Sunday, March 07, 2010

အရေအတွက်နောက်မလိုက်နဲ့ အရည်အသွေးအဓိကထား - လူထုစိန်ဝင်း


"အရေအတွက်မှ အရည်အချင်းသို့"
ဒီစကားကို လူတိုင်း ခပ်လွယ်လွယ်ပြောလေ့ရှိကြတယ်။ အရည်အသွေး ကောင်း၊ မကောင်း သိပ်အလေးမထားဘဲနဲ့၊ ပထမအဆင့် အရေအတွက်များများ ရဖို့သာလုပ်၊ နောက်ကျမှ တဖြည်းဖြည်းချင်း အရည်အသွေးတိုးတက်အောင် လုပ်သွားရမယ်ဆိုတဲ့သဘောနဲ့ ပြောဆိုနေကြတာဖြစ်တယ်။

လွယ်လွယ်ပြောနေကြ
အဲဒီလို ခပ်လွယ်လွယ်ပြောတဲ့စကားကို သေသေချာချာ စဉ်းစားသုံးသပ်ကြည့်သူ အင်မတန်နည်းပါတယ်။ ဒီစကားကို ပြင်ပြီးပြောသူဆိုတာတော့ မရှိသလောက်ပါပဲ။ တကယ်တော့ ဒီစကားကို စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်ကြည့်သင့်တယ်။ အရေအတွက်တွေ များလာတဲ့အခါမျာ သူ့အလိုလို အရည်အချင်းဘက်ကို ကူးပြောင်းသွားသလားဆိုတာ လေ့လာဆန်းစစ်ကြည့်သင့်ပါတယ်။

ဂျပန်နမူနာ
ဒီစကားကို ထောက်ခံတဲ့အချက်အနေနဲ့ ဒုတိယကမ္ဘာစစ်ပြီးစ ဂျပန်နိုင်ငံရဲ့စီးပွားရေး ပြန်လည်ထူထောင်ပုံကို ထောက်ပြနိုင်ပါတယ်။ စစ်ပြီးစ ပြာပုံထဲက ကုန်းထဖို့ ကြိုးစားရတဲ့ ဂျပန်နိုင်ငံဟာ စက်ယန္တရားနဲ့ နည်းပညာကောင်းကောင်းတွေ၊ လိုအပ်တဲ့ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေ ထုတ်နိုင်စွမ်းမရှိပါဘူး။ ရှိစုမဲ့စု လက်ကျန်စက်ကိရိယာတွေနဲ့ ရရာကုန်ကြမ်းပစ္စည်းများကိုသုံးပြီး ဖြစ်ပြီးရောသဘောနဲ့ ပေါပေါလောလောပစ္စည်းတွေသာ ထုတ်လုပ်ခဲ့ပါတယ်။

ကြာကြာမခံတဲ့ဂျပန်လုပ်
နိုင်ငံပြန်လည်ထူထောင်ဖို့ လိုအပ်တဲ့ငွေကြေး မြန်မြန်နဲ့များများရဖို့ အဓိကဖြစ်လေတော့ ဈေးပေါပေါနဲ့ ရောင်းချနိုင်တဲ့ ခပ်ညံ့ညံ့ပစ္စည်းတွေ များများထုတ်နိုင်အောင်သာ လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်ဝန်းကျင် ကာလများက မြန်မာလူမျိုးများဟာ ဂျပန်ပစ္စည်းဆိုရင် ဘာပစ္စည်းမှကို မသုံးချင်ကြပါဘူး။ ဂျပန်ပစ္စည်းတွေက ဈေးပေါပေမဲ့ ကြာကြာမခံဘူး၊ ပျက်လွယ်တယ်ဆိုပြီး ပစ်ပယ်ကြပါတယ်။ မြန်မာလူမျိုးများက နှစ်ပေါင်းများစွာ အင်္ဂလန်လုပ်၊ ဂျာမနီလုပ်ပစ္စည်းတွေကိုသာ သုံးခဲ့ကြတဲ့အကျင့်က ဖြစ်နေတာကိုး။

ကွာလတီကူးပြောင်း
၁၉၆၀ ပြည့်နှစ်များအတွင်းကျတော့ ဂျပန်ဟာ အပေါစားပစ္စည်းတွေ ထုတ်လုပ်ရာကနေပြီး နည်းပညာမြင့် အကောင်းစားပစ္စည်းတွေကို ပြောင်းလဲထုတ်လုပ်လာခဲ့ပါတယ်။ ဥပမာ - နာရီဆိုပါတော့။ ၁၉၅၀ ပြည့်နှစ်ကာလများဆီက ဆွစ်ဇာလန်လုပ် အကောင်းစားနာရီတွေဟာ ကျပ် ၁၀၀ ကနေ ကျပ် ၃၀၀ လောက် ရှိနေချိန်မှာ ဂျပန်လုပ်နာရီတွေက ၂၅ ကျပ် ၃၀ လောက်ပဲ ရှိပါတယ်။ ၁၉၆၀ ပြည့်နှစ်များအတွင်းကျတော့ ဂျပန်နာရီတွေက ဆွစ်ဇာလန်လုပ် နာရီတွေရဲ့ ဈေးကွက်ကို ကောင်းကောင်းကြီး အုပ်စီးသွားနိုင်ခဲ့ပါပြီ။ မော်တော်ကားနဲ့ အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေးဘက်မှာလည်း အလားတူပါပဲ။ ဒီနေ့ ဂျပန်က အရည်အသွေးမြင့် ထိပ်သီးနိုင်ငံကြီးဖြစ်နေပါပြီ။

ကွာလတီခေတ်
ဒါက ၁၉၅၀-၁၉၆၀ ပြည့်နှစ်များက အခြေအနေဖြစ်ပါတယ်။ အဲဒီခေတ်က ယှဉ်ပြိုင်ဘက် သိပ်များများစားစား မရှိပါဘူး။ ၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၈၀ ပြည့်နှစ်များ အတွင်းကျတော့ မူလက လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ နိုင်ငံတော်တော်များများဟာ စက်မှုနိုင်ငံများအဖြစ် ရောက်ရှိလာကြပြီး ကုန်ပစ္စည်းများ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလာကြပါတယ်။ ဒီတော့ အရည်အသွေးမြင့် ပစ္စည်းကောင်ဖြစ်ဖို့ အဓိကထားလာကြရပါတယ်။ အဲဒါကြောင့် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ကာလများကို "ကွာလတီခေတ်" အရည်အသွေးခေတ်လို့ ခေါ်ချင်ပါတယ်။

အရေအတွက်နောက် မလိုက်တော့
အဲဒီအရည်အသွေး (ကွာလတီ) ခေတ်ကြီးထဲမှာ အရေအတွက်ကနေ အရည်အချင်းကို ကူးပြောင်းတဲ့လမ်းကြောင်း ဘယ်သူမှ မလိုက်ကြတော့ပါဘူး။ စလုပ်ကတည်းက အရည်အသွေးမြင့် ထုတ်လုပ်ရေးကိုသာ လုပ်ဆောင်ကြပါတော့တယ်။ အီလက်ထရောနစ်ခေတ်၊ ကွန်ပျူတာခေတ်ဖြစ်လေတော့ ဒီလိုလုပ်ဆောင်ဖို့ကလည်း လွယ်ကူနေတာကိုး။ ဥပမာ - တရုတ်ပြည်ရဲ့ တယ်လီဖုန်းဈေးကွက်ကိုကြည့်ပါ။ တရုတ်ပြည်မှာ ဒီနေ့လက်ရှိ လက်ကိုင်ဖုန်းသုံးတဲ့ လူဦးရေက ကြိုးဖုန်းသုံးတဲ့ လူဦးရေထက် အများကြီးပိုပါတယ်။ ၀ါယာကြိုးတွေ၊ ဓာတ်တိုင်တွေရှိမှ သုံးလို့ရတဲ့ကြိုးဖုန်းကို လူတွေက စိတ်မ၀င်စားကြတော့ပါဘူး။ အစုံသုံးလို့ရတဲ့ အဆင့်မြင့်ကွာလတီ လက်ကိုင်ဖုန်းကိုသာ လူတိုင်းသုံးချင်ကြပါတော့တယ်။

