တုံးလို့ကြိုက်
ဧဒင်ဥယျာဉ်တွင် ဖြစ်သည်။
အာဒမ်က ဘုရားသခင်ကို မေး၏။
"ဘာကြောင့်များ ဧ၀ကို သိပ်လှအောင် ဖန်တီးခဲ့ရတာလဲ ဘုရား"
"မင်း အာရုံစိုက်မိအောင်လို့"
"ဘာကြောင့်များ ဧ၀ကို သိပ်ချိုသာအောင် ဖန်တီးခဲ့ရတာလဲဘုရား"
"ဒါမှ မင်း သူ့ကို ချစ်မိမှာပေါ့"
ဤအချက်ကို အာဒမ်သည် ခေတ္တမျှ စဉ်းစား၏။
"ဒါဖြင့် ဘာကြောင့်များ ဧ၀ကို သိပ်တုံး သိပ်အ အောင် ဖန်တီးခဲ့ရတာလဲဘုရား"
"ဒါမှပဲ မင်းကို ကြိုက်တော့မှာပေါ့ကွာ" ဟူသတည်း။
ငါ့ဟာကွ
ဟိုတယ်တစ်ခုမှာ နှစ်ယောက်အိပ်ခန်းကို ငှားပြီးခါမှ တစ်ယောက်ခန်းသို့ပြောင်းရွှေ့ပေးပါရန် ဟိုတယ်မန်နေဂျာက မေတ္တာရပ်ခံလာ သဖြင့် ကိုမြငွေသည် တစ်ယောက်ခန်းသို့ ပြောင်းရွှေ့ပေးလိုက်ပါ၏။ မန်နေဂျာက ထိုအခန်းသို့ သမီးရည်းစား စုံတွဲတစ်တွဲအတွက် နေရာပေးလိုက်၏။ မိမိနေရမည့်အခန်းသို့ရောက်ခါမှ ယခင်အခန်းတွင် ခုတင်ခြေရင်း၌ မိမိ၏ ထီးကောက်မေ့ကျန်နေခဲ့ကြောင်း ကိုမြငွေ သတိရ၏။ ထို့ကြောင့် ထီးပြန်ယူရန် ထိုအခန်းသို့သွားလေ၏။ အခန်းအပြင်ဖက် တံခါးသို့အရောက်တွင် အတွင်းမှ သမီးရည်းစားစုံတွဲ၏ စကားပြောသံများကို ကြားရသဖြင့် ခေတ္တနားစွင့်နေမိ၏။
"ခင်ရယ်၊ ဟောဒီ ရွှေရောင်ဆံပင်လှလှလေးတွေက ဘယ်သူ့ဟာလဲဟင်"
"အို၊မောင့်ဟာပေါ့ မောင်ကလည်း"
"ဟောဒီ သမင်မျက်လုံးလေးကရော"
"မောင့်ဟာပဲပေါ့"
"ဒီနှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကရောဟင်"
"မောင့်ဟာ၊ မောင့်ဟာ"
"ဒီဆင်ဆွယ်လို လက်မောင်းလေးတွေကရော"
"အို..မောင့်ဟာပဲပေါ့"
ထိုကဲ့သို့မေးလာရာ ပဉ္စငါးပါး ကုန်ခါနီးလာ၏။ အပြင်ကနားထောင်နေသော ကိုမြငွေ အတော်ကို စိုးရိမ်စိတ်ဝင်လာ၏။ ထို့ကြောင့် အပြင်မှနေ၍ လှမ်းအော်ပြောလိုက်လေ၏။
"အထဲက ကျေးဇူးရှင်လေး၊ ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ ထီးကောက်ကြီးကတော့ မင်းဟာမဟုတ်ဘူးနော်၊ အဲဒါ ငါ့ဟာကွ"တဲ့။
ကျုပ်ကိုလည်း ကုပေးပါလား
ပန်းခြံတစ်ခုအတွင်းမှ ခုံတန်းတစ်ခုတွင် သမီးရည်းစားစုံတွဲတစ်တွဲ ထိုင်နေ၏။ ခုံတန်း၏ တစ်ဖက်အစွန်းတွင်လည်း အဘိုးအိုတစ်ဦး စာအုပ်ဖတ်နေလေ၏။ သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာပြောသမျှကို အဘိုးကြီး အတိုင်းသား ကြားနေရ၏။
"မောင်၊ ခေါင်းနည်းနည်းမူးလာတယ်"
ကောင်လေးက နဖူးလေးကို နမ်းလိုက်၏။ထို့နောက်
"မူးသေးလားဟင်"
"ဟင့်အင်း၊ ပျောက်သွားပြီ"
အတန်ကြာသောအခါ မိန်းကလေးက
"မောင်၊ ဇက်ကြောတွေတက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏။
"ဘယ်လိုနေသေးလဲ"
"အင်း၊ သက်သာသွားပြီ"
ခဏကြာသော်..
"မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ်မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယနမ်းပေးလိုက်၏။ တစ်ဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်း ကတ်လာ၏။ ထို့ကြောင့် လှမ်းပြောလိုက်၏။
"ဟေ့ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ၊ ဦးမှာ လိပ်ခေါင်းဖြစ်နေလို့" တဲ့။
လှောင်တာလေလား
ပန်းခြံတစ်ခုအတွင်းတွင် ချစ်သူနှစ်ဦး အချစ်ထူး ချစ်နေကြ၏။ ချစ်စကားလေးတွေလည်း တီတီတာတာပေါ့။
"ဟိုအရင်ကလေ မောင်က တစ်ယောက်တည်းသီသန့်နေရတဲ့ဘ၀ကို သိပ်မြတ်နိုးတာ၊ အခုတော့ မောင့်စိတ်တွေ ပြောင်းလာရပါပြီ။ မောင့်အတွက် သစ္စာရှိတဲ့ အဖော်တစ်ယောက်ကို လိုချင်လာပြီ။ အလုပ်ကနေ အိမ်ကိုပြန်လာပြီဆိုတာနဲ့ ကြိုနေမယ့်သူ တစ်ဦးဦး ရှိနေစေချင်ပြီ။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့ မောင့်ကို ကြည့်မယ့်တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ်"
မိန်းကလေးက ပြုံးပြီး ချက်ချင်းပြန်ပြော၏။
"လာမောင်၊ ခင်တို့ အိမ်မွေးတိရိစ္ဆာန်ဆိုင်သွားပြီး ခွေးလေးတစ်ကောင် သွားဝယ်ကြမယ်နော်" တဲ့။
လက်တွေ့သမားကွ
"ရှင်က ကျွန်မကို တကယ်ချစ်လို့လား"
"ချစ်တာပေါ့"
"ကျွန်မသေရင် ရှင်ငိုမှာလား"
"ငိုမှာပေါ့"
"ဘယ်လောက်ငိုမှာလဲ၊ မယုံပါဘူးနော်၊ လက်တွေ့ငိုပြ"
"ဒါဆို အရင်သေပြလေ"
ရေလာမြောင်းပေး
"ရှင်ကျွန်မကို နမ်းနေတာ ဖေဖေမမြင်စေနဲ့နော်"
"ကိုယ် မင်းကို မနမ်းရပါလား"
"ဟုတ်ပါတယ်၊ တကတည်းမှပဲ.. နမ်းမယ်ဆိုရင်ပြောတာပါ"
ဟိုတယ်နှလုံးသား
"ကျွန်မမှာ ဟိုတယ်လိုနှလုံးသားရှိပါတယ်နော်"
"ဘာကိုပြောတာလဲဟင်၊ ကျွန်တော်နားမလည်ဘူး"
"နောက်တစ်ယောက်အတွက် အမြဲတမ်း အခန်းရှိနေတယ်လေ"
အိုကွယ်.. ရှက်လိုက်တာ
စစ်သားလေးက သူ့ချစ်သူကို စစ်စခန်းတစ်ခုဆီသို့ အလည်ခေါ်သွား၏။ သူတို့ရောက်ပြီး မကြာမီ ရိုင်ဖယ်တပ်သားများ သေနတ်ပစ်လေ့ကျင့်နေသော နေရာသို့ ကူးသွားကြ၏။ မမျှော်လင့်ဘဲ ကျယ်လောင်သော သေနတ်ပစ်သံမျာကို ကြားလိုက်ရသည့် အခါ ချစ်သူမိန်းကလေး တုန်လှုပ်လန့်ဖျပ်သွားကာ စစ်သားလေး၏ ရင်ခွင်ထဲသို့ ပြေးဝင်မိ၏။
သူတို့နားမှ စစ်သားများ ပြုံးကြလေ၏။ ချစ်သူမိန်းကလေး အတော်ရှက်သွားကာ စစ်သားလေး၏ ရင်ခွင်မှ ရုန်းထွက်လိုက်၏။
"ဒီလောက်ထိ လန့်သွားမယ်လို့ မထင်မိဘူး၊ ရှက်လိုက်တာကွယ်"
ထိုတွင် စစ်သားလေးက ပြုံးစိစိနှင့် ဆက်ပြောလိုက်၏။
"ကဲအချစ်၊ ကိုယ်တို့ လက်နက်ကြီးတွေ လေ့ကျင့်နေတဲ့နေရာ သွားကြည့်ရအောင်" တဲ့။
နွားတစ်ကောင်၏ မှတ်တမ်း
ချစ်သူ့အိမ်မှာ ကျွန်တော်ရောက်နေ၏။ ကျွန်တော်တို့ နှစ်ယောက် ဆိုဖာကြီးပေါ်မှာ အတူယှဉ်တွဲ ထိုင်ကြ၏။ ကျွန်တော်က ချစ်သူကို တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ချစ်သူကလည်း ကျွန်တော့်ကို တင်းတင်းကျပ်ကျပ်ပင် ပြန်ဖက်၏။ သို့သော် သိပ်မကြာပါ။ ကျွန်တော့်ကို အသာတွန်းဖယ်ပြီး ရုတ်တရက် ထရပ်လိုက်၏။ ပြီးတော့ မီးခလုတ်ကို လှမ်းပိတ်၏။
ကျွန်တော် အရိပ်အခြည်ကို ကောင်းကောင်းနားလည်လိုက်ပါသည်။ သြော်..သူအိပ်ချင်ရှာပြီကိုး။
ကျွန်တော် သနားစိတ်ဖြင့် ထပြန်ခဲ့ပါသည်။
ပုံမှန်အနေအထား
"ဟဲ့..နင့်ချစ်သူက နင့်ကို နမ်းတဲ့အခါ သူ့မျက်နှာ ဘယ်လိုဖြစ်နေသလဲ၊ ပြောပြစမ်းပါဟယ်"
"ဘယ်သိမှာလဲ၊ ငါက အနမ်းခံရတိုင်း မျက်စိကို စုံမှိတ်ထားတာဟဲ့"
အဖျားရှူးဇာတ်သိမ်း
ပရိဘောဂဆိုင်ကြီးတစ်ခုကို ပိုင်သူတစ်ဦးသည် ပြန်လည်ရောင်းချဖို့ ပရိဘောဂများဝယ်ယူရန် နယူးယောက်သို့ ရောက်လာခဲ့လေသည်။
သူတည်းသော ဟိုတယ် ဓာတ်လှေခါးထဲ၌ တစ်နေ့တွင် တကယ်လှ တကယ်ချောသော မိန်းမပျိုလေးတစ်ဦးနှင့် တွေ့ရ၏။ မိန်းမပျိုလေးက ပြင်သစ်မလေးဆိုတော့ တစ်ယောက်ဘာသာစကားကို တစ်ယောက်နားမလည်။
ထို့ကြောင့်သူက မှတ်စုစာအုပ်လေးကို ထုတ်ပြီး အငှားကားတစ်စီးပုံ ဆွဲပြလိုက်လေ၏။ ကောင်မလေးက ခေါင်းညိတ်၏။ ထို့နောက် သူတို့အငှားကားတစ်စီးငှားကာ အတူစီးပြီး စားသောက်ဆိုင်တစ်ခုသို့ သွားကြလေ၏။
စားသောက်ဆိုင်တွင် စားသောက်နေကြရင်း သူဌေးကြီးက စာရွက်ပေါ်တွင် ကနေသည့် ပုံတစ်ခုဆွဲပြရာ ကောင်မလေးက သဘောတူခေါင်းညိတ်သဖြင့် သူတို့တွေ အတူကကြလေ၏။ ကောင်မလေးခမျာ သူဌေးကြီးကို အတော်သဘောကျသွားလေ၏။
ထို့နောက် သူတို့နှစ်ဦး ၀ိုင်အတူသောက်ကြ၏။ ထိုအချိန်တွင် ကောင်မလေးက သူဌေးကြီးထံမှ စာရွက်နှင့်ဘောလ်ပင်ကို တောင်းကာ ခုတင်ပုံတစ်ခုကို ဆွဲပြလိုက်၏။
ထိုပုံကိုမြင်သောအခါ သူဌေးကြီးမှာ အံ့သြစိတ်နှင့်အတူ ပါးစပ်ကပင် ထွက်၍ ယောင်မိသည်ဟူ၏။ သူဌေးကြီး ယောင်လိုက်သည်ကား..
"ဟာ၊ တော်လိုက်တဲ့ပြင်သစ်မပဲ၊ ငါပရိဘောဂ ရောင်းတယ်ဆိုတာ သူဘယ်လိုသိလဲမသိဘူး" တဲ့။ ကဲမှတ်ရော။
Sunday, February 14, 2010
Jokes for Lovers
(မောင်ကောင်းထိုက်-နှီးပဒေါရဲ့ ဟာသတွေပါ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment