ကောက်မြဲကောက်
လူတစ်ယောက်ရဲ့ ဘ၀တစ်ခုဟာ သစ်ပင်ငယ်ကလေးလိုပဲ၊ ငယ်ငယ်က ဖြောင့်လာမှ ကြီးလာတော့လည်း ဖြောင့်တက်သွားနိုင်တယ်။ ငယ်ငယ်က မဖြောင့်ဘူးဆိုလျှင် ကြီးတော့လည်း မဖြောင့်ချင်တတ်ဘူး။ မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ခွေးကလေး ငယ်ငယ်က အမြီးကောက်တာ၊ ကြီးတော့လည်း ကောက်မြဲကောက်သလိုပေါ့။ များသောအားဖြင့် ပင်ကိုကောင်းတဲ့သူမှ တစ်လျှောက်လုံး ကောင်းတတ်ပါတယ်။
အထက်တန်းရောက်နေလျှင်
အလုပ်တစ်ခုလုပ်လျှင် ကောင်းမကောင်း စိစစ်ပြီး ပြုပြင်လိုက်ကြစမ်းပါ။ သူများကို မနာလိုဝန်တိုဖို့လည်း မလိုဘူး။ အဲဒီစိတ်တွေဖြစ်လျှင် ကိုယ်သာဆင်းရဲရတယ်။ အပြောခံရသူမှာတော့ ဘာမျှမဖြစ်ပါဘူး။ ကိုယ်က အထက်တန်းရောက်နေလျှင် စိတ်ကောင်းလည်း ရှိရတယ်။ အပြောလည်း ခံရမယ်၊ သို့မဟုတ်လျှင် ပြန်ကျသွားနိုင်တယ်။
ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ
သူတော်ကောင်းဆိုတာ မတော်တာကို မတော်ဘူးလို့ ပြောပါ။ စိတ်ဆိုတာ ကောင်းတဲ့အာရုံ အမြဲထုံပေးနိုင်မှ တော်ကာကျတယ်။ သူများချမ်းသာတာကို "ချမ်းသာပါစေ" လို့ ၀မ်းမြောက်လိုက်လျှင် တစ်ဖက်သားမှာ ချမ်းသာတယ် မချမ်းသာဘူးတော့ မသိဘူး၊ ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ။ ဆင်းရဲတဲ့သူနဲ့ တွေ့တော့လည်း ကရုဏာဖြစ်ရမယ်။ အရာရာမှာ မေတ္တာစိတ်ထားပြီး စိတ်ကောင်းထား သည်းခံဖြစ်နိုင်လျှင် အကောင်းဆုံးပဲ။
လူကြီးလို့ အချိန်မစီး
ကိုယ့်အတွက် ကိုယ့်အရွယ်နဲ့ ကိုယ့်ပါရမီတွေ ရလိုက်တာ ကိုက်ရဲ့လားလို့ နေ့စဉ် ချိန်ဆတွက်စစ်ကြည့်ရမယ်။ "လူကြီးလို့ အချိန်မစီး" ဆိုတာလို ဖြစ်မသွားစေနဲ့၊ သတိရှိကြပါ။
မဟာဂန္ဓာရုံဆရာတော်၏ လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ
No comments:
Post a Comment