မမှန်တဲ့အတွေးအခေါ်
နောက်ပြီးတော့ အရေအတွက်က အရည်အချင်းကို ကူးပြောင်းတယ်ဆိုတဲ့ အတွေးအခေါ်ဟာ မမှန်ဘူးဆိုတာလည်း ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်လာကြပြီ ဖြစ်ပါတယ်။ ဥပမာ- အရည်အသွေးနိမ့် ခပ်ညံ့ညံ့စက်ကြီးတစ်ခု ထုတ်လုပ်ထားတယ်ဆိုပါတော့။ အဲဒီစက်က ထွက်လာတဲ့ပစ္စည်းဟာလည်း အရည်အသွေးနိမ့်ပစ္စည်းပဲ ဖြစ်ဖို့ရှိပါတယ်။ ဘယ်နည်းနဲ့မှ ကွာလတီပစ္စည်း ဖြစ်မလာနိုင်ပါဘူး။

ကုန်ထုတ်သလို ပညာရေး
စစ်တမ်းကောက်ယူမှုတွေအရ အမေရိကန်ကလေးသူငယ်များဟာ သင်္ချာဘာသာရပ်မှာ တောင်ကိုရီးယား၊ တရုတ်တိုင်ပေ၊ စင်ကာပူနိုင်ငံများက ကလေးသူငယ်များရဲ့နောက်မှာ အများကြီး ပြတ်ကျန်နေခဲ့တယ်ဆိုတာ သိရတဲ့အတွက် အမေရိကန်ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီးတွေကိုယ်တိုင်က စက်ရုံထဲက ကုန်ပစ္စည်းတွေ လှိမ့်ပြီးထုတ်သလို ဘွဲ့ရတွေအမြောက်အမြား နှစ်စဉ်ထုတ်ပေးနိုင်ဖို့သာ အဓိကထားတဲ့ တက္ကသိုလ်ပညာရေးစနစ်မျိုးကို ပြန်လည်စဉ်းစားကြဖို့ ကောင်းပြီလို့ ညည်းညူဝေဖန်နေကြပါတယ်။ အရည်အသွေးနိမ့်ကျတဲ့ ဆရာတွေက ဘယ်လိုလုပ်ပြီး ကွာလတီပညာရေးမျိုး သင်ပေးနိုင်မှာလဲလို့လည်း ထောက်ပြကြပါတယ်။

ကျွမ်းကျင်လုပ်သားမွေးထုတ်ပေး
ထိပ်တန်းနိုင်ငံကြီးတွေက နာမည်ကြီး ထိပ်သီးတက္ကသိုလ်ကြီးတွေဟာ ရှေးကလို ပညာတတ်တွေ မွေးထုတ်ပေးဖို့ဆိုတာထက် စီးပွားရေးလုပ်ငန်းကြီးများအတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးဖို့ကိုသာ အဓိကဦးစားပေး လုပ်ဆောင်နေကြတယ်လို့လည်း ပညာရေးသမားစစ်စစ်တွေက ထောက်ပြပါတယ်။ တိုင်းပြည်ထွန်းကားတိုးတက်ရေးအတွက် စတင်ကြိုးပမ်းနေကြရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများဟာ တံလှပ်ကို ရေထင်ပြီး ရွှေသမင်အလိုက်မှားတဲ့ပုံမျိုး မဖြစ်ရအောင် အထူးသတိထားဖို့လိုပါတယ်။ နည်းပညာတွေ အရှိန်အဟုန်ပြင်းစွာ တိုးတက်နေတဲ့ခေတ်ကြီးမှာ အရေအတွက်နောက်ကို လိုက်မနေဘဲ အရည်အသွေး (ကွာလတီ)ကိုသာ ဦးစားပေးကြဖို့လိုကြောင်း နှိုးဆော်လိုက်ရပါတယ်။

လူထုစိန်ဝင်း
မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး
စာမျက်နှာ - ၁၀၇ မှ ၁၁၀

No comments:

Post a Comment

 
Web Statistics