မြန်မာနေရှင်နယ်လိဂ် ၂၀၁၀ ပြိုင်ပွဲများကို စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ မန္တလေးမြို့၊ ဗထူးကွင်းမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်မှာဖြစ်ပြီး ပွဲဦးထွက်အဖြစ် လက်ရှိချန်ပီယံ ရတနာပုံအသင်းနဲ့ အိမ်နီးချင်းပြိုင်ဘက် ဇေယျာရွှေမြေအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့မှာတော့ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ဖွင့်ပွဲအခမ်းအနားနဲ့အတူ ကမ္ဘောဇအသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ပွဲစဉ်ဇယားတွေ မဲခွဲမှုအတွက် ဆီဒင်နံပါတ်တွေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရတနာပုံအသင်းက ဆီဒင်နံပါတ် (၁) နဲ့ ရန်ကုန်ယူနိုက်တက်အသင်းကိုတော့ ဆီဒင်နံပါတ် (၁၁) ကြိုတင်သတ်မှတ်ပေးထားပြီး ဖြစ်တဲ့အတွက် အဆိုပါနှစ်သင်းကတော့ ဆီဒင်နံပါတ်အတွက် မဲနှိုက်စရာမလိုခဲ့ဘူးလို့ သိရပါတယ်။ ရန်ကုန်သုဝဏ္ဏကွင်းနဲ့ မန္တလေးဗထူးကွင်းမှာ အဆင်ပြေပြေ ကျင်းပနိုင်ဖို့အတွက် စီစဉ်ခဲ့ကြတာ ဖြစ်ပုံရပါတယ်။ ရတနာပုံအသင်းရဲ့ ပွဲစဉ်တွေအားလုံးကို မန္တလေးဗထူးကွင်းမှာ ယှဉ်ပြိုင်ခွင့်ရမယ်ဆိုတဲ့အတွက် လက်ရှိချန်ပီယံအတွက် အားသာချက်တွေ အများကြီးရှိလာမယ်လို့ ယူဆရပါတယ်။
အသင်းတိုင်းကလည်း အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားကြတာဖြစ်လေတော့ မနှစ်ကထက်ပိုပြီး အကြိတ်အနယ်ရှိ စိတ်ဝင်စားစရာကောင်းမယ်လို့ မျှော်လင့်ရတာပါပဲ။ အထူးသဖြင့် ရတနာပုံအသင်းကပဲ ခြေစွာနေတာကို အခြားအသင်းတွေအနေနဲ့ ဘယ်လိုမီအောင် လိုက်ကြမလဲဆိုတာဟာ စိတ်ဝင်စားစရာပါ။ ရတနာပုံအသင်းကလည်း တစ်နှစ်နဲ့တစ်နှစ် မတူအောင်ကို နိုင်ငံခြားကစားသမားတွေ ပြောင်းလဲကစားနေတာကို တွေ့ရပါတယ်။ သေချာတာကတော့ အရင်ကစားသမားတွေထက် ပိုမကောင်းရင်၊ ပိုပြီးစိတ်ကြိုက်မဖြစ်ရင် အသစ်ခေါ်ယူမှာ မဟုတ်ဘူးဆိုတာပါပဲ။ အခြားအသင်းတွေအနေနဲ့ ကိုယ့်ပြည်တွင်းအသင်းက ရောင်းလိုက်တဲ့ (စာချုပ်ဖျက်သိမ်းလိုက်တဲ့) နိုင်ငံခြားကစားသမားတွေကိုပဲ ပြန်ခေါ်ပြီး စာချုပ်ချုပ် လုပ်နေကြတဲ့အချိန်မှာ ရတနာပုံအသင်းကတော့ အသစ်တွေရအောင် ခေါ်ယူနေတာ တွေ့ရပါတယ်။
ရန်ကုန်ယူနိုက်တက်ကလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြင်ဆင်စုဖွဲ့နေတာကို တွေ့ရပါတယ်။ ကိုယ့်မြေမှာ ကန်ရပါလျက်နဲ့ ပြီးခဲ့တဲ့ ဖလားနှစ်ခုလုံးကို လက်ဝယ်ပိုင်ပိုင် ကိုင်ခွင့်မရတာကို မခံချိမခံသာ ဖြစ်နေမှာအမှန်ပါပဲ။ အဲဒီအတွက် ပြည်တွင်းကစားသစ်တွေကိုခေါ်၊ နိုင်ငံခြားကစားသမားသစ်တွေကို စာချုပ်ချုပ်ဆိုခေါ်ယူမှုလုပ်ပြီး အသေအချာကို ပြင်ဆင်နေပါတယ်။
၂၀၀၉ အမှတ်ပေးပြိုင်ပွဲမှာ လက်တစ်ကမ်းအလိုကနေ နှုတ်ဆက်လက်ပြလိုက်ရတဲ့ ဒယ်လ်တာအသင်းကလည်း သူ့အိုးနဲ့သူ့ဆန်တော့ တန်အောင်ပြင်နေပါတယ်။ ဦးခင်မောင်ကြိုင် နုတ်ထွက်သွားတာဟာ သူတို့အသင်းအပေါ် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိမလဲဆိုတာဟာ စိတ်ဝင်စားစရာပါ။ ဖလားအတွက် မပြောနိုင်ပေမယ့် ချန်ပီယံမျှော်မှန်းတဲ့ အသင်းတွေအတွက်တော့ ပြိုင်ဘက်ကောင်းတစ်သင်း ဖြစ်လာမယ်ထင်မိပါတယ်။
ဦးခင်မောင်ကြိုင်ရောက်ရှိမှုနဲ့အတူ နိုင်ငံခြားကစားသမားတွေ မပါသေးဘဲ ပြည်တွင်းကစားသမားတွေနဲ့ပဲ ယှဉ်ပြိုင်မယ့် ကမ္ဘောဇအသင်းကိုတော့ အတော်ကြီးကို စိတ်ဝင်စားနေမိပါတယ်။ ပြီးခဲ့တဲ့ နှစ်ကြိမ်လုံးမှာ ပြည်တွင်းကစားသမားတွေနဲ့သာ စုဖွဲ့ယှဉ်ပြိုင်ခဲ့ပေမယ့် အဆင့်တစ်ခုကို ထိုက်ထိုက်တန်တန် ပြသနိုင်ခဲ့ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းကို လက်ရွေးစင်တွေအများဆုံး ပြန်ပြန်လွှတ်နေရတာဟာ သူတို့အသင်းရဲ့ အဓိကအားနည်းချက် ဖြစ်မယ်ထင်ပါတယ်။ အသင်းအတွက် ဂုဏ်ယူစရာဖြစ်ပေမယ့် ဒီကစားသမားတွေကပဲ ကလပ်မှာရော၊ နိုင်ငံအတွက်ပါ ကစားပေးနေရတဲ့အခါ ရက်ခြားဆိုသလို ယှဉ်ပြိုင်ရတဲ့ ပွဲပန်းမှုဒဏ်ကို ကမ္ဘောဇအသင်း ခံနေခဲ့ရတာပါ။
အခြားအသင်းတွေကလည်း သူတို့အထွာနဲ့သူတို့ ပြင်ဆင်နေကြပေမယ့် ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်၊ ဒယ်လ်တာ စတဲ့အသင်းတွေနဲ့ ယှဉ်လိုက်ရင် ပြင်ဆင်မှုတွေဟာ နည်းနည်းများ အားလျော့နေသလားလို့ပါ။ စိတ်ဓာတ်ကိုအရင်းတည်ပြီး အနိုင်မခံအရှုံးမပေး ယှဉ်ပြိုင်ကြမှာဆိုပေမယ့် ချန်ပီယံဆုအတွက်ကတော့ သေသေချာချာပြင်ဆင်မှသာ စိန်ခေါ်နိုင်မယ်လို့ မြင်မိပါတယ်။
ဘာပဲဖြစ်ဖြစ် အခုဆိုရင် မြန်မာနေရှင်နယ်လိဂ်ဟာ အတန်အသင့်တော့ အတွေ့အကြုံရလာခဲ့ပြီ၊ အရှိန်ရလာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ယခင်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေအရ ဒီနှစ် ၂၀၁၀ ပြိုင်ပွဲမှာ ပိုမိုကောင်းမွန်အောင် စီစဉ်ဆောင်ရွက်သွားနိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။ ပရိသတ်တွေအနေနဲ့ကလည်း အထိုက်အလျောက် တည်ငြိမ်ရင့်ကျက်မှုတွေကို ပြသလာနိုင်လိမ့်မယ်၊ ယဉ်ကျေးပျူငှာပြီး စည်းကမ်းရှိတဲ့လူမျိုးတွေဖြစ်ကြောင်း ဘောလုံးပွဲတွေကနေ ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။
ကြိုဆိုပါတယ် မြန်မာနေရှင်နယ်လိဂ် ၂၀၁၀။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၇ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၅၄ မိနစ်တွင်ပြီး၏။
ယှဉ်ပြိုင်မည့် ပွဲစဉ်ဇယား
၁၃-၃-၂၀၁၀ (စနေနေ့)
ရတနာပုံ နှင့် ဇေယျာရွှေမြေ
၁၄-၃-၂၀၁၀ (တနင်္ဂနွေနေ့)
ကမ္ဘောဇ နှင့် ရန်ကုန်ယူနိုက်တက်
၁၄-၃-၂၀၁၀ (တနင်္ဂနွေနေ့)
ဇွဲကပင် နှင့် မကွေး
၁၅-၃-၂၀၁၀ (တနင်္လာနေ့)
မနောမြေ နှင့် ဥဿာယူနိုက်တက်
၁၆-၃-၂၀၁၀ (အင်္ဂါနေ့)
နေပြည်တော် နှင့် ဆောက်သမ်းမြန်မာ
၂၀-၃-၂၀၁၀ (စနေနေ့)
ရတနာပုံ နှင့် ဥဿာယူနိုက်တက်
၂၀-၃-၂၀၁၀ (စနေနေ့)
ဇေယျာရွှေမြေ နှင့် မကွေး
၂၁-၃-၂၀၁၀ (တနင်္ဂနွေနေ့)
မနောမြေ နှင့် ဆောက်သမ်းမြန်မာ
၂၁-၃-၂၀၁၀ (တနင်္ဂနွေနေ့)
ဇွဲကပင် နှင့် ရန်ကုန်ယူနိုက်တက်
၂၂-၃-၂၀၁၀ (တနင်္လာနေ့)
ကမ္ဘောဇ နှင့် ဒယ်လ်တာယူနိုက်တက်
No comments:
Post a Comment