သြကာသ ကန်တော့ခန်း
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရား လေးပါး၊ ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
သြကာသရှင်းတမ်း
သြကာသ
၁။ ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု ခွင့်တောင်းခြင်းကို "သြကာသ" ဟု ခေါ်သည်။
၂။ လေးနက်စေလိုသောကြောင့်၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့် သြကာသကို သုံးကြိမ်ဆိုရပါသည်။
ကံသုံးပါး
၁။ ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံဟု ခေါ်သည်။
၂။ နှုတ်ဖြင့်ပြုသောအမှုကို ၀စီကံဟု ခေါ်သည်။
၃။ စိတ်ဖြင့်ကြံသောအမှုကို မနောကံဟု ခေါ်သည်။
ရတနာ (ဘုရား၊ တရား၊ သံဃာ)
၁။ နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်သည်။
၂။ တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်သည်။
၃။ အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့် တရားဟု ခေါ်သည်။
၎။ အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားခြင်းကြောင့် သံဃာဟု ခေါ်သည်။
အပါယ်လေးပါး
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသော အရပ်ကို အပါယ်ဟု ခေါ်သည်။
၁။ ငရဲ = ချမ်းသာသုခဝေးကွာ၍ ဒုက္ခအတိပြီးသော ဘုံဌာန။
၂။ တိရစ္ဆာန် = အိပ်၊ စား၊ ကာမ ဤသုံးမျိုးသာသိ၍ မဂ်ဖိုလ်မှ ဖီလာဖြစ်သော သတ္တ၀ါ။
၃။ ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
၎။ အသူရကာယ် = နတ်များကဲ့သို့ မရဲရင့်၊ မတင့်တယ်၊ မတောက်ပသော သတ္တ၀ါ။
ကပ်သုံးပါး
ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်း။
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်။
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်။
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်းရှိသောကပ်။
ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ
၂။ တိရစ္ဆာန်
၃။ ပြိတ္တာ
၎။ အသညသတ်နှင့် အရူပဗြဟ္မာ
၅။ ပစ္စန္တရစ်အရပ်
၆။ မိစ္ဆာဒိဋ္ဌိ
၇။ ဉာဏ်ပညာမဲ့သူ
၈။ ဘုရားမပွင့်ရာအခါ သာသနာမဲ့ရာအခါ၌ လူဖြစ်ရခြင်းတို့သည် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ရှစ်ပါးဟု ခေါ်သည်။
ရန်သူမျိုးငါးပါး
၁။ ရေ
၂။ မီး
၃။ မင်း
၎။ ခိုးသား ဓားပြ
၅။ အမွေခံ အမွေဆိုး
ဝိပတ္တိတရားလေးပါး
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။
၁။ ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း။
၃။ ကာလ၀ိပတ္တိ = တရား မစောင့်သူတို့၏ လက်ထက်၌ လူဖြစ်ရခြင်း။
၎။ ပယောဂ၀ိပတ္တိ = အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း။
ဗျသနတရားငါးပါး
ပျက်စီးခြင်းကို ဗျသနဟု ခေါ်သည်။
၁။ ဉာတိဗျသန = ဆွေမျိုးပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ပျက်စီးခြင်း။
၃။ ရောဂဗျသန = ရောဂါနှိပ်စက်၍ပျက်စီးခြင်း။
၎။ ဒိဋ္ဌိဗျသန = အယူလွဲမှား၍ပျက်စီးခြင်း။
၅။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း။
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်
၁။ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟု ခေါ်သည်။
၂။ မဂ်၏ အကျိုးတရားကို ဖိုလ်ဟု ခေါ်သည်။
၃။ ရာဂ၊ ဒေါသ၊ မောဟတို့၏ ကင်းဝေးရာ ငြိမ်းအေးမှု ဓာတ်သဘောကို နိဗ္ဗာန်ဟု ခေါ်သည်။
***********************
သူငယ်ချင်းတစ်ယောက်နဲ့ ဂျီတော့ခ်မှာ စကားစမြည်ပြောဆိုမိရင်းနဲ့ တင်ပေးဖို့လိုတယ်လို့ အတွေးပေါက်မိတဲ့အတွက် တင်ပေးလိုက်တာပါ။ ကျွန်တော်တို့တွေ နေ့တိုင်းလိုရွတ်ဆိုကန်တော့နေတဲ့ သြကာသကန်တော့ချိုးကို အနက်အဓိပ္ပါယ် သေသေချာချာ သိနားလည်ထားသင့်တယ်လို့ ထင်လို့ပါ။ သိပြီးသားလူတွေအတွက် ထူးခြားချင်မှ ထူးခြားပါလိမ့်မယ်။ အချို့တွေအတွက်တော့ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်မိကြောင်းပါ။ ----------------[ကိုဉာဏ်]
Saturday, March 06, 2010
သြကာသကန်တော့ချိုး နှင့် ရှင်းတမ်း
Posted by Ko Nyan Posted Time 7:19 PM
Labels စာအုပ်မှတ်စုများ, ဘာသာရေး-Religious
Subscribe to:
Post Comments (Atom)
No comments:
Post a Comment