားပဲ
- ကိုယ့်လုံခြုံမှုကို သူများဆီမှာ ရှာတယ်ဆိုတာ မရင့်ကျက်ဘူး
- ကိုယ်ရွေးချယ်တဲ့ လမ်းတစ်ခုက ကိုယ့်ကို စီရင်သွားလိမ့်မယ်
- သားသမီးရဲ့ယုံကြည်မှုကင်းမဲ့ခြင်း ခံစားရတဲ့အဖြစ်လောက်ဆိုးတာ လောကကြီးမှာ မရှိဘူး
- ကျွန်တော်တို့ဉာဏ်နဲ့ လှမ်းမမြင်နိုင်တဲ့အရာဟာ ကံကြမ္မာပဲ
- အချစ်တို့၊ အစွဲအလန်းတို့ဆိုတာ တည်ဆောက်လို့မရဘူး၊ သူ့အလိုလို ပေါက်ဖွားလာတာမျိုးတွေ
- တချို့စမ်းသပ်မှုတွေဟာ ဘ၀အဆစ်အကွေ့တွေမှာ သိပ်ကို အန္တရာယ်များတယ်၊ မလုပ်ကောင်းဘူး
- ချစ်ခြင်းမေတ္တာကို လိမ်လည်လှည့်ဖြားယူတာလောက် လောကမှာ အကျည်းတန်စေတာ မရှိပါဘူး
- မှားနေသူဘက်မှာလည်း အမှန်တရားရှိတယ်
- အချို့သော မုသားတွေအတွက် ဥပဒေကပေးတဲ့ အပြစ်ထက် ကံကြမ္မာက ပေးတဲ့အပြစ်က ပိုပြီး ပြင်းထန်တတ်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၈ ရက်၊ တနင်္လာနေ့။
ညနေ ၃ နာရီ ၀၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment