စာသင်နေရတဲ့ ကျောင်းဆရာဖြစ်လေတော့ တပည့်တွေနဲ့ အမြဲတစေ ထိတွေ့ဆက်ဆံနေရတာပေါ့လေ။ စာသင်စရာရှိရင်သင်လိုက်၊ အမြင်မတော်တာတွေ့ရင် ဆုံးမလိုက်၊ အပြစ်ပေးလိုက်ပေါ့။ ကိုယ်သင်နေရတဲ့ တပည့်တွေကိုတင်မဟုတ်ဘဲ မျက်စိအောက်မှာ အမြင်မတော်တဲ့ကျောင်းသားတွေ့ရင် ကိုယ့်အတန်းက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ခေါ်ယူပြောဆိုဆုံးမလိုက်တာပါပဲ။ အများစုက နားလည်ကြပေမယ့် တချို့တွေကတော့ နားမလည်ကြပါဘူး။ သူတို့အမြင်မှာ ကျွန်တော်ဟာ အလကားနေရင်း အပြစ်ရှာပြီး လိုက်ကျပ်နေတဲ့ ဆရာဆိုးကြီးတစ်ယောက်ပေါ့လေ။ ကျောင်းသားတွေကမုန်းမှာကို ကျွန်တော်လုံးဝမကြောက်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားဘ၀က လာခဲ့တာဖြစ်လေတော့ အချိန်တန်ရင် သူတို့တွေ နားလည်သွားကြမယ်ဆိုတာ သိနေလို့ပါ။ ကျောင်းသားတွေမုန်းတဲ့ ဆရာအများစုဟာ နောင်တစ်ချိန်ကျရင် သူတို့တွေအချစ်ဆုံး ဆရာတွေဖြစ်နေတတ်ကြပါတယ်။ ကျောင်းသားဘ၀မှာတော့ ဟိုဟာပိတ်ပင်၊ ဒီဟာပိတ်ပင်၊ ဟိုဟာအပြစ်ပြော၊ ဒီဟာအပြစ်ပြောဆိုတော့ အနေအထိုင်ကျဉ်းကျပ်ပြီး နားငြီးတဲ့အတွက် အဲဒီလိုဆရာမျိုးတွေကို မကြိုက်တတ်ကြပါဘူး။ အသက်ကလေးတွေရလာ၊ အတွေ့အကြုံလေးတွေ အထိုက်အလျောက်ရှိ၊ စဉ်းစားဆင်ခြင်ဉာဏ်လေးတွေလည်း ရင့်သန်လာပြီဆိုတော့မှ အဲဒီလိုဆရာတွေရဲ့ ကျေးဇူးတွေကို ပြန်သတိရမိကြပါလိမ့်မယ်။ ကျွန်တော်ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေအရပါ။
ဆရာတွေကိုလည်း ပြောချင်တယ်
ဆရာအများစုက ကိုယ်သင်ရမယ့်စာကို သေသေချာချာသင်ရင်၊ ကိုယ်သင်ပေးရတဲ့တပည့်တွေဟာ စာတော်တဲ့ ကျောင်းသားလေးတွေဖြစ်နေရင် သူတို့တာဝန်ကျေတယ်လို့ ထင်နေတတ်ကြပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ သူ့တပည့်၊ ကိုယ့်တပည့်ဆိုပြီး ခွဲခြားတတ်တဲ့အကျင့်ပါ။ အခွင့်အရေးပေးပြီး ခွဲခြားဆက်ဆံတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ မျက်စိရှေ့မှာ ကျောင်းသားတစ်ယောက် အပြစ်လုပ်နေတာ၊ အမြင်မတော်တာ တွေ့နေပေမယ့် အဲဒါ ငါ့ကျောင်းသားမဟုတ်ဘူးဆိုပြီး မျက်နှာလွှဲပြီး မသိချင်ယောင်ဆောင်ကြတာကို ဆိုလိုတာပါ။ စာသင်ပေးမှ ဆရာလို့ ခံယူထားကြသလား မသိပါဘူး။ ကျွန်တော့်အယူအဆကတော့ ကောင်းရာမွန်ရာ တစ်ခုခုကို ညွှန်ပြပြောဆိုပေးသူ၊ နည်းမှန်လမ်းမှန်ဖြစ်အောင် ပြသသွန်သင်ပေးသူ၊ နောက်ဆုံးဘာမှ မပြောမဆိုမသွန်သင်ပေးနိုင်ရင်တောင် ကိုယ့်ဘာသာကိုယ် မှန်မှန်ကန်ကန်နေရင်း ကျောင်းသားတွေအတွက် စံပြဖြစ်အောင် နေမယ်ဆိုရင်တောင် ဆရာအဖြစ်ထိုက်တန်တယ်လို့ ခံယူပါတယ်။ လူတိုင်းကြားဖူးနေတဲ့ ဗျိုင်းတစ်ကောင်ရဲ့ ငါးနဲ့ဆော့ကစားပုံကိုကြည့်ပြီး အဲဒီအတိုင်း လှံတွေနဲ့ လေ့ကျင့်ရင်း နာမည်ကျော်ကြားသွားတဲ့၊ နောက်ဆုံးမှာ ဆရာမရှိပါဘူးလို့ ပြောမိလို့ အာခေါင်ကို လှံစူးသွားရတဲ့ ပုံပြင်လေးကို ပြန်သတိရကြစေချင်ပါတယ်။ ဗျိုင်းက လူစကားလည်းတတ်တာမဟုတ်၊ ဒီလိုပစ်ကွ၊ ဒီလိုဖမ်းကွလို့ ပြောဆိုသင်ကြားပေးတာလည်း မဟုတ်ပေမယ့်လည်း ဆရာတန်းဝင်နေတာကို မြင်ကြရမှာပါ။
ကျောင်းသားတွေမှာ အပြစ်မရှိဘူး
ဒီလိုဆိုတဲ့အတွက် ကျွန်တော့်ကို မေးငေါ့ကြမယ့်လူတွေ ရှိဦးမှာပါပဲ။ အလကားနေရင်း ကျောင်းသားတွေဘက်ကနေ ရှေ့နေလိုက်တယ်၊ ကျောင်းသားတွေကို မျက်နှာလုပ်နေတယ်လို့ ထင်ကြဦးမှာပါပဲ။ ကျောင်းသားတွေမှာ အပြစ်မရှိဘူးဆိုတဲ့စကားကို အကြောင်းမဲ့ပြောတာ မဟုတ်ပါဘူး။ အဲဒီစကားကို ပြောနိုင်ဖို့အတွက် အချိန်တွေအများကြီး ယူခဲ့ရတာပါ။ စာသင်ရုံတင်မဟုတ်ဘဲ သူတို့ရဲ့ ဘ၀တွေ၊ သူတို့ရဲ့ ခံယူချက်တွေကို သေသေချာချာ မေးမြန်းလေ့လာပြီးတော့ ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့လည်း အဲဒီစကားကို နားလည်နိုင်ဖို့အတွက်ဆိုရင် ခုခေတ်ကလေးတွေ (ကျောင်းသားတွေ)ကို သေသေချာချာ နားလည်ပါမှ၊ သူတို့နေရာကနေ ၀င်ရောက်ခံစားပေးနိုင်ပါမှ သဘောပေါက်နားလည်လက်ခံပါလိမ့်မယ်။ ကျောင်းသားတွေမှာ အပြစ်မရှိဘူးဆိုတော့ ဘယ်သူတွေမှာ အပြစ်ရှိသလဲလို့ မေးလာရင် ကျွန်တော်ချက်ချင်းဖြေမိမှာက လူကြီးတွေမှာ အပြစ်ရှိတယ်လို့။ လူကြီးတွေဆိုတာ ဘယ်သူတွေလဲလို့ မေးရင်တော့ အိမ်မှာရှိနေတဲ့ အဘိုး၊ အဘွားတွေ၊ မိဘတွေ၊ ဦးလေးတွေ၊ အစ်ကိုတွေ၊ အစ်မတွေ၊ ကျောင်းမှာတွေ့ဆုံရတဲ့ ဆရာတွေ၊ ဆရာမတွေ၊ ပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတဲ့ လူကြီးတွေအားလုံးလို့ ဖြေရမှာပါပဲ။ စကားကတ်ပြောတတ်တဲ့ လူတွေဆိုရင် "ဟာ... မင်းဟာကလည်း ကျောင်းသားတွေတစ်ခုခု အမှားလုပ်မိရင်တောင် မိဘတွေ၊ အဘိုးအဘွားတွေ၊ ဆရာတွေကို ရိုက်ရဦးမယ့်ပုံပဲ" ပြောမှာအသေအချာပါပဲ။ ကျွန်တော်ကလည်း ကတ်သတ်ပြီး ပြန်ဖြေမိမလားပဲ။ "ဟုတ်တယ်... တကယ်ရိုက်သင့်တာက ကလေးတွေကိုမဟုတ်ဘူး၊ သူတို့လူကြီးတွေကို" လို့လေ။
ဒီနေ့ခေတ်ကလေးတွေကို အကောင်းမမြင်ကြဘူး
ကျွန်တော် မကြာခဏ ပြောဖူးသလိုပဲ... ဒီနေ့ခေတ်ကလေးတွေက ကြိုးစားချင်စိတ်ကို မရှိဘူး၊ ငါတို့တုန်းကနဲ့ တခြားစီပဲ.... စတဲ့စကားတွေကို ရံဖန်ရံခါဆိုသလို ကြားရတတ်ပါတယ်။ ကိုယ်တိုင်လည်း ပြောတတ်ကြပါတယ်။ အဲဒီလိုပြောတိုင်း ကိုယ့်ဘာသာကိုယ် အပြစ်ရှိတယ်လို့ တွေးမိတဲ့လူ၊ ရှက်မိတဲ့လူက အနည်းစုပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ အနည်းစုမှ တကယ့်ကို အနည်းစုပါ။ အများအားဖြင့် ကျွန်တော်တို့တွေက ဒီနေ့ခေတ်ကလေးတွေကို ဘာမှနားမလည်တဲ့၊ လူမှုရေးမသိတဲ့၊ ကြိုးစားချင်စိတ်မရှိတဲ့၊ လေလွင့်ပျက်စီးနေတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စားလေးတွေဆိုတဲ့ အရောင်တွေအုပ်ပြီး ကြည့်နေတတ်ကြတာကိုး။ ကလေးတွေ အဲဒီလိုမျိုး ဖြစ်နေတာတွေအပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ လူကြီးတွေမှာ အပြစ်ရှိတယ်ဆိုတာကိုကျ တစ်ခါမှ မတွေးမိကြဘူး၊ တွေးရကောင်းမှန်း မသိကြဘူး။
ငယ်ဘ၀ကို ပြန်သတိရကြည့်ရအောင်
ကျွန်တော်တို့တွေရဲ့ ငယ်ဘ၀တွေကိုပဲ ပြန်စဉ်းစားကြည့်ရအောင်ပါ။ အဘွားလုပ်သူက ဘုရားရှိခိုးသင်ပေးတယ်၊ စကားကို ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးပြောတတ်အောင် သင်ပေးတယ်။ အထူးသဖြင့် အဘွားတွေက မြေးမလေးတွေနဲ့ လက်ပွန်းတတီးရှိနေတတ်ပါတယ်။ မြေးမလေးတွေကို မိန်းကလေးပီပီ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုဝတ်ရမယ်ဆိုတာကအစ သင်ပေးတတ်ကြတယ်။ အဘိုးတွေကတော့ မျောက်ရှုံးအောင်ဆော့တဲ့ မြေးလေးတွေအတွက် ကစားဖော်ပေါ့။ သူရဲကောင်းပုံပြင်တွေကို တစ်နေ့တစ်မျိုးမရိုးရအောင် ပြောပြတတ်တာ အဘိုးတွေပေါ့။ လက်ဘက်ရည်ဆိုင်လို၊ လမ်းထိပ်က ကျားခုံ(စစ်တုရင်ခုံ)လို၊ ရပ်ကွက်ဓမ္မာရုံက ဆွေးနွေးပွဲလို လူကြားသူကြားထဲကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ခေါ်သွားတတ်ပြီး ဒါကျုပ်မြေးလေဗျာလို့ မိတ်ဆက်ပေးတတ်တာ၊ ရဲရဲဝံ့ဝံ့ စကားတွေ ပြောခိုင်းတတ်တာလည်း အဘိုးတွေပေါ့။ အဖေလုပ်သူက ရုံးဆင်းပြန်လာပြီဆိုရင် သားတွေ၊ သမီးတွေနဲ့ စကားတွေပြော၊ ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေဖတ်ပြတာကို မမောနိုင်မပမ်းနိုင်နားထောင်၊ တစ်ပတ်တစ်ခါဖြစ်ဖြစ်၊ တစ်လတစ်ခါဖြစ်ဖြစ် ဘယ်ပန်းခြံကိုလိုက်ပို့မယ်၊ ဘယ်ကစားကွင်းကို လိုက်ပို့မယ်စသည်ဖြင့်ပေါ့။ အစ်ကိုကြီးတွေ၊ အစ်မကြီးတွေကလည်း စာကျက်ချိန်မှာ စာကျက်ဖို့၊ အန္တရာယ်ရှိတဲ့ ကစားနည်းတွေနဲ့ မဆော့ဖို့ မျက်စိဒေါက်ထောက်ပြီး ကြည့်နေတတ်ကြတယ်။ ကျောင်းကသင်ခန်းစာတွေ နားမလည်ရင် သူတို့တွေကပဲ ရှင်းပြတတ်ကြတယ်။ အမေဆိုတဲ့ လူစားတွေကတော့ ကလေးတွေအတွက် အရာခပ်သိမ်းပါပဲ။ ကလေးတွေ သန့်သန့်ရှင်းရှင်း နေထိုင်တတ်အောင်၊ အချိန်မှန်စား၊ အချိန်မှန်အိပ်နိုင်အောင်၊ အင်္ကျီအ၀တ်အစား အသစ်ဆင်ဖို့လိုပြီလား၊ ကျောင်းစာအုပ်ဖိုးတွေ ပေးစရာရှိသလား၊ သားသမီးတွေက ကျောင်းမှာစာလိုက်နိုင်ရဲ့လား၊ သူတို့လေးတွေ ဘာပူဆာချင်နေကြသလဲ စသဖြင့် သားသမီးတွေရဲ့ ရှိသမျှပြဿနာအကုန်လုံးဟာ သူတို့အမေတွေအတွက် အရေးအကြီးဆုံး အကြောင်းအရာတွေပေါ့။ သူတို့အတွက် အီရတ်ကိစ္စက အိမ်ကသားဖြစ်သူ ကိုယ်ပူနေတာလောက် အရေးမပါဘူး။ အမေရိကန်နဲ့တရုတ် အားပြိုင်နေတာက သားသမီးတွေအတွက် ထမင်းဘူး အချိန်မီထည့်ပေးဖို့လောက် စိတ်ဝင်စားစရာမကောင်းဘူးလေ။ အိမ်မှာအဲဒီလိုတွေ နေရလို့ လမ်းထွက်တဲ့အခါ၊ ကျောင်းရောက်တဲ့အခါ လွတ်မယ်မထင်နဲ့။ ကျောင်းပြေးတာတွေ့ရင် တွေ့တဲ့လူကြီးတွေက ဘယ်ကျောင်းကလဲမေးပြီး ကျောင်းအထိလာတိုင်တတ်၊ တစ်ခါတစ်လေ ခေါ်လာပြီး ကျောင်းအထိလိုက်ပို့တတ်တယ်။ လမ်းမှာ ကျောင်းသားချင်းရန်ဖြစ်နေရင် အနားမှာရှိနေတဲ့ လူကြီးသူမတွေက ဖြန်ဖြေတယ်၊ ငေါက်ငန်းတယ်၊ တချို့ဆို ရိုက်လွှတ်တတ်တယ်။ ကဲ... ကျွန်တော်တို့တွေရဲ့ ငယ်ဘ၀တွေဟာ အဲဒီလို နေခဲ့ရတာ ဟုတ်ရဲ့လားဗျာ။
ခုခေတ်လူကြီးတွေမှာ အပြစ်ရှိသလား
အပေါ်မှာ ကျွန်တော်ပြောခဲ့သလိုမျိုး နေခဲ့ရပါတယ်လို့ ဖြေမယ့်လူဟာ အများစုဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်လုံးဝ သံသယမဖြစ်မိဘူး။ မဟုတ်ဘူးဆိုတဲ့လူက တော်တော်လေးကို အနည်းစုဖြစ်မှာပါ။ အများစုက အဲဒီလိုနေခဲ့ကြရပါတယ်လို့ ဖြေကြမှာပါ။ ဒီလိုဆိုရင် ဒီနေ့ခေတ် ကလေးတွေခမြာရော အဲဒီလို နေကြရရဲ့လားလို့ ပြန်မေးကြည့်ကြရအောင်ပါ။ အဘိုးတွေ၊ အဘွားတွေနဲ့ အတူနေတာမျိုးကလည်း အတော်လေးကို ရှားပါးသွားပြီ။ အတူနေရင်လည်း အဘိုးတွေ၊ အဘွားတွေက အရင်လို ဂရုမစိုက်နိုင်ပါဘူး။ အဘိုးလုပ်သူက တစ်နေကုန် နိုင်ငံရေးကြောင်းပြောရင်ပြော၊ မဟုတ်ရင် ကိန်းဂဏန်းတွေအကြောင်းပြော၊ အဘွားလုပ်သူကလည်း တစ်နေကုန် အိမ်မှုကိစ္စတွေလုပ်ရ၊ ညကျရင် အပန်းပြေဆိုပြီး ဂျူမုံတို့၊ အွန်စောတို့၊ ထယ်စောက်တို့နဲ့ နှစ်ပါးသွား၊ အစ်ကိုတွေ၊ အစ်မတွေကလည်း ခေတ်နဲ့အညီဆိုလား၊ ဘာဖြစ်ချင်လို့ဆိုလား တစ်နေ့တစ်နေ့ အပြင်မှာချည်းပဲ။ ဘယ်တော့မှ ပြီးတယ်မရှိတဲ့ သင်တန်းတွေတက်၊ အင်တာဗျူးတွေဖြေနဲ့ပေါ့။ အစ်ကိုတွေက ရွန်းနီခြေထောက်နာနေတာ၊ ဒရော့ဘာဖျားနေတာ၊ စီရော်နယ်လ်ဒို စပွန်ဆာအသစ်ရတာ၊ ဘယ်မင်းသမီးက ဘာသတင်းထွက်လာတယ် စတာတွေနဲ့ပဲ အချိန်ကုန်နေတယ်။ အစ်မတွေကလည်း ဘာဒီဇိုင်းအသစ်ပေါ်သလဲ၊ ဘယ်မင်းသမီးက ဘာဖက်ရှင်ဝတ်နေလဲ၊ ကိုရီးယားဇာတ်လမ်းတွဲ ဘယ်အချိန်လာမှာလဲ အဲဒါတွေနဲ့ပဲ လုံးပန်းနေရတယ်။ အဖေလုပ်သူဆိုတာ တစ်ရက်မှာ (၄)နာရီတောင် မြင်တွေ့ခွင့်၊ မော်ဖူးခွင့် ရတာမဟုတ်ဘူး။ အိမ်အတွက်၊ မိသားစုအတွက် ပိုက်ဆံရှာနေတယ်၊ အလုပ်လုပ်နေတယ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းနဲ့တင် အိမ်မှာမရှိရခြင်း အကြောင်းပြချက်က လုံလောက်သွားပြီ။ ပြန်လာတဲ့အချိန်က အကုန်လုံးအိပ်မောကျမှ။ အမေကလည်း ဘာမှမထူးပါဘူး။ နေ့စဉ်သုံးစွဲငွေအတွက် ခေါင်းခြောက်ရ၊ ဟိုကလှည့်ရ၊ ဒီကဆွဲရ၊ ပွဲစားလုပ်ရ၊ အသိသက်သေလုပ်ရနဲ့ သူ့ဟာနဲ့သူ စိတ်ကြည်နေတဲ့အချိန်ဆိုတာကို မရှိသလောက်ပါပဲ။ အ၀တ်အစားတွေကို အိမ်ဖော်လျှော်ရင်လျှော်၊ ဒါမှမဟုတ် လျှော်တဲ့လူကို အပ်မယ်။ နံနက်စာနဲ့ နေ့လည်စာအတွက်က သားသမီးတွေကို ပိုက်ဆံပေးလိုက်မယ်။ ကျောင်းရောက်မှ အဆင်ပြေတာတစ်ခုခုသာ ၀ယ်စားလိုက်ကြ၊ အဲဒါမျိုးသွားနေရတာ။ အိမ်မှာ အဲဒီလိုတွေ ဖြစ်နေတော့ လမ်းပေါ်ရောက်တော့ ပိုဆိုးသွားတာပေါ့။ ကြိုက်တဲ့နေရာမှာ ဆေးလိပ်သောက်လို့ရတယ်။ "ဟိုကောင်လေး၊ အသက်ကငယ်ငယ်လေးရှိသေးတယ်၊ ဘာလို့ဆေးလိပ်သောက်နေတာတုန်း၊ ဘယ်ကျောင်းကတုန်း၊ မင်းတို့ဆရာကြီးနဲ့ လိုက်တိုင်မယ်၊ ဘယ်သူ့သားလဲ၊ မင်းအဖေအမေနဲ့ လိုက်တိုင်မယ်"လို့ ဘယ်သူကမှ မတားမြစ်တော့ဘူး၊ မဆုံးမတော့ဘူး။ ကဲ......... အဲဒါဆိုရင် ကျွန်တော်တို့တွေ တစ်နည်း ခုခေတ်လူကြီးတွေမှာ အပြစ်ရှိသလားဆိုတဲ့ မေးခွန်းကို စာဖတ်သူကိုယ်တိုင်ကပဲ ဖြေကြည့်စေချင်ပါတယ်။
အားလုံးပြောတတ်ကြတဲ့ ဆင်ခြေ
ဟ...ကောင်ရ၊ မင်းပြောသလိုမျိုး လုပ်နေလို့ မရတော့ဘူးဟ။ ဒီနေ့ခေတ်က တစ်နေ့တစ်နေ့ ထမင်းစားရဖို့ကို အလျဉ်မီအောင် မနည်းလုပ်နေရတာဟ။ အိမ်ကမိသားစုကို ထမင်းနပ်မှန်အောင် ကျွေးနိုင်ရင်ပဲ တော်လှပြီလို့ ပြောတတ်ကြပါတယ်။ ဟုတ်ကဲ့... ကျွန်တော်နားလည်ပါတယ်။ အပြစ်လည်း မတင်လိုပါဘူး။ ဒါပေမယ့် အပြည့်အ၀လက်ခံနိုင်တဲ့ အဖြေတော့မဟုတ်ပါဘူး။ သို့ပေမယ့်လည်း အဲဒီဆင်ခြေကို လက်ခံပေးလိုက်ပါတယ်။ ခေတ်ကာလကိုက ပိုက်ဆံကိုပဲ အသဲအမဲလိုက်ရှာနေရတဲ့ခေတ်ကို ရောက်နေတော့တာကိုး။ ကျောင်းပိတ်ရက်မှာ သားသမီးတွေကို ယဉ်ကျေးမှုသင်တန်းတွေတက်ခိုင်းဖို့ မစဉ်းစားမိတော့ဘူး။ ကျောင်းအားရက်မှာ ဆော့ကစားဖို့အတွက် ဂိမ်းစက်ဝယ်ပေးမယ်၊ ဒါမှမဟုတ် နောက်နှစ်အတွက် ကျူရှင်ကြိုတက်ခိုင်းမယ် ဒါတွေပဲ ခေါင်းထဲမှာ ရှိတော့တယ်။ ခေတ်ကာလက မတူတော့ဘူးလေလို့ ပြောတတ်ကြတယ်။ ဟုတ်ပါတယ်... ခေတ်ကာလက မတူတော့ပါဘူး။ ကျွန်တော်ကလည်း တူပါတယ်လို့ မပြောပါဘူး။ သူတို့ဆင်ခြေတွေနဲ့သူတို့တော့ ဟုတ်နေတာပဲကိုး။ ဖြစ်သမျှအရာအားလုံးအတွက် ခေတ်ကာလကိုပဲ လွှဲချပုံချတတ်တာ လူသားတွေမှာ အကျင့်ဖြစ်နေပြီထင်ပါရဲ့။ အဲဒီ ခေတ်ကာလဆိုတာတွေကလည်း အလေ့ကျပေါက်တဲ့ အပင်တွေပဲလားမသိဘူးနော်။
ကလေးတွေကို ချီးကျူးမိတယ်
အဲဒါဆိုရင်လည်း ကလေးတွေကို ငါတို့တုန်းကလောက် မတော်ဘူး၊ မတတ်ဘူး၊ မသိဘူးလို့ မပြောကြပါနဲ့ဗျာ။ ခင်ဗျားတို့၊ ကျွန်တော်တို့တုန်းကလိုမျိုး အခွင့်အရေးတွေ သူတို့လေးတွေ မရကြရှာပါဘူး။ အဘိုးဆီကနေ ကျန်စစ်သား၊ အနော်ရထာ၊ နပိုလီယန်၊ လင်ကွန်းစတဲ့ စကားလုံးတွေကို မကြားရတော့ဘူး။ ကေတီဗီတို့၊ မာဆက်တို့၊ စင်တင်တို့၊ စည်ဘီယာတို့ စတဲ့စကားလုံးတွေကို ကြားနေရပြီ။ အဘွားကလည်း ဘုရားရှိခိုးတွေ၊ ဂါထာတွေကို မရွတ်ပြနိုင်တော့ဘူး။ အဲဒါ ဂျူမုံလေ၊ ပိုးမင်းသားက ဘယ်လိုဖြစ်သွားတာဟဲ့ စတာတွေကိုပဲ မြေးတွေနဲ့အပြိုင် ပြောဖို့စိတ်ဝင်စားတော့တယ်။ အဖေလုပ်သူ၊ အမေလုပ်သူဆိုတာကလည်း သားသမီးတွေ ကျောင်းမှာ ဘာတွေသင်နေရသလဲ၊ သူတို့လေးတွေ သင်ရိုးစာအုပ်မှာ ဘာအကြောင်းအရာတွေ ပါသလဲဆိုတာကို မသိကြတော့ဘူး။ သားသမီးက တစ်ခုခုမသိလို့ မေးမိရင် ငါ့ကိုလာမမေးနဲ့လေ၊ နင်တို့ကို ကျူရှင်ထားပေးထားတာပဲ၊ နင်တို့ဆရာတွေကိုပဲ မေးကြလေလို့ ဖြေကြပြန်ရော။ ကဲ... အဲဒီလိုလူတွေနဲ့ နေရတဲ့ကလေးတွေက သူတို့အသိစိတ်ကလေးတွေနဲ့သူတို့ စာကြိုးစားကြတာ၊ တော်ချင်တတ်ချင်ကြတာကိုပဲ ကျေးဇူးတင်ရသေးတယ်။ လမ်းသရဲလေးတွေမဖြစ်အောင် နေနိုင်ကြတာကိုပဲ ချီးကျူးမိတယ်။ တစ်ရက်မှာ (၁၅)နာရီလောက် ကျောင်းစာတွေနဲ့ နပန်းလုံးနေရတဲ့ သူတို့လိုမျိုး ကျွန်တော်သာဆို နေနိုင်၊ လုပ်နိုင်မယ်မထင်ဘူး။
အားလုံးမှာ တာဝန်ရှိပါသည်
လူငယ်ဆိုတာ အနာဂတ်ရဲ့ ရတနာတွေလို့ ကျွန်တော်တို့တွေ ပြောတတ်ကြပါတယ်။ တကယ်ပဲ အဲဒီလို ခံယူနားလည်တယ်ဆိုရင် ကလေးတွေကို ပစ်မထားကြပါနဲ့။ သူတို့ပြောချင်နေတဲ့ စကားလေးတွေကို အချိန်ပေးပြီး နားထောင်ပေးလိုက်ကြပါဦး၊ သူတို့ခံစားချက်တွေကို မျှဝေခံစားပေးလိုက်ကြပါဦး၊ နာယူချင်စိတ်အပြည့်ရှိတဲ့ သူတို့လေးတွေကို တကယ့်စေတနာအပြည့်နဲ့ သင်ကြားပေးလိုက်ကြပါဦး၊ သိချင်တတ်ချင်စိတ်တွေ ပြည့်လျှမ်းနေတဲ့ သူတို့တွေကို အိတ်သွန်ဖာမှောက် အသိပညာမိုးတွေ၊ အတတ်ပညာမိုးတွေ သွန်းဖြိုးပေးလိုက်ကြပါဦး၊ တစ်ခုခု အလိုမကျတာတွေ့ရင် ဒေါသထွက်တာ၊ အပြစ်ပေးတာနဲ့တင် ရပ်မသွားဘဲ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုပြင်သင့်တယ် ဆိုတဲ့အထိရောက်အောင် ဆုံးမသွန်သင်ပေးကြပါဦး၊ လူငယ်လေးတွေ ဘာအိပ်မက်တွေ မက်နေကြသလဲ၊ အဲဒီအိပ်မက်တွေ တကယ်ဖြစ်လာအောင် ဘယ်လိုကြိုးစားသင့်တယ်၊ ဘယ်လိုသွားသင့်တယ်ဆိုတာတွေကိုလည်း လမ်းညွှန်ပြသပေးလိုက်ကြပါဦး၊ လက်တွဲခေါ်ကြပါဦးလို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ တစ်ဆက်တည်း ပြောလိုက်ချင်တာကတော့ "အချိုပင်က အချဉ်သီးရိုး ထုံးစံမရှိဘူး" ဆိုတာပါပဲ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၆ ရက်၊ စနေနေ့။
နေ့လည် ၂ နာရီ ၂၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment