Sunday, March 07, 2010

အတ္တဗဟိုပြုစဉ်းစားခြင်း (Rational Choice)


နိုင်ငံရေးသိပ္ပံနယ်ပယ်တွင် ယူငင်အသုံးပြုလေ့ရှိသော စီးပွားရေးနယ်ပယ်သုံး သီအိုရီတစ်ရပ်ရှိပါသည်။ ထို Theory ကို Rational Choice Theory ဟု ခေါ်ပါသည်။ Rational Choice သီအိုရီ၏ ဆိုလိုရင်းမှာ လူတို့သည် Rational Thinker ခေါ် အတ္တကို ဗဟိုပြုသူများဖြစ်၍ ရောင်းလျှင် ဈေးအမြင့်ဆုံးရလို၍ ၀ယ်လျှင် ဈေးအနိမ့်ဆုံးဖြင့် ၀ယ်လိုသည်ဟူသော သဘောတရားကို ဆိုလိုခြင်းဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေတွင် Supply Side (ပြဋ္ဌာန်းသူ Sponsor) နှင့် Demand Side ဟူ၍ နှစ်ဖက်ရှိနေသည်ကို အားလုံးအသိ ဖြစ်ပါသည်။ နိုင်ငံရေးဈေးဆစ်မှုများဖြစ်သည့် အခြေခံဥပဒေကိစ္စ၊ ရွေးကောက်ပွဲဥပဒေကိစ္စ၊ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများ ကိစ္စတို့သည် အဆိုပါ Supply Side နှင့် Demand Side တို့အကြားတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။ Rational Choice သီအိုရီအရ Supply Side က အမြင့်ဆုံးဈေး ရလိုမည်ဖြစ်ပြီး Demand Side က ဈေးအသက်သာဆုံး ရလိုမည်ဖြစ်ရာ ထိုသို့သော သဘောတရားကို မြင်တွေ့ရသည်မှာ မဆန်းပြားချေ။

သို့သော် မဟာဗျူဟာရှုထောင့်မှ ကြည့်ရှုခဲ့ပါလျှင် Demand Side သည် ဈေးအသက်သာဆုံးကို ရလိုသည့်အတွက် ဤကိစ္စကို နှိုးဆော်တောင်းဆိုသည့်တိုင် Supply Side သည် ဖြစ်နိုင်လျှင် အမြင့်ဆုံးဈေးနှင့်သာ ရောင်းလိမ့်မည်ဆိုသောအချက်ကို ကြိုတင်တွက်ဆထားရန် လိုအပ်ပေသည်။ Supply Side သည် Demand Side ဘက်မှ မည်သို့ စဉ်းစားနေသည်ကို သိရှိပြင်ဆင်ထားပုံပေါ်သော်လည်း Demand Side သည် Supply Side က မည်သို့ပြုမူလိမ့်မည်ကို မျှော်လင့်ထားပုံ မရသည့်အပြင် ရှိနိုင်သည့်စေတနာထက်ပို၍ အလွန်အကျွံမျှော်လင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးကိစ္စသည် ရေရှည်ကိစ္စဖြစ်၍ ပေါချောင်ကောင်း မရှိသကဲ့သို့ ဈေးပေါင်ကျိုးလည်း ဖြစ်နိုင်ခဲသည်ကို တွေ့ရသည်။ Super Market ကြီးများတွင် ၀ယ်သူက ဈေးဆစ်သည်ကို Super Market ပိုင်ရှင်က မကြားနိုင်သည့် သဘောတရားမျိုးကိုလည်း တွေ့တတ်ပေသေးသည်။

မည်သို့ပင်ဖြစ်စေ Supply Side သည် ဈေးအမြင့်ဆုံးနှင့်သာ ရောင်းလိုသည်ဆိုသော သဘောတရားကို မျှော်လင့်ပြင်ဆင်ထားလျှင် အခြေအနေအရပ်ရပ်သည် Demand Side အတွက် အံ့သြစရာများမရှိဘဲ အသင့်ပြင်ဆင်ပြီး ဖြစ်စေပါလိမ့်မည်။

အယ်ဒီတာ (၁-၃-၂၀၁၀)

အယ်ဒီတာ့အာဘော်
The Voice Weekly ဂျာနယ်
အတွဲ (၆) အမှတ် (၁၈)
Monday, March 8-14, 2010
စာမျက်နှာ - ၇

No comments:

Post a Comment

 
Web Statistics