Saturday, March 06, 2010

သက်ကြီးစကား သက်ငယ်ကြား - ကိုဉာဏ် (ပန်းလောင်မြေ)


အခုဒီစာမှာ ကျွန်တော့်အနေနဲ့ တစ်ဆင့်ခံပြန်ပြောပြမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကြိုတင်ရှင်းလင်းထားလိုပါတယ်။ ဖော်ပြလတ္တံ့သော အကြောင်းတွေဟာ စာအုပ်တွေ၊ အထောက်အထားတွေကနေ ရလာတဲ့အရာတွေမဟုတ်ပါဘူး။ လက်ဘက်ရည်ဆိုင်ထိုင်ရင်း၊ လမ်းမှာဆုံရင်း စကားစမြည်ပြောဆိုကြရင်းက ရှေ့ဖြစ်ဟောင်း အောက်မေ့ဖွယ်တွေကို စပ်မိစပ်ရာ ဟိုမေးဒီမေး၊ ဟိုပြောဒီပြောလုပ်ရင်းက မှတ်မိနေတာလေးတွေကို ပြန်လည်တင်ပြခြင်းသက်သက်သာ ဖြစ်ပါတယ်။ အလေးအနက်ထား ဖတ်ပြီးကာမှ ဘာမှလည်းမဟုတ်ဘူးလို့ စိတ်မငြိုငြင်ကြစေချင်တာပါ။ တချို့ဟာလေးတွေက လုပ်ဇာတ်သဘောလေးတွေပါ၊ တချို့တော့ ပါးစပ်ရာဇ၀င်တွေပါ၊ တချို့အကြောင်းအရာတွေကျပြန်တော့ သူတို့ကြုံခဲ့ရတာကို ပြန်ပြောပြတာတွေပါ။ သြော်... ပြောဖို့မေ့သွားတယ်။ ပြောတဲ့လူတွေအားလုံးဟာ ကျွန်တော့်ထက် အသက်အားဖြင့်၊ အတွေ့အကြုံအားဖြင့် ကြီးရင့်ကြသူ၊ ရှေ့မီနောက်မီတွေ ဖြစ်ကြတာကိုပါ။ အဲဒါကြောင့်လည်း ခေါင်းစဉ်ကို သက်ကြီးစကား သက်ငယ်ကြားလို့ ပေးလိုက်တာပါ။ အားလုံးမဟုတ်ပေမယ့် အချို့သော အကြောင်းအရာတွေကတော့ စိတ်ဝင်စားဖို့ကောင်းမယ်လို့ ယုံကြည်မိကြောင်းပါ။

(၁)
ကျွန်တော်တို့မြို့မှာ အရင်တုန်းက ပသျှူးခေါင်းပြတ်ဂိုဏ်းဆိုတာ တကယ်ရှိခဲ့ဖူးတယ်။ အဲဒီဂိုဏ်းက လူတွေက အစည်းအဝေးမှာ ဘယ်သူ့ကို ဘယ်နေ့မှာ သတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင် အဲဒီနေ့ကျရင် အဲဒီလူကို တကယ်ကို ခေါင်းဖြတ်သတ်ကြတယ်။ သတ်ပြီးတာနဲ့ အရိုးချပြီး ဦးခေါင်းကို သူတို့ဂိုဏ်းဆီကို ယူလာကြရတယ်။ သူတို့တွေက ခေါင်းတွေကို ကိုးကွယ်ကြတယ်လေ။ အဲဒီခေါင်းတွေပေါ်မှာ ဖယောင်းတိုင်ထွန်းတာတွေ၊ အမွှေးတိုင်တွေနဲ့ ပူဇော်တာတွေ လုပ်လေ့ရှိကြတယ်။ အဲဒီခေါင်းတွေကနေ မျက်ရည်တွေဘာတွေ ကျလာတာမျိုးတွေ ဖြစ်တတ်သတဲ့။ အဲဒီအခါ ပသျှူးဂိုဏ်းကလူတွေက တိုင်းပြည်မှာ တစ်ခုခုဖြစ်တော့မယ်၊ စစ်မက်ထူပြောတော့မယ်လို့ ပြောတတ်ကြသတဲ့။ အရေးအခင်းဖြစ်ခါနီးတုန်းကလည်း ပသျှူးခေါင်းပြတ်ဂိုဏ်းမှာ အရိုးခေါင်းက မျက်ရည်ကျတယ်တဲ့။ အဲဒါကြောင့် တိုင်းပြည်မှာ တစ်ခုခုဖြစ်တော့မယ်လို့ သတိပေးခဲ့ကြဖူးတယ်လို့ ပြောကြတယ်။

