(၁)
အခုတလော ရုပ်မြင်သံကြားအစီအစဉ်တွေကို အချိန်ပေးပြီး ထိုင်ကြည့်နေမိတယ်။ သီချင်းတွေကြည့်တယ်၊ သတင်းလာရင်နားထောင်တယ်၊ ဇာတ်လမ်းတွဲတွေလာရင်တော့ ပိတ်ပစ်လိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်နိုင်ပါဘူး။ တစ်နိုင်ငံလုံး ဒီလောက်သည်းသည်းလှုပ်ဖြစ်နေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေ၊ တရုတ်ဇာတ်လမ်းတွဲတွေကို ကျွန်တော်က ဘာကြောင့် အလာ့ဂျစ်ဖြစ်နေရတယ်မသိဘူး။ အသက်အရွယ်ကြောင့်ပဲ ထင်ပါရဲ့။ ငယ်ငယ်တုန်းကတော့ အိုရှင်း ဇာတ်လမ်းတွဲတို့၊ ၀ူခုန်းရဲ့ အနောက်အရပ်သို့ ခရီးသွားခြင်းတို့၊ ပေါင်ချိန်ဇာတ်လမ်းတွဲတို့ကို မက်မက်မောမော၊ နှစ်နှစ်ခြိုက်ခြိုက် စောင့်ကြည့်ခဲ့ဖူးတာပါပဲ။ အခုတော့ ကိုရီးယားဇာတ်လမ်းတွဲဆိုတဲ့ အသံကြားရင်ကို ဘာဖြစ်လို့လဲမသိဘူး၊ စိတ်ထဲမှာ အလိုလိုအမြင်ကတ်နေမိတယ်။
(၂)
တစ်လက်စတည်း ရုပ်မြင်သံကြားအစီအစဉ်တွေကြည့်တော့ သဘောအကျဆုံးက ကြော်ငြာအစီအစဉ်တွေပေါ့။ ရုပ်မြင်သံကြားမကြည့်ဖြစ်တာ အတော်ကြာပြီဆိုတော့ ဟိုးအရင်က ကြည့်ဖူးတဲ့ ကြော်ငြာအဟောင်းတွေကလွဲရင် အားလုံးက အသစ်တွေချည်းပဲ ဖြစ်နေတော့တာပေါ့။ ဘာပစ္စည်းတွေ ကြော်ငြာသလဲဆိုတာကို ကျွန်တော်မမှတ်မိဘူး။ ဘယ်မင်းသမီးက ဘယ်လိုအမူအရာလုပ်တတ်တယ်၊ ဘယ်မင်းသားက ဘာစတိုင်လ်လုပ်တတ်တယ်၊ ဘယ်သူကတော့ ကြော်ငြာအများဆုံးပဲ စတာတွေပဲ သတိထားမိတယ်။ ကြည့်နေရင်းနဲ့ စိတ်တိုရတာများပါတယ်။ စလောင်းကလာတဲ့ အစီအစဉ်တွေကို မကြာခဏ ကြည့်ဖြစ်နေတော့ ကိုယ့်မြန်မာကြော်ငြာက ဘယ်နိုင်ငံခြားကြော်ငြာကို ပုံတူကူးချထားတာဆိုတာ သိနေတာကိုး။ မရှက်ကြဘူးလား မသိပါဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်စရိုက်နဲ့ ကိုက်ညီပြီး ကိုယ့်လူမျိုးတွေ စိတ်ဝင်စားအောင် မဆန်းသစ်၊ မတီထွင်နိုင်ကြတော့ဘူးလားလို့ မေးချင်လိုက်တာမှ တစ်ကိုယ်လုံးကို သေနေတာပဲ။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူး၊ ကြားခဲ့ဖူး၊ အလွတ်ရခဲ့ဖူးတဲ့ "ဟေ့... သူငယ်မရာ... ချောလို့၊ ၀လို့၊ လှလို့ကွာ... သြော်... တကယ်ပဲဗျာ... အသားလေး ၀င်းဝါ၀ါ... ဘာကြောင့်ကွယ် ဒီလောက်တောင်များ.... လှနေရသလဲကွာ.... ရွှေမှုန်စားလို့လား၊ ငွေမှုန်စားလို့လား.... မဟုတ်ရပါအစ်ကိုကြီးရာ......" ဆိုတဲ့ ကြော်ငြာလေးထဲက ဧရာနဲ့ မျိုးသန္တာထွန်းကိုပဲ မျက်စိထဲ ပြေးပြေးမြင်နေမိတယ်။ တော်လိုက်ပါဘိ ကေသီပန်ကြော်ငြာဖန်တီးသူများရယ်။
(၃)
မနေ့ညက မန္တလေးFM ကို ဖွင့်လိုက်တဲ့အချိန်မှာ လန့်သွားမိတယ်။ အခြားကြောင့်မဟုတ်ပါဘူး။ အင်္ဂလန်ပရီမီးယားလိဂ်ပွဲစဉ်တစ်ခုကို တိုက်ရိုက်အသံလွှင့်နေလို့ပါ။ သူတို့လွှင့်တာဆိုပေမယ့် ဘောလုံးပွဲကြေညာနေသူတွေက MRTV-4 ကဆိုတာကို ကြားတာနဲ့ သိလိုက်တယ်။ ဘောလုံးပွဲကြည့်ရင် Mute နှိပ်၊ အသံပိတ်ပြီး ကြည့်ရတဲ့အထိ ပါးစပ်စွမ်းထက်တဲ့ ကျေးဇူးရှင်တွေပေါ့။ ထားပါတော့... ပြောချင်တာက မန္တလေးအက်ဖ်အမ်ကနေ ဘောလုံးပွဲကို တိုက်ရိုက်အသံလွှင့်မှုကိုပါ။ အရင်စနေရက်တွေတုန်းက ကိုယ်ကပဲ မန္တလေးအက်ဖ်အမ်ကို မဖွင့်မိလို့များ ဒီအစီအစဉ်ကို မသိတာလားလို့ ဇဝေဇ၀ါ ဖြစ်မိပါတယ်။ အခုမှ စလွှင့်တဲ့ အစီအစဉ်အသစ်လည်း ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ဘက်ကကြည့်ရင်တော့ ကြိုဆိုပါတယ်။ အစီအစဉ်သစ်တွေ တီထွင်ထုတ်လွှင့်တာဟာ ကောင်းတဲ့လက္ခဏာပဲပေါ့။ လူတိုင်းလူတိုင်းက စလောင်းကြည့်နိုင်တာမှ မဟုတ်တာပဲ။ ဘောလုံးပွဲဝါသနာပါတဲ့ လူတွေအတွက်ဆိုရင်တော့ ကိုယ်တိုင် မကြည့်ရပေမယ့် ရေဒီယိုကနေ အသံနားထောင်ပြီး အာသာဖြေလို့ရတာပေါ့လေ။ အထူးသဖြင့် ဘောလုံးပွဲလာတဲ့အချိန်မှာ အလုပ်လုပ်နေရတဲ့ ဘောလုံးဝါသနာရှင် တက္ကစီမောင်းတဲ့လူတို့၊ ဆိုက္ကားသမားတို့၊ စက်ရုံညဆိုင်းအလုပ်သမားတို့ အတွက်ဆိုရင်တော့ အတော်လေးကို ကျေနပ်ကြမယ့် ထုတ်လွှင့်မှု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ဆက်တွေးနေမိတယ်။ အင်္ဂလန်ပရီမီးယားလိဂ် ဘောလုံးပြိုင်ပွဲရဲ့ အရှိန်ဟာ ဘယ်လောက်ထိအောင် ပျံ့နှံ့နေပြီလဲ ဆိုတာကိုပါ။ ဘာကြောင့်လဲဆိုတာကိုလည်း စဉ်းစားစရာကောင်းလှပါတယ်။ မန္တလေးဂျီတီအိုင်တက်တုန်းက ဆရာတစ်ယောက်က ပြောဖူးတယ်။ "ပြဒါးသေရင် တစ်ဆွေဝတယ်၊ သံသေရင် တစ်ပြည်ဝတယ်" တဲ့။ ဟုတ်ကဲ့.... ကျွန်တော်လည်း အခုတော့ ထပ်တိုးပြီး စဉ်းစားနေရပြီ။ အဲဒီဆရာကိုလည်း ပြေးမေးချင်လိုက်တာဗျာ။ "ဘော(ဘောလုံး)သေရင် ဘယ်လောက်ဝမလဲ" လို့ပါ။
(၄)
အို...လူသား ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ ဆောင်းပါးဂယက်က ကျွန်တော့်မှာ အခုထိ မပြီးသေးဘူးခင်ဗျ။ အဲဒီဆောင်းပါးကိုဖတ်ပြီး သဘောကျတဲ့လူတွေ ရှိသလို၊ သဘောမကျတဲ့ အလိုမတူတဲ့လူတွေကလည်း ပြောင်ပြောင်တင်းတင်းကို ထောက်ပြပြောဆိုကြပါတယ်ခင်ဗျ။ ကျွန်တော့်မှာလေ စိတ်မဆိုးတဲ့အပြင် ကျေးဇူးတွေတောင် တင်မိပါရောလား။ ရွဲ့နေတာမဟုတ်ပါဘူး။ တကယ်ကို ကျေးဇူးတင်တာပါ။ သူတို့တွေ ကျွန်တော့်ကို ပြောပြကြတဲ့ နံပါတ်တွေအကြောင်း၊ ဒေသအလိုက် ယုံကြည်မှုတွေအကြောင်းတွေက အတော်လေးကို စိတ်ဝင်စားစရာကောင်းတယ်ခင်ဗျ။ အထူးသဖြင့် "ကိုး" ဂဏန်းနဲ့ ဒေသတစ်ခုက ဓလေ့တစ်ခုအကြောင်းက ကျွန်တော့်အတွက် စိတ်ဝင်စားဖွယ်အတိပါပဲ။ တခြားသော အရောင်တွေနဲ့ပတ်သက်လို့ ပြောတာတွေလည်း စုံမှစုံပါပဲ။ အဲဒီပို့စ်ကို ရေးမိတဲ့အတွက် ကိုယ့်ဘာသာကိုယ် အတော်လေးကို ကျေးဇူးတင်မိသေးတယ်။ ဟုတ်တယ်... အဲဒီပို့စ်သာ မရေးမိရင် စောစောကပြောတဲ့ အကြောင်းအရာတွေကို ကျွန်တော်သိခွင့်ရမှာမဟုတ်ဘူး။ ဘယ်သူကမှလည်း ကျွန်တော့်ကို တကူးတကန့် ပြောပြကြမှာမဟုတ်ဘူး။ အခုတော့ ကျွန်တော့်မှာ စာအုပ်တွေဖတ်စရာမလိုဘဲ အခြားသော အရပ်ဒေသတွေဆီကို ရောက်သွားရတယ်၊ အရောင်တွေအကြောင်း၊ ဂဏန်းတွေအကြောင်းကိုလည်း ကျွန်တော်မသိသေးတာတွေကို သိခွင့်ရလိုက်တယ်။ ပြောရရင်တော့ ကျွန်တော့်အတွက် ရေးစရာတွေ ရလိုက်တယ်ဆိုပါတော့ဗျာ။ စာရေးနေတဲ့ လူတစ်ယောက်အတွက် စာရေးဖို့ ကုန်ကြမ်းရတာဟာ ဘယ်လောက်ပျော်ရွှင်ကျေနပ်ဖို့ ကောင်းတယ်ဆိုတာ ကြုံဖူးတဲ့လူတွေ သိကြမှာပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၇ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၃ နာရီ ၀၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment