Sunday, March 07, 2010

ဒီဘိတ် - ယောဂျော်


(၁)
အားချိန်လေးတွေရလာပြီး ဘာလုပ်ရမလဲ စဉ်းစားတော့ စာရေးမယ်လို့ စိတ်ကူးရလိုက်ပါတယ်။ ဟုတ်တယ်လေ။ စာရေးတယ်ဆိုတာ ပင်စင်စားတွေရဲ့ စားကျက်ကြီးပဲမဟုတ်လား။

ခက်တာက ကိုယ်ဘယ်လောက်ရေးရေး ပါချင်မှပါမှာကိုး။ ဒီတော့ လူသိများခေတ်စားတဲ့လိုင်းကို လေ့လာပြီးရေးရင် အယ်ဒီတာတွေက ကြိုက်မှာပဲလို့ အဖြေထွက်သွားပါတယ်။ Hit ဖြစ်တဲ့လိုင်း၊ ပေါ်ပြူလာဖြစ်တဲ့လိုင်းကို လိုက်ဖတ်၊ လိုက်လေ့လာပြီး ရေးရင်စွံမှာပဲ။ ဘာများခေတ်စားနေသလဲ လိုက်စုံစမ်းတော့ ဂိမ်းသီအိုရီတဲ့။

(၂)
Game ဆိုတာ အမျိုးမျိုးရှိတယ်ခင်ဗျ။ တောလည်တာ ၀ါသနာပါသူတွေအတွက်တော့ ဂိမ်းဆိုတာဟာ သားကောင်လို့ အဓိပ္ပါယ်ထွက်ပါတယ်။ ဥပမာ - တောဘဲတို့၊ တောကြက်တို့ပေါ့ဗျာ။ Game Bird လို့ ခေါ်ပါတယ်။ တိုက်ကြက်ကျတော့ Game Cock တဲ့။ သာမန်အားဖြင့်တော့ သမင်၊ ဒရယ်၊ ချေ၊ စိုင်၊ ဆတ်တို့ကို Game ခေါ်တာပေါ့။ စိုင်၊ ပြောင်၊ ကျား၊ ခြင်္သေ့၊ ဆင်တို့ကျတော့ Big Game တဲ့ခင်ဗျ။ He is Game ဆိုတာမျိုးကျတော့ အရှောင်အတိမ်းလေးတွေနဲ့ ဉာဏ်ကစားပြီး ပေါင်းတတ်သူ၊ စိတ်ဝင်စားစရာကောင်းတဲ့သူမျိုးကို ခေါ်ပါတယ်။

နောက် Game တစ်ခုကတော့ ကစားပွဲပေါ့ခင်ဗျာ။ အပြိုင်အဆိုင် လုပ်ကြတဲ့ပွဲပေါ့။ လောင်းကြေးတင်ပြီး ဖဲရိုက်တာ၊ အံစာလှိမ့်တာမျိုးလည်း Game ပါပဲ။ ဟိုဘက်ဒီဘက် အနိုင်ကစားတဲ့ တင်းနစ်တို့၊ ဘောလုံးတို့လည်း ဂိမ်းပါပဲ။

ဂိမ်းသီအိုရီဆိုတာတွေကို ဖတ်ကြည့်တော့ စောစောကပြောခဲ့တဲ့ ဂိမ်းနှစ်မျိုးစလုံးနဲ့ ဆိုင်နေတယ်လို့ ယောဂျော်စဉ်းစားမိပါတယ်။ Classical Example လို့ခေါ်တဲ့ ဂန္ထ၀င်ဥပမာမှာ Prisoners' Dilemma ခေါ်တဲ့ အကျဉ်းသားအကျပ်အတည်းကို ပေးကြလေ့ရှိတယ်။ ပင်စင်ယူခါစက ဖတ်ထားတာဆိုတော့ အတိအကျတွေကို မေ့ကုန်ပါပြီ။ ရာဇ၀တ်မှုကိုငြင်းဆန်ရင် ဘယ်နှနှစ်၊ ၀န်ခံရင် ဘယ်နှနှစ်ဆိုတာမျိုးတွေပါ။ အမှန်တော့ ယောဂျော် မေ့ဖို့မကောင်းဘူး။ ဂိမ်းသီအိုရီကို မိတ်ဆက်ပေးကြတဲ့သူ အားလုံးလိုလိုက ဒီအကျဉ်းသားရဲ့ အကျဉ်းအကျပ်ကိုပဲ ဥပမာပေးနေကြတာကိုး။ အေးလေ မူရင်းအတိုင်း ဘာသာပြန်ပြရမယ့် တာဝန်ရှိနေတော့ ကိုယ်ပိုင်ထွင်လို့ ဘယ်ကောင်းပါ့မလဲ။

(၃)
ဟိုတစ်နေ့က ပို့စ်မောက်ဘောလုံးအသင်းနဲ့ စတုတ်စီးတီးနဲ့လားမသိ ကန်ကြတဲ့ပွဲတစ်ပွဲကို ယောဂျော်ကြည့်ဖြစ်တယ်။ ပို့စ်မောက်က တော်တော်ကြီးအခြေအနေ ဆိုးနေတဲ့အသင်းပါ။ ဒီရာသီ ၂၆ ပွဲလောက် ကန်အပြီးမှာ ငါးဂိုးလား၊ ခြောက်ဂိုးလားပဲ သွင်းနိုင်သေးတယ်။ ဂိုးသမားက အင်္ဂလန်လက်ရွေးစင် ဒေးဗစ်ဂျိမ်းစ်ဗျာ။ ပို့စ်မောက်ကိုယ်တိုင်ကလည်း FA ဖလားရထားတာ ဘာမှမကြာသေးဘူးထင်ပါတယ်။

သနားဖို့လည်းကောင်းပါတယ်။ စတုတ်က ဦးဆောင်ဂိုးသွင်းတယ်။ နောက်တော့ တစ်ယောက်အနီကတ်နဲ့ အထုတ်ခံရပြီး တစ်ဂိုးပြန်ပေးရတယ်။ ပွဲပြီးခါနီးတော့ အဲဒီဆယ်ယောက်နဲ့အသင်းက တန်ပြန်တိုက်စစ်ကနေ သွင်းသွားလို့ ပို့စ်မောက်ကြီး ရှုံးသွားရပါရောလား။

(၄)
အဲဒီမှာ ယောဂျော် ဂိမ်းသီအိုရီကို စဉ်းစားမိတယ်ခင်ဗျ။ ဘောလုံးတစ်သင်းမှာ ကစားသမားရယ်၊ မန်နေဂျာရယ်ဆိုပြီး နှစ်ပိုင်းရှိတယ်။ သူတို့ဆီမှာ မန်နေဂျာ၊ ဒီမှာတော့ နည်းပြပေါ့ဗျာ။ မန်နေဂျာဆိုတာ ကစားကွက်ဖော်ထုတ်ရတဲ့သူ (မူသမား) ဆိုရင် ကစားသမားတွေက ကိုယ်တိုင်ကစားရတဲ့သူ (လူသမား) ဆိုပြီး မူရယ်၊ လူရယ် ရှိမယ်။

ဘောလုံးတစ်သင်းအောင်မြင်ဖို့မှာ မန်နေဂျာကော ဘောလုံးသမားပါ ကောင်းနေဖို့လိုတယ်။ ပို့စ်မောက်ကို ယောဂျော် ဒီလိုစဉ်းစားမိတယ်။
debate.jpg

(၅)
နည်းနည်းတော့ ရှုပ်တယ်ခင်ဗျ။ ပညာရှင်ဆိုတာကလည်း သူပြောချင်တာလေးကို ခန့်ခန့်လေးတော့ လပ်ပြချင်တာကိုး။ ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပြောရရင် ဒီလိုခင်ဗျ။ ပို့စ်မောက်ဘောလုံးအသင်း တိုးတက်လာဖို့
(က) နည်းပြပြောင်း၊ ကစားသမားမပြောင်း Ab
(ခ) နည်းပြမပြောင်း၊ ကစားသမားပြောင်း aB
(ဂ) နည်းပြလည်းမပြောင်း၊ ကစားသမားလည်းမပြောင်း ab
(ဃ) နည်းပြရော ကစားသမားပါပြောင်း AB

ဒီကိစ္စမှာကြည့်ရင် ဂငယ်အမျိုးအစား ab ဆိုတာ သံသယဖြစ်စရာကြီးဖြစ်တယ်။ ဒီမန်နေဂျာကပဲ ဒီကစားသမားတွေ ဆက်ကိုင်မယ်ဆိုရင် ရှုံးပွဲတွေ ဆက်မြဲဆက်နေမှာပဲပေါ့။ ရှုံးနေတာတွေကို ပြင်ချင်ပါတယ်ဆိုပြီးမှ ab ကို ဆက်ကိုင်နေသေးတယ်ဆိုရင်တော့ တစ်ခုခုမှားနေပြီ။

Ab ဆိုတဲ့ နည်းပြပြောင်းမယ်၊ ကစားသမားမပြောင်းဘူး။ (အလွယ်ပြောရရင် မူပြောင်းမယ် လူမပြောင်းဘူး) ဆိုတာမျိုးကကော အလုပ်ဖြစ်ပါ့မလား။ ၂၆ ပွဲမှာ ငါးဂိုးပဲသွင်းနိုင်ခဲ့တဲ့ အသွင်းခံခဲ့ရတာတွေက ဒလဟောဖြစ်နေတဲ့ ဂိုးပေါက်တွေဟာ ဘယ်သူတွေကြောင့်လဲ။ နည်းစနစ်မကောင်းတာချည်း ပြောနေရင် မတရားဘူးဆိုတာ ရှင်းတယ်။ ဒီလိုလူတွေကို ဖာဂူဆန်ကိုင်လို့ကော ကောင်းလာမှာလား။ ဥပမာပေးရရင် ပါမောက္ခချုပ်က ဘယ်လောက်တော်နေနေ အလုပ်ကြမ်းသမားတွေခေါ်ပြီး ဌာနမှူး/ပါမောက္ခခန့်လို့ ရမှာလား။ ခြေမကောင်းလို့ အောက်ဈေးနဲ့ အသင်းညံ့ညံ့မှာ လာကစားနေရတဲ့ ကစားသမားတွေရယ်၊ ပေါချောင်ညံ့မန်နေဂျာရယ်၊ ပို့စ်မောက်ရယ်ဆိုတဲ့ ဇာတ်လမ်းကြီးပါပဲ။

(၆)
နည်းပြကိုတော့ ဆက်ထားမယ်။ ကစားသမားတွေတော့ ပြောင်းမယ်ဆိုတာကို ကြည့်ပါ။ aB Option လို့ ခေါ်ပါတယ်။ ရှေ့တန်းကောင်းကောင်း ရှာလဲရင် ဂိုးသွင်းခြေတက်လာမယ်၊ ဂိုးတွေသွင်းနိုင်လာမယ်၊ အလယ်တန်းကောင်းရင် အချိတ်အဆက်မိပြီး ရှေ့တန်းကို ပံ့ပိုးပေးနိုင်မယ်၊ နောက်တန်းကိုလည်း ပိုပြီးခိုင်မာအောင် ကူညီပေးနိုင်မယ်၊ နောက်တန်းကို ပြုပြင်ပေးနိုင်ရင် ဂိုးအ၀င်နည်းမယ်။ ဂိုးသမားကတော့ ဒေးဗစ်ဂျိမ်းစ်ဆိုတော့ အိုကေပါတယ်။ နောက်တန်းညံ့လွန်းလို့သာ သူ့ခမျာ နာမည်ပျက်နေရရှာတာ။

သို့သော် ဘောလုံးတစ်သင်းမှာ နည်းပြဟာ အရေးကြီးသဗျ။ ဘောလုံးသမားတွေကကောင်းပြီး နည်းပြက ဘာမှမစွံရင်ခက်မယ်။ ဦးပဉ္စင်းတွေက ဓမ္မာစရိယလောက် အနည်းဆုံးဖြစ်နေတဲ့အချိန်မှာ ကျောင်းထိုင်ကိုယ်တော်က မင်္ဂလသုတ်တောင် အလွတ်မရဘူးဆိုတာမျိုးတော့ မကောင်းဘူး။ ပါမောက္ခက ပီအိပ်ခ်ျဒီတွေ၊ ပါမောက္ခချုပ်က တက္ကသိုလ်တောင် မတက်ဖူးဘူးဆိုတာမျိုး ဘယ်ဖြစ်မလဲ။

ဒီတော့ aB Option လည်း မစွံပါဘူး။

ကိုင်းနောက်ဆုံးကျန်တဲ့ AB Option ကို ကြည့်ကြပါစို့။ အဲဒီ Option ကို စဉ်းစားတိုင်းမှာ ကျွန်တော့်ရဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မြို့တော်ခန်းမမှာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ က ပြောကြားခဲ့တဲ့ နောက်ဆုံးမိန့်ခွန်းကို သတိရပါတယ်။ ....... ခင်ဗျားတို့ရဲ့ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီလို့ ကျုပ်ဒီနေရာက မှာခဲ့မယ်....။ နည်းပြဆရာကလည်း ဒါဒါပဲ။ ကစားသမားကလည်း ဒါဒါပဲဆိုရင်တော့ အရင်နည်းစနစ်ဟောင်းတွေနဲ့ပဲ လည်နေပြီး ဂိုးသွင်းနိုင်မှာလည်းမဟုတ်၊ ဂိုးပေါက်ကြီးကလည်း ဟင်းလင်းပွင့်နေဦးမှာပဲ။

ယောဂျော်ရဲ့ ဂိမ်းသီအိုရီအရဆိုရင်တော့ AB Option ပဲ အကောင်းဆုံး။ နည်းပြရော ကစားသမားပါပြောင်းမှ ပို့စ်မောက်အသင်းဟာ တန်းဆင်းဇုန်က လွတ်မယ်။

ယောဂျော်ရဲ့ ဂိမ်းသီအိုရီလို့ ပြောလိုက်တာကို အမဲလိုက်တဲ့ တောကြက်၊ တောဘဲပစ်ခတ်တဲ့ သီအိုရီလို့ထင်မှာစိုးလို့ ပြီးတော့ ဂိမ်းသီအိုရီဆိုတာမှာ အဲဒီလို မသတီစရာအမှုတွေလည်း သက်ဆိုင်တယ်လို့ ထင်မှာစိုးလို့ ရှေ့ဆုံးမှာပဲ ကြိုတင်ပလ္လင်ခံခဲ့ပြီးပါပြီ။ ဒါကြောင့် ယောဂျော်ရဲ့ ဂိမ်းသီအိုရီဆိုတာ ပို့စ်မောက်အသင်း ပြုပြင်ရေးအတွက် အဆိုပြုချက်သက်သက်လို့ ယူဆကြရန် ဖြစ်ပါသည်ခင်ဗျာ။

The Voice Weekly ဂျာနယ်
အတွဲ (၆) အမှတ် (၁၈)
Monday, March 8-14, 2010
စာမျက်နှာ - ၁၆

No comments:

Post a Comment

 
Web Statistics