(၂)
မြို့အ၀င်က ကြိုဆိုပါ၏ဆိုတဲ့ မုဒ်ဦးကြီးက မကြာသေးဘူးဗျ။ ကုန်တင်ကားတစ်စီးက ၀င်တိုက်ပစ်လို့ ပြိုကျသွားတာ။ အဲဒီကောင်းမောင်းတဲ့လူလည်း ထောင်တွေဘာတွေ ကျသွားတယ်ပြောတာပဲ။ အသစ်လုပ်ရင်လည်း ထပ်ပြိုဦးမှာစိုးလို့ မလုပ်ကြတော့ဘူးလို့ ပြောကြတာပဲ။ ဒီလောက်အမြင့်ကြီးလုပ်ထားတဲ့ ကြိုဆိုပါ၏ မုဒ်ဦးကြီးကို ကုန်တင်ကားနဲ့ မလွတ်ဘူးဆိုတော့ ကုန်တင်ကားတွေက ဘယ်လောက်တောင်များ တင်ထားကြသလဲဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။ အခုတော့ ကျွန်တော်တို့မြို့မှာ ကြိုဆိုပါ၏ဆိုင်းဘုတ်လည်းမရှိဘူး၊ အရင်လိုမျိုး ကြိုဆိုပါ၏ မုဒ်ဦးလည်း မရှိတော့ဘူး။ အဲဒါ မကောင်းဘူးဗျ။ အသစ်ပြန်လုပ်သင့်ကြတယ်။

(၃)
ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဦး......... ဆိုတဲ့လူ အခုထိ ရှိသေးတယ်။ အသက်တော့ အတော်ကြီးနေပြီ။ အရင်တုန်းက မြူနီစပယ်ကပေါ့။ ဒီမြို့တစ်ခုလုံးရဲ့ ရေပိုက်လိုင်းတွေနဲ့ ပတ်သက်ရင် သူ့ကို ကြိုက်တာမေးလို့ရတယ်။ ဘယ်အိမ်ကို ရေမလာဘူးဆိုရင် ဘယ်နားမှာပျက်တတ်တယ်၊ ဘယ်နေရာကို ရေမတက်ရင် ဘယ်ပိုက်ကိုလျှော့ပြီး၊ ဘယ်ပိုက်ကို ဖွင့်ပေးရမယ်ဆိုတာ အကုန်သိတယ်။ သူ့ဆီမှာ ရေပိုက်လိုင်းတွေရဲ့ ပုံစံမြေပုံတွေလည်း ရှိတယ်။ ဘယ်ပိုက်က ဘယ်ကိုသွားတယ်၊ ဘယ်ကိုပေးတယ်ဆိုတာကို ကြိုက်တဲ့အချိန် မေးလို့ရတယ်။ အင်္ဂလိပ်တွေက ရေပိုက်လိုင်းကအစ စနစ်တကျ လုပ်သွားခဲ့ကြတာလို့ မကြာခဏပြောလေ့ရှိတယ်။ အခုခေတ်လူတွေပြင်လိုက်တာ အဲဒီလိုင်းတွေလည်း ဘာတွေဖြစ်ကုန်မှန်းမသိဘူးတဲ့။ ဟိုနေရာကဆက်၊ ဒီနေရာကဖြတ်နဲ့ သူ့စနစ်တွေလည်း ပျက်ကုန်ပြီတဲ့။

(၄)
အရင်တုန်းက ဒီမြို့ကို သိပ်တော်တဲ့ ဆေးရုံအုပ်ကြီးတစ်ဦး ရောက်လာဖူးတယ်တဲ့။ ဒီမြို့ကို ရောက်ရောက်ချင်းပဲ ဒီက သောက်ရေနဲ့ပတ်သက်ပြီး စာတမ်းတစ်စောင် ပြုစုတယ်တဲ့။ ဒီမြို့ကရေမှာ ထုံးဓာတ်များတဲ့အတွက် ဘာရောဂါတွေဖြစ်နိုင်တယ် ဘာညာပေါ့။ ဒါပေမယ့် ဒီမြို့က အထင်ကရ စာရေးဆရာကြီးနှစ်ယောက်က ဦးဆောင်ပြီး အဲဒီစာတမ်းကို ကန့်ကွက်ကြပါသတဲ့။ နောက်ဆုံး ဘယ်လောက်အထိ ဖြစ်သွားသလဲဆိုရင် ဒီမြို့က သောက်သုံးရေတွေ မကောင်းကြောင်းစာတမ်းရေးမယ်ဆိုရင် ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီး ပစ်စာတွေရောက်လာတဲ့အထိ ဖြစ်သွားတဲ့အတွက် အဲဒီဆေးရုံအုပ်ကြီးလည်း လက်လျှော့လိုက်ရသတဲ့။

