၁၃၀၃ ခုနှစ်တွင် ဂျပန်သည် အမေရိကန် ရေတပ်စခန်းဖြစ်သော ပုလဲဆိပ်ကမ်းကို စတင်ဗုံးကြဲ၍ စစ်ထဲသို့ ၀င်လိုက်လေရာ ဟိုင်နန်ကျွန်းမှ ရဲဘော်များသည် ယိုးဒယားပြည်၊ ဘန်ကောက်မြို့သို့ သွားရောက်ကာ မြန်မာ့လွတ်လပ်ရေးအတွက် သစ္စာရေသောက်ကာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်လေသည်။ ယိုးဒယားရှိ မြန်မာနှင့် မြန်မာလိုလားသော တိုင်းရင်းသားများပါ တပ်မတော်ထဲသို့ ၀င်ရောက်လာကြလေသည်။ မြန်မာနိုင်ငံရှိ ဗမာ့ထွက်ရပ်လမ်းအဖွဲ့နှင့် ဆက်သွယ်ရန် ဗိုလ်နေ၀င်း (ဗိုလ်ချုပ်ကြီးနေ၀င်း) နှင့် ဟိုင်နန်ပြန် ရဲဘော်လေးယောက်အပြင် တပ်မတော်သား ၃ ယောက်တို့အား ရှေ့ပြေးဝင်ရောက်ရန် တာဝန်ပေးခဲ့လေသည်။
ထိုအချိန်တွင် အင်္ဂလိပ်အစိုးရမှာ မျက်ဖြူဆိုက်လျက်ရှိလေသည်။ မြန်မာနိုင်ငံအတွက် ကာကွယ်ရေးအစီအမံမှာ ဘာမျှမရှိချေ။ ဣနြေ္ဒရစွာ ဆုတ်ခွာပြေးနိုင်ရန်အတွက် ၀င်လာမည့်ရန်သူကို နှေးကွေးအောင် တားဆီးရန်သာစီမံ၍ မြန်မာနိုင်ငံရှိ စစ်အတွက် အသုံးဝင်မည့် ရေနံတွင်းများ၊ ယာဉ်များ၊ တံတားများ၊ စားနပ်ရိက္ခာများကို ဖျက်ဆီးရန်နှင့် အန္တရာယ်ရှိမည် ထင်ရသူများကို ဖမ်းဆီးရန်သာ ပြင်ဆင်လေသည်။
အင်္ဂလိပ်တို့သည် ဥရောပတိုက်တွင်လည်း စစ်မီးဝိုင်းနေသည့်အတိုင်း အမေရိကန်နှင့် လက်တွဲကာ ကမ္ဘာ့နိုင်ငံငယ်ကလေးများ၏ အကူအညီ ရရှိရေးအတွက် စစ်အောင်လျှင် နိုင်ငံငယ်ကလေးများအား လွတ်လပ်ရေးပေးရန် ဆုံးဖြတ်သော အတ္တလန္တိတ်စာချုပ်တို့ ကြေညာခဲ့လေသည်။ သို့ရာတွင် အင်္ဂလိပ်တို့က ထိုစာချုပ်သည် ဗြိတိသျှလက်အောက်ခံ နိုင်ငံများနှင့် မသက်ဆိုင်ဟု မိမိနယ်ချဲ့ထားသော နိုင်ငံများ လက်မလွတ်ရေးအတွက် သွေးရူးသွေးတန်း အော်ဟစ်နေပြန်လေသည်။
အင်္ဂလိပ်၏ ၉၁ ဌာန အုပ်ချုပ်ရေးအစိုးရ နန်းရင်းဝန် ဦးစောကား ဗြိတိသျှအင်္ဂလိပ်တို့ထံမှပေးမည့် လွတ်လပ်ရေးကို မျှော်မှန်းဆဲဖြစ်ရာ ထိုစာချုပ်အရ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းပေးရန် အရေးဆိုမည်ဟု ဘိလပ်သို့ သွားလေသည်။ အင်္ဂလိပ်နန်းရင်းဝန် ချာချီနှင့် တွေ့ဆုံရာတွင် အရေးမရရုံမျှမက လစ္စဘွန်းမြို့တွင် ဦးစောသည် ဂျပန်သံရုံးနှင့် အဆက်အသွယ်ပြုပြန်သည်ကို ထောက်လှမ်းတွေ့ရှိရ၍ ဦးစောအား အကျယ်ချုပ် ဖမ်းဆီးကာ အာဖရိကတိုက်ရှိ ယူဂန္ဓာနယ်သို့ ပို့ခဲ့လေသည်။ ဦးစောကို ဆက်ခံသော ဆာပေါ်ထွန်းအစိုးရအဖွဲ့သည်ကား ဘုရင်ခံ ဒေါ်မန်စမစ်နှင့်အတူ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ဆုတ်ခွာကာ ပြည်ပြေးအစိုးရအဖွဲ့တွင် ဆက်လက်ထမ်းဆောင်နေခဲ့လေသည်။
ထိုအချိန်တွင် ပြည်တွင်းရှိ လွတ်လပ်ရေး အရေးတော်ပုံ ပါတီဝင်များမှာကား ဗြိတိသျှတပ်များကို အမြန်တိုက်ထုတ်ရေး၊ မြန်မာနိုင်ငံကို ထိန်းသိမ်းကာကွယ်ရေးနှင့် ရဲဘော်သုံးကျိပ်နှင့် မဟာမိတ်တပ်များအား ကူညီရေးအတွက် စိုင်းပြင်းအားထုတ်လျက် ရှိကြပေသည်။ အင်္ဂလိပ်တို့လည်း လက်လှမ်းမီရာကို မြေလှန်စနစ်နှင့် ဖျက်ဆီးခဲ့ကြ၍ ရေနံတွင်းများမှအစ အင်းဝတံတား အပါအ၀င် တံတားများ၊ မြို့ရွာများ ပျက်စီးခဲ့ရလေသည်။
၁၃၀၄ ခုနှစ်တွင် ဗိုလ်တေဇခေါ် သခင်အောင်ဆန်း ဦးစီးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် ဂျပန်တပ်မတော်နှင့်အတူ စစ် ၃ ကြောင်းဖြန့်ကာ ယိုးဒယားနယ်စပ်ကို ဖြတ်ကျော်၍ ရေး၊ မြိတ်၊ ထားဝယ်၊ မော်လမြိုင်တို့ကို သိမ်းပိုက်ခဲ့လေသည်။ အင်္ဂလိပ်ကျွန်ဘ၀မှ လွတ်ထွက်မှုအတွက် ၀မ်းသာနေကြသော ပြည်သူလူထုက သပြေပန်းကမ်း၍ ကြိုဆိုခဲ့ကြလေသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြလေသည်။ သို့နှင့် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးသောအခါတွင်ကား ဗမာ့လွတ်လပ်ရေးတပ်မတော်မှ ဗမာ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းရပြန်လေသည်။ ဂျပန်တို့သည် "အာရှတိုက်သည် အာရှတိုက်သားများအဖို့" ဟူသော ကြွေးကြော်သံဖြင့် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမည်ဖြစ်ကြောင်း ကတိပေးသဖြင့် မြန်မာရဲဘော်များမှာ ဂျပန်တို့၏ အပြောနှင့်အလုပ် ကွာခြားပုံကို ယုတ်မာကြမ်းကြုတ်ပုံများကို အစစ သည်းခံခဲ့ကြလေသည်။ ခေါင်းဆောင်များကလည်း အုပ်ဆိုင်းထိန်းသိမ်းထားခဲ့ရလေသည်။
ဂျပန်တို့အဖို့တွင် အာရှတိုက်မှ အနောက်တိုင်းသားတို့ကို မောင်းထုတ်ပြီးလျှင် မိမိတို့က ထိုနေရာကိုယူရန် ကြံရွယ်ချက်ရှိသည့်ပြင် ဖက်ဆစ်ဝါဒကို ကျင့်သုံးသဖြင့် အာဏာရှင်တို့၏ အမူအကျင့်သာလျှင် ပေါ်ပေါက်လာလေရာ စစ်ချီရေးတွင် ဖြောင့်ဖြူးအောင် ကူညီပေးခဲ့ရသော မြန်မာများမှာ ဂျပန်တို့ မင်းမူပုံ၊ မတရားပြုလုပ်ပုံ၊ အာဏာပြပုံ၊ မြန်မာများအား ဖမ်းဆီးအပြစ်ရှာလျက် နှိပ်စက်ပုံ၊ မြန်မာ့ပစ္စည်းများကို သယ်ထုတ်နေပုံများကို တွေ့မြင်နေရသောအခါ စိတ်ပျက်မုန်းတီးလာကြလေသည်။ ဂျပန်တို့ကား ၁၃၀၄ ခုနှစ်တွင် မိုးကုတ်ထောင်မှ လွတ်လာသော ဒေါက်တာဘမော်အား မြို့ပြအုပ်ချုပ်ရေးကို စီမံစေ၍ ၁၃၀၅ (၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့) တွင် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးကြောင်း ကြေညာခဲ့လေသည်။ ဒေါက်တာဘမော်အား အဓိပတိ အာဏာရှင်ခန့်အပ်၍ ၀န်ကြီးအဖွဲ့ကိုလည်း ဖွဲ့စည်းလေသည်။ ထိုအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်းတို့ကိုလည်း ထည့်သွင်းထားလေသည်။ အစိုးရအဖွဲ့မှာ အမည်မျှဖြစ်၍ ဂျပန်ရုပ်သေးအစိုးရ အဖွဲ့မျှသာ ဖြစ်သည်။ မြန်မာခေါင်းဆောင်များလည်း ရိပ်မိကြလေသည်။ သို့ရာတွင် အခြေအနေအရ လက်ခံခဲ့ကြရလေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်များကား ရှေ့ခြေလှမ်းအတွက် ပြင်ဆင်ထားကြပြီးဖြစ်၍ ဗမာ့တပ်မတော်ကို ခိုင်ခံစည်းလုံး၍ တိုးတက်အောင်သာ အားသွန်ကြိုးပမ်းလျက် ရှိလေသည်။ ဂျပန်လက်အောက်တွင် အာရှလူငယ် အစည်းအရုံးကို ထူထောင်ခွင့်ရလေသည်။ အမြင်အားဖြင့် ဂျပန်ကို မဟာမိတ်အဖြစ် အားပေးလိုလားသော မြန်မာလူငယ်များ၏ ကြီးပွားတိုးတက်ရေး အဖွဲ့အဖြစ် ဂျပန်က အားပေးလေသည်။ လူငယ်များသည်ကား ပြည်သူ့ကာယ၊ ဉာဏရေးရာများကို ဆောင်ရွက်ရင်း ဂျပန်တို့၏ မတရားမှုများကို စုပေါင်းဆွေးနွေးကာ ပြည်သူ့လွတ်လပ်ရေးအတွက် သွေးစည်းသောအဖွဲ့ ဖြစ်လာခဲ့လေသည်။ ဖက်ဆစ်တော်လှန်ရေးတွင် အာရှလူငယ် အစည်းအရုံးဝင် အများအပြား အသက်စွန့် ပါဝင်ခဲ့လေသည်။
မြန်မာနိုင်ငံ ရာဇ၀င်အကျဉ်း
စာမျက်နှာ - ၉၁ မှ ၉၄
No comments:
Post a Comment