ပွင့်ပွင့်လင်းလင်းပြောရလျှင် မြန်မာနိုင်ငံ၏ "ဈေးကွက်"သည် ယနေ့မှသာလျှင် ဈေးကွက်စီးပွားရေးစနစ်ဆီသို့ ကူးပြောင်းခြင်းဖြစ်သည်။ မကြာသေးခင်ကာလအထိ နိုင်ငံတော် ခေါ် State သည် ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲရေး ရှောရှောရှူရှူဖြစ်စေရန် ကူညီသူမဟုတ်ဘဲ ကိုယ်တိုင်ထောက်ပံ့သူ ဖြစ်နေခဲ့ရာ ထိုသို့ထောက်ပံ့မှုများ မလုံလောက်သည်နှင့်အမျှ "မှောင်ခို" စီးပွားရေး ပေါ်ပေါက်တည်ရှိနေခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ (ဥပမာ - ဒီဇယ်၊ တယ်လီဖုန်း)
ပုဂ္ဂလိကပိုင်ပြုခြင်း၊ ပုဂ္ဂလိကများသို့ လုပ်ပိုင်ခွင့်များ တိုးချဲ့ခွင့်ပြုခြင်းသည် ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲသူများ (တစ်နည်း) ဈေးကွက်အတွက် အလုပ်လုပ်ရန် လွယ်ကူသွားခြင်းဖြစ်သည်။ ပုဂ္ဂလိကများလက်ဝယ်သို့ ရောက်ရှိချိန်တွင် Productive မဖြစ်သူများ ဈေးကွက်မှ ထွက်သွားရမည်ဖြစ်ရာ နှစ်အနည်းငယ်အကြာတွင် စောစောတာထွက်သူများ ပန်းမ၀င်သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကုန်လုပ်စွမ်းအားစုများကို အစိုးရက မထောက်ပံ့တော့ခြင်းကြောင့် အဆိုပါ ကုန်လုပ်စွမ်းအားစုများ ဈေးကြီးသွားတော့မည်ကို ကြိုတင်တွက်ဆထားရန် လိုပေသည်။ လုံလောက်သော Supply မရှိခြင်းကြောင့် ဈေးမြင့်နေသော မော်တော်ယာဉ်နှင့် တယ်လီဖုန်းမှအပ အခြားသော မီတာခ၊ ဖုန်းပြောခ၊ ဒီဇယ်ဈေး၊ ဓာတ်ဆီဈေး စသည်များအားလုံး ဈေးမြင့်သွားမည်မှာ အသေအချာပင်ဖြစ်သည်။ တစ်ဖက်တွင်လည်း ပုဂ္ဂလိကလုပ်ကိုင်ခွင့်များ ကျယ်ပြန့်လာသည်နှင့်အမျှ စီးပွားရေးအခွင့်အလမ်းသစ်များ ပေါ်ပေါက်ခြင်း၊ ထိုမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်ခြင်း၊ ၀င်ငွေတိုးခြင်း၊ ၀ယ်လိုအားတိုးခြင်း၊ ရောင်းလိုအားတိုးခြင်း၊ ထုတ်လုပ်မှုတိုးတက်ခြင်းများကိုလည်း ဖြစ်ပေါ်စေပါလိမ့်မည်။
ဆိုလိုသည်မှာ မျှခြေရောက်သွားချိန်တွင် ကုန်ကျစရိတ်များ မြင့်လာသလို ၀င်ငွေလည်း တိုးတက်ကြလျက် တိုင်းပြည်စီးပွားရေးလည်း တိုးတက်သွားမည်ဆိုသော အချက်ဖြစ်သည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းလုပ်ငန်းစဉ် Transparency နှင့် Accountability ရှိခဲ့၍ Productive ဖြစ်သူများထံ ရောက်ရှိခဲ့လျှင် မျှခြေသို့ အလျင်အမြန် ရောက်နိုင်မည်ဖြစ်ပြီး သို့မဟုတ်ပါက မျှခြေသို့ရောက်ရန် အချိန်တစ်ခု စောင့်ရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ပြည်သူလူထုမျှော်မှန်းသော ဈေးကွက်စီးပွားရေးစနစ်ဆိုသည်မှာ ယနေ့အချိန်တွင် ဖြစ်ခွင့်သာနေပြီဖြစ်သောကြောင့် မည်မျှနောက်ကျသွားသည်ဖြစ်စေ ကြိုဆိုလိုက်ရပါသည်။
The Voice Weekly ဂျာနယ်
အယ်ဒီတာ့အာဘော်
အတွဲ (၆) အမှတ် (၁၈)
Monday, March 8-14, 2010
စာမျက်နှာ - ၎
No comments:
Post a Comment