(၅)
ဟိုးအရင်တုန်းက လူကြီးတွေများ ဘယ်လောက်တိကျသလဲဆိုတာ ပြောပြမယ်။ ကျွန်တော့်အဘိုးက ရုံးရောက်တော့မှ နာရီကျန်ခဲ့တာ သတိရလို့ ရုံးကကောင်လေးတစ်ယောက်ကို စာရေးပြီး အိမ်ပြန်လွှတ်လိုက်တယ်။ စာထဲမှာက "ငါ့နာရီ တိုက်ပုံအင်္ကျီထဲမှာ ကျန်ခဲ့တယ်" လို့ ရေးပေးလိုက်တယ်။ အတော်ကြာတော့ လွှတ်လိုက်တဲ့ကောင်လေး ပြန်ရောက်လာတယ်။ အဘွားက စာပြန်ရေးပေးလိုက်သတဲ့။ "အင်းခါ နာကျ သာအေးသွား ခြောက်ကျပ်တစ်မတ်ကုန်" တဲ့။ အဘိုးကလည်း ခေါင်းတညိတ်ညိတ်နဲ့ "အေး၊ အေး" လို့ ပြောသတဲ့။ ခိုင်းလိုက်တဲ့ကောင်လေးကလည်း ဘာတွေရေးပေးလိုက်တာလဲပေါ့။ ကျွန်တော်ဖြင့် ဘာမှကို နားမလည်ပါဘူးလို့ ပြောသတဲ့။ အဲဒီတော့ အဘိုးက ဘာပြောသလဲဆိုတော့ တိုက်ပုံအင်္ကျီခါလိုက်တာ နာရီပြုတ်ကျသွားလို့ သာအေးတို့ဆိုင်မှာ သွားပြင်တာ ခြောက်ကျပ်တစ်မတ် ပေးလိုက်ရတယ်လို့ ရေးပေးလိုက်တာတဲ့။

(၆)
အရင်တုန်းက ရုံးပေါင်းစုံနားမှာ အ၀ိုင်းရှိတယ်ဗျ။ ဒါပေမယ့် ခဏခဏ အဲဒီအ၀ိုင်းကိုတိုက်ပြီး လူတွေသေကြလွန်းလို့ ဖျက်ပစ်လိုက်တာ။ သေတဲ့လူတွေကလည်း ဆေးရုံရောက်ရင် တစ်ပုံစံတည်းပဲ ယောင်ကြသတဲ့။ အင်္ကျီအဖြူဝတ်ကြီးက သူ့ကိုတားနေတယ်။ အင်္ကျီအဖြူဝတ်ကြီးက သူ့ကိုတားနေတယ်လို့ အော်ကြသတဲ့။ သူတို့ပြောတာတော့ စက်ဘီးဖြစ်စေ၊ ဆိုင်ကယ်ဖြစ်စေ၊ ကားဖြစ်စေ စီးလာရင် အဲဒီနေရာနားရောက်ရင် အင်္ကျီအဖြူဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးက လက်ပြပြီး တားတတ်သတဲ့။ ညကြီးဆိုတော့လည်း အဲဒီအမျိုးသမီးကို ရပ်မပေးရဲတော့ သူ့ကိုကြည့်ရင်းကြည့်ရင်းနဲ့ ရှေ့ပြန်ကြည့်လိုက်ရင် အဲဒီနားက စိန်ပန်းပင်ကြီးနဲ့ တိုက်မိကြတာများသတဲ့။

(၇)
ကျွန်တော့်အဘိုးက ဟိုးအရင်က ကုလားရုပ်ရှင်တွေ သိပ်ကြိုက်တယ်။ အဲဒါကြောင့် တစ်ရက်ကျတော့ ကုလားလေးတစ်ယောက်ကို မုန့်တွေဘာတွေကျွေး၊ လက်ဘက်ရည်တွေဘာတွေတိုက်ပြီး ရုပ်ရှင်ဇာတ်ကားကို ဘာသာပြန်ပေးဖို့ ခေါ်သွားသတဲ့။ ရုပ်ရှင်ပြတော့ သီချင်းဆိုတဲ့အခန်းဆိုရင် ဦးလေး... အဲဒါ ကုလားမလေး သီချင်းဆိုနေတာဆိုပြီး လက်တို့သတဲ့၊ စကားပြောခန်းရောက်ရင်လည်း ဦးလေး... အဲဒါ ကုလားမင်းသားက မင်းသမီးကို ရည်းစားစကားပြောနေတာလို့ လက်တို့သတဲ့၊ ငိုတဲ့အခန်းရောက်တော့ ဦးလေး... အဲဒါ ကုလားမလေး ၀မ်းနည်းပြီးငိုနေတာဆိုပြီး လက်တို့ပြီးပြောပြန်ရောတဲ့။ ပန်းခြံထဲမှာ ကကြတဲ့အခန်းဆိုရင်လည်း ဦးလေး... အဲဒါ ကုလားမင်းသားနဲ့ မင်းသမီး ပန်းခြံထဲမှာ ကနေကြတာလို့ လက်တို့ပါသတဲ့။ အဘိုးလည်း အတော်လေးကို စိတ်တိုပြီး "သောက်ကုလား... အဲဒါတွေလောက်တော့ ငါလည်းနားလည်တာပေါ့ကွ" ဆိုပြီး နားရင်းကို ထအုပ်ပါရောတဲ့။

******************
[တစ်ခုခုမေးလိုက်တိုင်း စိတ်လိုလက်ရ ပေါက်တတ်ကရ ရှေးဟောင်းနှောင်းဖြစ်များကို ပြောပြတတ်သော ကိုသက်နိုင်နဲ့ အခြားသော အစ်ကိုကြီးတွေအားလုံးကို ဒီနေရာကနေ ကျေးဇူးပါနော်]

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၆ ရက်၊ စနေနေ့။
ည ၈ နာရီ ၀၂ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics