ဂျပန်သည် ရှေးဦးပိုင်းတွင် စစ်ရေးအောင်မြင်မှု သွက်လက်လျင်မြန်သော်လည်း ၁၃၀၅ ခုနှစ် နောက်ပိုင်းတွင် ရှေ့သို့မတိုးနိုင်ဘဲ ခံစစ်သာ တိုက်နေရလေသည်။ ဂျပန်သည် ယိုးဒယားမှဖြတ်၍ စစ်လက်နက်ပစ္စည်း သယ်ပို့ဆက်သွယ်ရန် သံဖြူဇရပ်မှ ယိုးဒယားသို့ မီးရထားလမ်း ဖောက်လေသည်။ လူများကို ချွေးတပ်ဟူ၍ သိမ်းသွင်းစုဆောင်းကာ တောတောင်အတွင်း အလုပ်ကို မနားမနေခိုင်း၍ အစားအစာနှင့် ဆေးဝါးမလုံမလောက်ဘဲ ဒုက္ခခံနေစေလေသည်။ မိမိတို့ အကျိုးကိုသာကြည့်၍ အင်္ဂလိပ်သုံ့ပန်းများကိုလည်း ရက်စက်စွာ ခိုင်းစေလေသည်။ မြန်မာအလုပ်သမားနှင့် စစ်သုံ့ပန်းပေါင်း ထောင်သောင်းချီ၍ သေကြေဒုက္ခရောက်ရသဖြင့် သေမင်းမီးရထားလမ်းဟူ၍ အမည်တွင်ခဲ့လေသည်။ ဂျပန်သည် အရှေ့အာရှ စစ်အောင်နိုင်ရေးကို အကြောင်းပြကာ ပြည်သူတို့အား အတင်းအကျပ် ခိုင်းစေရုံသာမက စစ်ရေးနိမ့်လာသောအခါ မသင်္ကာသူ လူပေါင်းရာထောင်ကို ရက်စက်ဆုံးသော ညှင်းပန်းမှုများဖြင့် နှိပ်စက်စစ်ဆေးလေသည်။
အိန္ဒိယပြည်ရောက် အစိုးရမှာကား အင်္ဂလိပ်တို့ ပြန်လည်ထိုးစစ်ဆင်၍ မြန်မာနိုင်ငံကို သိမ်းယူနိုင်ခဲ့လျှင် ဆောင်ရွက်မည့် စီမံကိန်းကို ရေးဆွဲနေလေသည်။ မြန်မာနိုင်ငံမှ ဖမ်းဆီးအရေးယူရမည့်သူများကိုလည်း စာရင်းပြုလုပ်နေပေသည်။ သို့ရာတွင် ဖက်ဆစ်ဂျပန်တို့သည် မြန်မာတို့အား ဆက်လက်နယ်ချဲ့ နှိပ်ကွပ်လိမ့်မည်ကို သိရှိထားသော မျိုးချစ်မြန်မာများက အိန္ဒိယသို့ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြလေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်များ၊ မျိုးချစ်ခေါင်းဆောင်များကလည်း ဂျပန်ကို တွန်းလှန်တိုက်ထုတ်မှသာ ဖြစ်တော့မည်ဟု နားလည်ထား၍ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် လျှို့ဝှက်အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ ကြိုတင်စည်းရုံး ပြင်ဆင်လျက်ရှိ၍ ၁၃၀၆ ခုနှစ်တွင် မဟာမိတ် အင်္ဂလိပ်တို့နှင့် ဆက်သွယ်ခဲ့လေသည်။
မြန်မာရာဇ၀င်အကျဉ်း
စာမျက်နှာ - ၉၄ မှ ၉၅
No comments:
Post a Comment